သဘာဝဘေးအတွက် လိုအပ်နေသေးသော တွဲလက်များ

0
852

ကမာ်္ဘမြေကြီးမှာ ဒဏ်ရာဒဏ်ချက်တွေ များလှပါပြီ။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များရဲ့ အသိပေးမှု၊ သတိပေးမှု တွေကို သတိမူဖို့ရာ မေ့လျော့လျက် သိသိနှင့် လျစ်လျူရှုကာ အဲသည်ဒဏ်ရာဒဏ်ချက်တွေ ကမ္ဘာကြီးကို လူသားတွေ ပေးခဲ့ကြ သည်။

ဒီရေတောတွေ ပြုန်း၊ သစ်တောသုဉ်းလျက်၊ တောင်တွေ ကတုံးဖြစ်ကာ လူသား ရဲ့ မတော်လောဘဖြင့် ကမ္ဘာမြေရဲ့ ဂေဟဗေဒစနစ်ကို ပျက်စီးစေခဲ့ကြသည်။

ကမ္ဘာသည် သူ၏ ဒဏ်ရာ ဒဏ်ချက် များကြောင့် ငိုကြွေးပြီလော။

လွန်လေသော ဆယ်စုနှစ်တွေ ကတည်းကိုက “ကမ္ဘာမြေကို ကယ်တင်ပါ။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ပါ။ ဂေဟစနစ်ကို မပျက်သုဉ်းပါစေနှင့်” ဆိုသည့် အသိပေးချက်တွေဖြင့် ကမ်္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟဗေဒစနစ် ထိန်းသိမ်းရေးအတွက် စေ့ဆော်ခဲ့ သတိပေးခဲ့ကြပေမင့် လောဘ သားကောင် လူသားတို့ သတိမမူကြ၊ အလေးမထားကြ။ ယင်းသို့ လျစ်လျူရှုခဲ့ကြ သည့် အကျိုးဆက်အဖြစ် ကမ္ဘာလောက ကြီးသည် အတော်မတန် ထိခိုက်ပျက်စီး ခံခဲ့ရပြီ ဖြစ်သည်။ ထိုဒဏ်ရာ ဒဏ်ချက် တွေက သဘာဝဘေး အန္တရာယ်များအဖြစ် အချက်ပေးကာ ဂေဟဗေဒ ပျက်စီးခြင်း အကျိုးဆက်ဖြစ်သည့်  ဆင့်ကဲသော သဘာဝ ဘေးတွေကို လူသားတို့ ခပ်စိပ်စိပ် ကြုံလာ ရသည်။         

ကမာ်္ဘမြေ၏ သဘာဝဂေဟဗေဒစနစ် ပျက်စီးမှု ဒဏ်ရာဒဏ်ချက်တွေ၏ အကျိုး ဆက်အဖြစ် သဘာဝဘေးအန္တရာယ်ကို ကျွန်တော်တို့ ကပ်ဘေးအဖြစ် ရင်ဆိုင် လာကြရ ကြုံတွေ့လာကြရသည်။ ဘေးဒုက္ခ တစ်ခုကို ကြုံကြရသည်နှင့် အရေးပေါ် အခြေအနေကို ကျွန်တော်တို့တွေ ရင်ဆိုင် ကြရပါသည်။

အရေးပေါ်အခြေအနေ ဆိုသည်မှာ မမျှော်လင့်ထားသောအချိန်၊ မမျှော်လင့် ထားသော အခြေအနေတွင် မမျှော်လင့် ထားသော ပြင်းထန်ဆိုးရွားသော အခြေ အနေကို ရုတ်ချည်းရင်ဆိုင်ရခြင်းဖြစ်ပြီး များသောအားဖြင့် ပြင်းထန် ဆိုးရွားသည့် အနေအထား ဖြစ်ကာ အရေးပေါ်တုံ့ပြန်မှု လိုအပ်သော အခြေအနေတစ်ရပ်ကို ဆိုလို ပါသည်။

