ဆင်းရဲသောတိုင်းပြည်များက သဘာဝပတ်ဝန်းကျင် ပိုထိန်းရန် လိုသည်

0
791

ဆင်းရဲသောတိုင်းပြည်များက သဘာဝပတ်ဝန်းကျင် ပိုထိန်းရန် လိုသည်ဟူသည့် ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော်ကို သြဂုတ်လ ၅ ရက်ထုတ် တနင်္သာရီ အပတ်စဉ် အတွဲ ၆ အမှတ် ၅၁ တွင် ဖော်ပြပြီး ဖြစ်ပါသည်။ သို့သော် ယခုအပတ်တွင် အထက်ပါ အာဘော်နှင့် ခေါင်းစဉ်တူသော်လည်း အကျယ်တ၀င့်ရေးသားထားသည့် ဆောင်းပါးကို တိုင်းအတွင်း စာဖတ်သူများ သဘာဝပတ်ဝန်းကျင်အရေးနှင့် ပတ်သက်ပြီး ဆ၀ါးတွေးတောနိုင်ရန် ဖော်ပြလိုက်ပါသည်။

တစ်ခါခါ အမှတ်တမဲ့ အရိုးစွဲထင်မြင် နေတတ်သည့် အရာတစ်ခုမှာ သဘာဝ ပတ်ဝန်းကျင်ထိန်သိမ်းရေးမှာ ချမ်းသာသော နိုင်ငံများနှင့်သာ ဆိုင်သကဲ့သို့ ဖြစ်သည်။ စွမ်းအင်ချွေတာရေးနည်းလမ်းများ၊ သဘာ၀၀န်းကျင်ကို မထိခိုက်စေသော နေထိုင်စားသောက်ပုံစံများ၊ စီမံအုပ်ချုပ်ရေးပုံစံများကို ငွေကြေး ကြွယ်ဝချမ်းသာသော နိုင်ငံများတွင် ကျင့်သုံးကြပုံကို မီဒီယာများမှ တစ်ဆင့် အမြဲမပြတ် တွေ့ရလေ့ရှိသည်။

ချမ်းသာသော နိုင်ငံများသည် ငွေ ကြေးတတ်နိုင်သဖြင့် ထိုသို့သော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းလမ်းများ လုပ်ဆောင်နိုင်ကြသည်။ ဆင်းရဲသော နိုင်ငံများမှာ သူ့ပြဿနာများနှင့် သူ လုံးပန်းနေရတတ်ပြီး သဘာဝပတ်ဝန်း ကျင်ထိန်းရေးဘက်ကို ဦးစားမပေးနိုင် ရှာလှပေ။ ထိုကြောင့်ပင်လျှင် သာမန်လူတို့၏ အမြင်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုသည်မှာ ချမ်းသာ သူများ၊ ချမ်းသာသောနိုင်ငံများနှင့်သာ ပိုဆိုင်သည်ဟု ပိုထင်သွားတတ်သည်။

ယင်းအယူသည် တက်တက်စင် အောင် လွဲသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ကမ္ဘာတစ်ဝန်းလုံးအတွက် အရေးကြီးသည်မှာ မှန်သည်။ သို့သော် ဆင်းရဲသော နိုင်ငံများက ၎င်းတို့၏ နိုင်ငံသူ၊ နိုင်ငံသား နိုင်ငံအကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်ကို ပိုထိန်းရန် လိုပါသည်။

အကြောင်းအချက်များစွာအနက် နှစ်ချက်ကို အလေးပေး ဖော်ပြလိုပါသည်။

ပထမအကြောင်းရင်းမှာ ငွေကြေး ဆင်းရဲသော နိုင်ငံများသည် မိမိတို့ နေ့စဉ် နေထိုင်စားသောက်လုပ်ကိုင်မှု အတွက် သဘာဝပတ်ဝန်းကျင်ကို အဓိက မှီခို နေရသောကြောင့် ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်နှင့် ဆင်းရဲ ခြင်းမှာ များစွာ အပြန်အလှန် ဆက်စပ်နေသည်။ ဆင်းရဲသော နိုင်ငံများတွင် များစွာသော မိသားစုများမှာ ၎င်းတို့၏ နေ့စဉ် စားဝတ်နေရေးအတွက် သဘာဝပတ်ဝန်း ကျင်ကို များစွာ မှီခိုနေရခြင်းကြောင့် ဖြစ်သည်။