အရေးပေါ် အခြေအနေကို သဘာဝ ကြောင့်ဖြစ်ရသော သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်ရသော အရေးပေါ် အခြေအနေဟု တစ်ဖန်ခွဲခြားနိုင်ပါသည်။

သဘာဝကြောင့်ဖြစ်သော သဘာဝ ဘေးအန္တရာယ်များ(Natural Disaster)) မှာ

၁) ဆိုက်ကလုန်းမုန်တိုင်းများ ကျရောက်ခြင်း။

၂) လေမုန်တိုင်းများ ကျရောက်ခြင်း။

၃) ရေကြီးခြင်း။

၎) မီးတောင်ပေါက်ကွဲခြင်း။

၅) နှင်းမုန်တိုင်းများ ကျရောက်ခြင်း။

၆) မြေငလျင်များ။

၇) မြေပြိုခြင်း။

၈) မတော်တဆမှုများ။

၉) မိုးခေါင်ရေရှားခြင်း၊ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း။

လူကြောင့် ဖြစ်ရသော ဘေးအန္တရာယ်များ (Manmade Disaster)မှာ

၁) မီးလောင်ခြင်း။

၂) လေထုညစ်ညမ်းခြင်း။

၃) အဏုမြူ မတော်တဆမှုများ။

၎) မြေထုညစ်ညမ်းခြင်း။

၅) စစ်ဘေးအန္တရာယ်။

စသဖြင့် ခွဲခြားနိုင်ပါသည်။

သဘာဝ ဘေးအန္တရာယ်တို့ကြောင့် ရင်ဆိုင်ရသော အရေးပေါ် အခြေအနေကို ရင်ဆိုင်ခဲ့ကြရဖူး၊ ရင်ဆိုင်နေကြရဆဲ၊ ရင်ဆိုင်နေကြရဦးမည်မှာလည်း မလွဲ ဧကန်ဖြစ်ရာ အရေးပေါ်အခြေအနေကို အချိန်မရွေး၊ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေး၊ လူတန်းစား မရွေး၊ နေရာဒေသ မရွေးရင်ဆိုင်ကြရနိုင်ပါသည်။

အရေးပေါ် အခြေအနေတစ်ရပ်မှာ အသက်အန္တရာယ် ကြုံတွေ့နေရသူသည် သင်လည်း ဖြစ်နိုင်သလို၊ သင့်မိတ်ဆွေ၊ သင့် အပေါင်းအသင်း ၊ သင့်အမျိုးအဆွေ လည်း ဖြစ်နိုင်ပါသည်။

ကြိုတင်ပြင်ဆင်ခြင်းဖြင့် ထိခိုက် ဆုံးရှုံးမှုလျှော့ချကြ။

အရေးပေါ် အခြေအနေနှင့် သဘာဝ ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ လာကြသည့်အခါ  စနစ်တကျ ပြင်ဆင်မှု ဖြင့် ရင်ဆိုင်ကြခြင်းသည် အမှုမဲ့အမှတ်မဲ့ ရင်ဆိုင်ကြရခြင်းထက် အသေအပျောက် အထိအခိုက် နည်းပါးနိုင်ပါသည်။

သာဓက ပြရလျှင် ၂၀၀၈ နာဂစ် ဆိုင်ကလုန်းတွင် မြန်မာနိုင်ငံမှာ အသေ အပျောက် များခဲ့သလောက် မကြာမတင် ဖြစ်သော  ၂၀၁၉ မေ ၃ရက်က ယင်းနာဂစ် နှင့် ပြင်းအားတူ ဆိုင်ကလုန်း ဖာနီ (Fani) မုန်တိုင်းသည် အိန်္ဒိယနိုင်ငံသို့ ဖြတ်ကျော် ၀င်ရောက်လာချိန် အထိအခိုက်၊ သေကြေ ပျက်စီးမှုများစွာ ကွာသည်ကို တွေ့နိုင်ပါ သည်။