ဆင်းရဲသောနိုင်ငံများတွင် အဓိက စီးပွားရေး ပုံစံမှာ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ငါးဖမ်းခြင်း စသည့် သဘာဝပတ်ဝန်း ကျင်နှင့် ဂေဟစနစ်အပေါ် များစွာ မှီခိုရသော စီးပွားရေးပုံစံ ဖြစ်သည်။ ရာသီဥတု ပျက်၍ မိုးခေါင်ရေကြီးပါက စိုက်ပျိုး သီးနှံများ ထုတ်နှုန်းကျမည်၊ ပိုမိုပူနွေး လာပါက မွေးမြူရေးလုပ်ငန်းများလည်း ပျက်လာမည်၊ ငါးအရအမိ ကျလာမည်။ ထိုသို့ဖြင့် လူအများ ငတ်မွတ်ကာ ဆင်းရဲတွင်း ပိုနက်လာမည်။

မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး လုပ်ငန်းမှာ သစ်တော၊ စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းတို့အပေါ် အမှီပြုထား ခြင်း ဖြစ်သည်။ လူဦးရေ သုံးပုံနှစ်ပုံမှာ ယင်းကဏ္ဍများတွင် လုပ်ကိုင်နေသည်။ ထိုကြောင့်ပင် ပတ်ဝန်းကျင်တစ်ခုခု ပျက် စီးယိုယွင်းပါက လူအများစု မှီခိုနေသော လုပ်ငန်းများကို ထိခိုက်တော့သည်။ ယခုနောက်ပိုင်းတွင် ရေကြီးခြင်း၊ နွေတွင် ရေရှားခြင်း၊ မိုးခေါင်ခြင်းတို့ နှစ်စဉ်နီးပါး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံရှိ လူအများစု၏ စီးပွားရေး၊ လူမှုရေး အခြေအနေ အရပ်ရပ်ကို ယိုယွင်းစေလျက် ရှိသည်။

အိမ်နီးချင်း အိန်္ဒိယနိုင်ငံတွင် သဘာဝ ၀န်းကျင်ပျက်ယွင်းမှုကြောင့် လုပ်ကိုင် စားသောက်ရခက်လာသဖြင့် လယ်သမား များ အကြွေးတင်လာကြသည်။ နောက်ဆုံး အကြွေးလည်း မဆပ်နိုင်၊ ရွေးစရာလည်း လမ်းမရှိသောအခါ ကိုယ့်ကိုယ်ကို အဆုံး စီရင်လိုက်ကြသည်။ ၂၀၁၆ တစ်နှစ် တည်းတွင် အိန္ဒိယ၌ ကိုယ့်ကိုယ်ကို အဆုံး စီရင်သော လယ်သမားဦးရေ ၆၀၀၀ ကျော် ရှိသည်။ ဆယ်နှစ်အတွင်း လယ် သမား ခြောက်သောင်းကျော် ကိုယ့်ကိုယ် ကို အဆုံးစီရင်ခဲ့ကြသည်။

ထမင်းငတ်၍ သေသော “မသာ”မရှိဟု ခေတ်အဆက်ဆက် ကြွေးကြော်ခဲ့သော မြန်မာနိုင်ငံတွင်ပင် ထိုသို့သော အဖြစ် မျိုးရှိလာသည်။ အသေအချာ သုတေသန ပြုထားခြင်း မရှိသဖြင့် ကိန်းဂဏန်း အရေ အတွက် အတိအကျ မသိရသော်လည်း ယခုနှစ်ပိုင်းတွင် မီဒီယာအချို့၏ ဖော်ပြ ချက်အရ လယ်သမားအချို့ ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်သော အမှု တချို့ရှိလာသည်ကို တွေ့ရသည်။

ယင်းအပြင် စိုက်ပျိုး လုပ်ကိုင်စား သောက်ရန် မဖြစ်နိုင်တော့သဖြင့် မြို့ကြီး များသို့ သွားရောက်ကာ အလုပ်အကိုင် အခွင့်အလမ်းရှာပြီး ရရာ လုပ်ကိုင်စား သောက်လာကြသည်။ အချို့အရွယ် ကောင်းများ နိုင်ငံခြားသို့ထွက် စီးပွားရှာ ကြပြီး အမျိုးသမီးငယ် အများစုမှာလည်း မြို့ပြရှိ လိင်ဖျော်ဖြေရေး လုပ်ငန်းများသို့ ရောက်လာကြသည်။

အရှေ့တီမောတွင် လူဦးရေ စုစုပေါင်း ၏ ၈၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးအပေါ် မှီခိုနေရသည်။ သဘာဝပတ်ဝန်းကျင် ပျက်လာသဖြင့် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့၏ ထုတ်ပြန်ချက်အရ အရှေ့တီမောတွင် အစားအသောက် အဟာရပြည့်စွာ မစားနိုင်သော လူဦးရေ ၃၆ ရာခိုင်နှုန်းအထိ ရှိလာသည်။ ယင်း မှာ အာရှတွင် အဆိုးဝါးဆုံး ရာနှုန်း ဖြစ် သည်။ ပိုဆိုးသည်မှာ အရှေ့တီမောတွင် နှစ်စဉ် ငါးလခန့်မှာ အစားအသောက် ရှားပါးပြီး ၀လင်စွာ မစားရသော ရာသီ (Hungry Season) ဟုပင် ရှိလာသည်။