သဘာဝဘေး အန္တရာယ် မကျမီ ပြင်ဆင်ခြင်း။

သဘာဝဘေးအန္တရာယ် တစ်ခုကို ကြိုတင် ပြင်ဆင်ရင်ဆိုင်ရာတွင် အဓိက အားဖြင့် ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်ဖို့ အခြေခံမူ ထားရှိပါသည်။ ရင်ဆိုင် ကြရာတွင်လည်း အဆင့်အလိုက် ပြင်ဆင် ရင်ဆိုင်ကြရ၊ လုပ်ဆောင်ကြရပါသည်။ သာမန်အားဖြင့် ဏမန ီင်နေ်အနမ ဏနမငသိ ဆိုရမည့် အကြိုကာလတွင် လုပ်ဆောင် ကြရသည်က အရေးပါလှပါသည်။

ပဏာမအားဖြင့် လက်ရှိ အခြေအနေ၊ အနေအထားနှင့် လတ်တလော အနေအထားကို သုံးသပ်ချက်က အရေးပါပါသည်။ မိမိဒေသတွင် ရှိနေနိုင်သည့် ကပ်ဘေး အန္တရာယ် အနေအထားများကို နှစ်အလိုက် ရင်ဆိုင် ကြုံတွေ့ခဲ့ကြဖူးသည့် အတိတ်ကာလ အခြေ အနေများနှင့် ယှဉ်ကာ လေ့လာလျက် ဦးစားပေး ပြင်ဆင်လေ့ကျင့်ကြရပါသည်။ ထို့ပြင် မိမိဒေသ၏ ဘေး ကျရောက်နိုင် သည့် လူဦးရေနှင့် မိမိဒေသ မြေမျက်နှာ သွင်ပြင်အနေအထား၊ ဘေးလွတ်ဇုန် အခြေ အနေနှင့် သဘာဝဘေး ကျရောက်လာပါ က လူအများကို ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်နိုင်မည့် နေရာများကို တင်ကြို တွက်ချက် ပြင်ဆင်လျက် မိမိတို့ သဘာဝ ဘေးအန်္တရာယ် ကာကွယ်ရေးအတွက် သတိပေးချက်ရသည်နှင့် ယင်းစုရပ်များသို့ အလျင်အမြန် ရောက်ရှိစုရုံးနိုင်ရန် ဇာတ်တိုက် လေ့ကျင့်ထားကြရပါသည်။

ထို့ပြင် ယင်း လူဦးရေအတွက်ရယူနိုင်မည့် စားနပ်ရိက္ခာနှင့် အသက်ကယ် ပစ္စည်းများကို ကြိုတင် စုဆောင်းလျက် နောက်ထပ် ထပ်မံရရှိ ထောက်ပံ့နိုင်မည့် လမ်းကြောင်းကို ကြိုတင်တွက်ဆကာ ပြင်ဆင်ထားကြရပါသည်။ ထို့ပြင် မိမိတို့ နှင့်အတူ လက်တွဲ ကူညီကယ်ဆယ်နိုင်မည့် အစုအဖွဲ့များ အင်အားနှင့် စနစ်ကျသော ဆက်သွယ်မှု လမ်းကြောင်း၊ ညွှန်ကြား ချက်များကို လက်ခံမှု၊ နာခံမှု၊ အုပ်ချုပ်မှု၊ တာဝန်နှင့် ၀တ္တရား၊ လုပ်ပိုင်ခွင့်များ၊ တာဝန်ယူမှု တာဝန်ခံမှု၊ ဆောင်ရန် ရှောင် ရန်များကိုလည်း ကြိုတင်လေ့ကျင့်ထားကြ ရပါ၏။