ချမ်းသာသော နိုင်ငံများရှိ စီးပွားရေး ပုံစံမှာ ပညာရေး၊ နည်းပညာ၊ ၀န်ဆောင်မှု စသည့် ကဏ္ဍများအပေါ် အခြေခံထားပြီး သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက် မှီခိုအသက်မွေးရသော လုပ်ငန်းများ မဟုတ်ပေ။ ထိုကြောင့် သဘာ၀၀န်းကျင် ပျက်သည့်တိုင် ၎င်းတို့၏ စီးပွားရေးပုံစံ၊ အသက်မွေးမှုတို့ ပျက်မသွားပါ။

ဆင်းရဲသောနိုင်ငံများမှာ သဘာဝ ၀န်းကျင်ပျက်ပါက အသက်မွေးမှုပါ ပျက်သည်။ ထိုကြောင့် ဆင်းရဲသော နိုင်ငံ များမှာ သဘာဝပတ်ဝန်းကျင် ပိုထိန်းဖို့ လိုသည်။

ဒုတိယအချက်မှာ ဆင်းရဲသော နိုင်ငံများမှာ ခုခံအားနည်းသည်။

မည်သည့်ကိစ္စတွင် မဆို ခုခံအားနည်း သဖြင့် ရာသီဥတုပျက်ချိန်၊ မိုးကြီး၊ ရေကြီး၊ မိုးခေါင်၊ အပူဒဏ် မည်သည့် သဘာဝဘေးဒဏ်ကိုမဆို တွန်းလှန်ခုခံ အားနည်းပါးသည်။ ခံရလျှင်လည်း ချမ်းသာသော သူများထက် ပိုခံရလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ချမ်းသာသော နိုင်ငံများရှိ နေအိမ်၊ အဆောက်အအုံ၊ လမ်းတံတား၊ လူမှုဘ၀ တည်ဆောက်ပုံမှာ ရာသီဥတုဒဏ်ခံနိုင်အောင် အကုန်အကျခံ တည်ဆောက်ထားနိုင်သောကြောင့် ဖြစ်သည်။

ဆင်းရဲသော နိုင်ငံများမှာ ငွေကြေး ချို့တဲ့ရာ အခြေခံအဆောက်အဦများကို ရာသီဥတုဒဏ်ခံနိုင်အောင်ထက် အခြေခံ အားဖြင့် အသုံးပြုနိုင်ရေးကို ဦးစားပေး ရရာ သဘာဝဘေး တစ်ခုခု ဖြစ်ပါက ပျက်စီးလွယ်ပြီး အဆုံးအပါး များသည်။

အစိုးရများအနေနှင့်လည်း မူလကပင် အခြေခံအဆောက်အဦ ပြည့်မီအောင် များစွာ အားထုတ်နေရရာ သဘာဝဘေးဒဏ် ခံနိုင်သော အဆောက်အအုံ၊ နည်းပညာ ရင်းနှီးစိုက်ထုတ်လုပ်ကိုင်ရန် ၀န်လေးကြသည်။ လာမည့်ဘေး ပြေးတွေ့သည် ပေါ့ဟူသော အယူအဆက ပိုများ သည်။ ထိုကြောင့်ပင် သဘာဝဘေးကာ ကွယ်ခြင်းထက် ဖြစ်မှ ကူကြ၊ ကယ်ကြသည်က ပိုများသည်၊ ဖြစ်မှ အရပ်ကူပါ လူဝိုင်းပါ ဖြစ်ကြသည်က ပိုများသည်။

ပို၍ ကံဆိုးသော အချက်မှာ ဆင်းရဲ သော နိုင်ငံများမှာ ကမ္ဘာကြီး၏ အပူနွေး ဆုံး ဒေသများတွင် တည်ရှိရာ ရာသီဥတု ပြောင်းလဲမှု ဒဏ်ကို ပိုခံရသည်။ ပိုလွယ်အောင် ဆိုရပါက ဆင်းရဲသော တိုင်းပြည် မှာများမှာ အီကွေတာ မျဉ်းတစ်လျှောက် ပိုများရာ ကမ္ဘာကြီး ပိုနွေး၊ ပိုပူလာပါက ထိုအပူဒဏ်ကို ဆင်းရဲသော တိုင်းပြည် များက ပိုခံရမည်ဖြစ်သည်။