ယင်းမှသာလျှင် အထိအခိုက် နည်း ပါးမည်သာမက ဖြစ်ပေါ်လာနိုင်သော ပြဿနာ အများစုကိုပါ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ လတ်တလော ပေါင် မြေပြိုမှု ဘေးတွင် အသက်ရှင်လျက် ကယ်တင်နိုင် ခဲ့သော နွားတစ်ကောင်အား အသေအချာ တာလပတ်ဖြင့် နွေးထွေးစွာ အုပ်ပြီး အသက် ကယ်အဖွဲ့မှ ကယ်ခဲ့သော်လည်း နောက် နေ့မနက် လင်းသည့်အခါ နွားအရေခွံသာ ကျန်ခဲ့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိ သည့်အဖြစ်မျိုး၊ ယင်းမြေပြိုမှုတွင် ကုမ္ပဏီ တစ်ခုမှ ကားတစ်စီး မြေပြိုရာတွင် ပါဝင် နစ်မြုပ် ဆုံးရှုံးခဲ့သဖြင့် ယင်း ကုမ္ပဏီအဖွဲ့ ၀င်တို့မှ အသက်ကယ်လုပ်ငန်းတွင် အားနှင့်မာန်နှင့် ပါဝင်ကူညီခဲ့ကြပြီး ယင်းတို့ ၏ မော်တော်ကား ဦးခေါင်းပိုင်း ပြန်လည် ပေါ်ထွက်လာချိန် မိုးချုပ်သဖြင့် ပြန်သွား ပြီး နောက်မနက် ပြန်လာကြည့်သည့်အခါ သူတို့ ဖော်ထားခဲ့သည့် ကားကို ပြားချပ် သည်အထိ ထုရိုက် နင်းချေဖျက်ဆီးခံထား ရသည့် အဖြစ်မျိုးတို့တွင် တာဝန်ခံသူ မရှိခဲ့ကြ။

ယင်းသို့ သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဧရိယာတွင် လုပ်ဆောင် သည့် ကယ်ဆယ်ကူညီမှု လုပ်ငန်းများတွင် စနစ်တကျဖြစ်သော ချိတ်ဆက်ဆောင် ရွက်မှု၊ အဆင့်လိုက် တာဝန်ယူ တာဝန် ခံမှု လိုအပ်နေသည်ကို တွေ့နိုင်ပါသည်။

ယင်းတို့ကို ကြိုတင် ညိနှိုင်း စီစဉ်လျက် မည်သူက တာဝန်ယူတာဝန်ခံမည် ကို ကနဦးကတည်းကိုက အစီအမံများ ပြတ်သားစွာရှိလျှင် ပြဿနာ နည်းပါလိမ့်မည်။

သဘာဝဘေး ကယ်ဆယ်ရေးမှာ အားလုံး အန္တရာယ်ကင်းရေး (Safety)သည် အဓိက။

ကြိုတင် သိနိုင်သည့် သဘာဝ ဘေးအန္တရာယ်များတွင် ဥပမာ မုန်တိုင်း အကြိုကာလတွင် အများပြည်သူကို သတိပေး နှိုးဆော်လျက် ကြိုတင်ပြင်ဆင် ထားသင့်သည်များကို  အဆင့်အလိုက် အသိပေးကာ အန္တရာယ်အဆင့် ကျရောက် မည့်အချိန်တွင် ကြိုတင်ရွှေ့ပြောင်းကြဖို့ သတိပေးကြရပါသည်။

သဘာဝဘေး ကျရောက်သည့် ကာလတွင် သတိပေးချိန်က မရွှေ့မပြောင်း နိုင်ဘဲ ကျန်ခဲ့သည့် လူအများကိုလည်း ဘေးအန္တရာယ် ကျရောက်ရာဒေသမှ ဘေးလွတ်ရာဇုန်သို့ ကယ်ဆယ် ရွှေ့ပြောင်း ကြရပါသည်။ သည်အခြေအနေသည် တကယ့် အရေးပေါ် အခြေအနေ ဖြစ်ပါ သည်။  ရေးမြို့နယ် ရေဘေးတွင် ယင်းသို့ အခြေအနေတွင် ညတွင်းချင်း လူအမြောက် အမြားကို ဘေးလွတ်ရာသို့ ရှာဖွေရွှေ့ ပြောင်းကာ ကယ်ဆယ်ခဲ့ကြရပါသည်။

မမေ့မလျော့ သတိထားကြရမည့် အချက်မှာ Safety ဆိုသည့် ဘေးကင်း လုံခြုံရေး ဖြစ်ပါသည်။ ဘေးကင်းလုံခြုံ ရေးဆိုရာတွင် သဘာဝဘေးအန္တရာယ်မှ အကယ်ဆယ်ခံရမည့် လူများသာမက ကယ်ဆယ်ရေးအဖွဲ့ပါ ဘေးအန္တရာယ် ကင်းရေးကို မမေ့မလျော့ သတိထားကြရ ပါသည်။ ဘေးကင်းလုံခြုံရေး ပစ်္စည်း ပစ်္စယများ အစီအမံများ အသင့် ရှိနေသင့် ပါသည်။ ၀မ်းနည်းစရာကောင်းသည့် အချက်မှာ တစ်နေ့က ညောင်ပင်ကွင်း ရေဘေး ကယ်ဆယ်ရေးတွင် တပ်မတော် သားတစ်ဦး  အသက်ပေးခဲ့ရပါသည်။

ဘေးအန္တရာယ် ကျရောက်နေသည့် ကာလတွင် အသက်အန္တရာယ် ရှိသူများ ကို ရှာဖွေကယ်ဆယ် အသက်ကယ် ကုသခြင်းအပြင် စားနပ်ရိက္ခာ မပြတ်လပ်ရေး၊ ရေကောင်းရေသန့်၊ ဆေးနှင့် ဆေးပစ်္စည်းများ မပြတ်ရရှိရေးနှင့် အညစ် အကြေးများ ဘေးကင်းစွာ စွန့်ထုတ်နိုင်မည့် အခြေအနေများ ဖန်တီးနိုင်ရေးကို အလေးပေးကြရပါသည်။ ထိုကာလသည် အရေးပေါ် အခြေအနေ ဖြစ်ပြီး ခုနစ်ရက် အထိ ကြာမြင့်နိုင်ပါသည်။

ပြန်လည်ထူထောင်ရေးကာလ

ထို့နောက်ပိုင်းကာလတွင်မူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပြည်သူတို့အတွက် နေထိုင်ရေး အဆောက် အအုံများ၊ စားဝတ်နေရေး၊ ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများကို အလေးပေး ကြရပါသည်။ ထိုသို့သော အဆင့်အလိုက် ကာလအလိုက် ကြိုတင် ပြင်ဆင်ကြရာတွင် အနုစိတ် စီမံချက်များဖြင့် စနစ်တကျ ဇာတ်တိုက် လေ့ကျင့်ထားခြင်းက ပိုကောင်းမွန်ပါသည်။ ပိုမို စနစ်တကျ ဖြစ်လေလေ အထိအခိုက် အဆုံးအရှုံး နည်းလေလေ ဖြစ်ပါသည်။

အရေးကြီးသည့် စီမံခန့်ခွဲမှု အခန်းကဏ္ဍ။

အဓိကအားဖြင့် ဦးဆောင်မှု အခန်းကဏ္ဍကို အစိုးရမှ တာဝန်ယူ တာဝန်ခံ ကြရပါသည်။ မိမိတို့ ရင်ဆိုင်ကြုံတွေ့ ရသည့် အန္တရာယ်သည် ဘယ်အဆင့်လဲ ဆိုသည်ကို လူမှုကွန်ရက်မှ တာဝန်ယူမှု တာဝန်ခံမှု မရှိ၊ မသေချာသည့်ပေါ်ပင် သတင်းများဖြင့် ဆုံးဖြတ်၍ မရပါချေ။