အပူဒဏ်သည် အပူဒဏ် သက်သက် မဟုတ်ဘဲ ရာသီဥတု ပျက်ခြင်း၊ သဘာဝ ၀န်းကျင်ပျက်သဖြင့် လုပ်ကိုင်စားသောက် ရန် ခက်ခဲလာခြင်းတို့ ဖြစ်လာမည်။

ထိုအချိန်တွင် အခြားရွေးစရာ လုပ်ကိုင် စားသောက်စရာလည်း မရှိရာ လူထုကို ပိုဆိုးသော အခြေအနေသို့ တွန်းပို့ရာ ရောက်သွားတော့သည်။

ထိုကြောင့် အချုပ်ဆိုရသော် သဘာဝ ပတ်ဝန်းကျင်ပျက်စီးသဖြင့် သဘာဝ ဘေးဒဏ်ဖြစ်လာပါက ဆင်းရဲသူများမှာ ချမ်းသာသူများထက် ပိုခံရသည်။ ပိုခုခံအား နည်းပါးသည်။ သဘာဝဘေးဒဏ်ကို ကာကွယ်ပေးနိုင်သော သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးမှာ ဆင်းရဲသူများ အတွက် ပိုအရေးကြီးသည်။ ဆင်းရဲသော နိုင်ငံများအတွက် ပိုအရေးကြီးသည်။

ပို၍ ပွင့်လင်းလာသော မြန်မာနိုင်ငံ တွင် မူဝါဒ အသီးသီးချမှတ်ရာ၍ မတူကွဲ ပြားသော လိင်ပိုင်းဆိုင်ရာမူဝါဒ Gender Policy များကို နယ်ပယ်အသီးသီးတွင် Cross Cutting အဖြစ် ထည့်သွင်းရေး၊ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ယန္တရားကို ဖျက်ဆီးနေသော အဂတိလိုက် စားမှုဆိုင်ရာ မူဝါဒကို နယ်ပယ်အသီးသီး ဖြစ် မဖြစ်မနေပါရမည့် Cross Cutting မူဝါဒအဖြစ် ထည့်သွင်းရေး စသည်တို့ လုပ်ဆောင်လာကြသည်။

ထိုနည်းတူ အရေးကြီးလာသည်မှာ သဘာ၀၀န်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ မူဝါဒကို နယ်ပယ် အသီးသီးတွင် ကျင့်သုံး ရေး အရေးကြီးလာသည်။ တစ်ဦးချင်း အလိုက်၊ အစုအဖွဲ့အလိုက်၊ အဖွဲ့အစည်း အလိုက် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး အသိပညာရှိရန်၊ စွမ်းအင်ချွေ တာရန် မူဝါဒများထားရှိရန် အရေးကြီး လာသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးလာခြင်းနှင့် သဘာဝဘေးဒဏ်မှာ ယနေ့ အချိန်တွင် အရာရာတိုင်းကို အတွင်းမှ လှိုက်စားမည့် ပြဿနာတစ်ခု ဖြစ်လာ သည်။ ထိုကြောင့် နယ်ပယ်အသီးသီး အစိုးရ ပုဂ်္ဂလိကမရွေး သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး (စွမ်းအင်ချွေတာရေး) တို့ကို ကျောရိုးကိစ္စတစ်ခုအဖြစ် ထည့် သွင်းစဉ်းစားရန် လိုလာသည်။

တစ်ကမ္ဘာလုံးရှိ နိုင်ငံတိုင်းတွင် လိုသည်။ မြန်မာနိုင်ငံကဲ့သို့သော ဆင်းရဲသော နိုင်ငံတွင် ပိုလိုသည်။ မြန်မာနိုင်ငံမှာ ရှင်သန်ရပ်တည်ရေးအတွက် သဘာဝ ပတ်ဝန်းကျင်ကို ပိုမှီခိုနေရရာ နယ်ပယ် အလိုက်၊ လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက်၊ အဖွဲ့အစည်းအလိုက် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိရှိရန် ပိုအရေး ကြီးသည်။

ရှင်းရှင်းဆိုရသော် ဆင်းရဲလေလေ သဘာဝပတ်ဝန်းကျင်ကို မှီခိုရလေလေ ဖြစ်သည်။ ထိုကြောင့်ပင်လျှင် ဆင်းရဲ လေလေ သဘာဝပတ်ဝန်းကျင်ကို ပိုထိန်းသိမ်းရန် လိုလေလေ ဖြစ်သည်။

ဆင်းရဲသော နိုင်ငံများကို စီမံအုပ် ချုပ်သော အစိုးရများ အနေနှင့်လည်း သဘာဝပတ်ဝန်းကျင် မပျက်ယွင်းရေး၊ ထိန်းသိမ်းရေး နည်းလမ်းများ ပိုသုံးရန် လိုလေလေ ဖြစ်သည်။

ခွန်းသု