တရားဝင် ဖွဲ့စည်းတာဝန်ပေးအပ် ထားသည့် သဘာဝဘေးအန္တရာယ် တုံ့ပြန် ကာကွယ်ရေး ကော်မတီမှ တရားဝင် ဖြစ်သော တိကျသေချာသော  သတင်း အချက်အလက်များ ပြည်သူသို့အချိန် နှင့် တပြေးညီ ထုတ်ပြန်သင့်ပါသည်။ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်များမှ တရားဝင် ရရှိသော သတင်းအချက် အလက်များနှင့် မြေပြင်အနေအထားကို ချင့်ချိန်ဆုံးဖြတ် လျက် တိကျသေချာသော၊ သတင်းအချက် အလက်ပေးသော၊ အချိန်နှင့်တပြေးညီ ဖြစ်သော သတင်းထုတ်ပြန်သင့်ပါသည်။

လူမှုကွန်ရက်တွင် တစ်ဦးတစ် ယောက်က အရေးကြီးလှပါပြီဟု တင်ကာ မျှဖြင့် ယင်းဒေသအခြေအနေကို ခြုံငုံမိ မည် မဟုတ်သလို ယင်းသို့ လူမှုကွန်ရက် ပေါ်မှ မတက်လာနိုင်တော့ပါဘဲ သဘာဝ ဘေးကို ရင်စီးခံကြရရှာသူ ဘယ်မျှ ရှိနိုင် သည်။ အန္တရာယ်ကြုံတွေ့ရသော ဧရိယာ သည် ဘယ်လောက်ကျယ်ပြန့်ပြီး လူဦးရေ ဘယ်မျှ အိမ်ထောင်စုမည်မျှ ဘေးအန္တရာယ်အတွင်း ရှိနေသည်ကို တရားဝင် ကြေညာပေးသင့်ပါသည်။

ယခု ရက်ပိုင်း ဖြစ်စဉ်များတွင် ယင်း သဘာဝဘေးအန္တရာယ် တုံ့ပြန်ကာကွယ် ရေးကော်မတီမှ တရားဝင် သတင်း ကြေညာ ထုတ်ပြန်မှု မရှိဟုပင် ဆိုနိုင်ပါ သည်။ ယင်းကော်မတီမှ လက်ရှိ ဘယ် ဒေသ၏ သဘာဝဘေးသည် မြို့နယ် အဆင့်မှ ကယ်ဆယ်ရေးနှင့် တုံ့ပြန်မှု လုပ်ဆောင်နိုင်သည့် အခြေအနေ ရှိသည်။ ဘယ်မြို့နယ်က ဘေးကိုတော့ တိုင်း အဆင့်မှ အကူအညီ လိုအပ်သည်။ ဘယ်မြို့ ကိုတော့ ဗဟိုအဆင့် အကူအညီ ရယူရမည် စသည်တို့အပြင် ဘာတွေ ရှိပြီး ဘာတွေ လိုအပ်သည်ကိုပါ တစ်ပါတည်း ကြေညာချက် ထုတ်ပြန်လျက် လှမ်းလက် အစုံကို ကမ်းလျက် ကူမည့်သူများကို ဖိတ်ခေါ်နိုင်ကြသင့်ပါသည်။

ယခုမူကား ဖြစ်သည့်ဒေသကို ပရဟိတ အဖွဲ့တွေ ၀ုန်းဒိုင်း ရောက်ရှိကြ ကယ်ဆယ်ရေးတွေ လုပ်နေကြသည်အထိ ထုတ်ပြန် ကြေညာချက် တရားဝင်မတွေ့ သလို ဘယ်လို ဘယ်သူ့ကို ဆက်သွယ်ရ မည်။ ဘာတွေ ကူညီလှူဒါန်းရမည် ဆိုသည် ကိုလည်း မကြေညာနိုင်ခဲ့ကြပါ။ ဦးဆောင်မှု အခန်းကဏ္ဍ ပျောက်ဆုံးနေပါသည်။

ပရဟိတ အဖွဲ့များနှင့် ကယ်ဆယ်ရေး အဖွဲ့များ  ဖြစ်ပွားရာဒေသသို့ အလျင် အမြန်ရောက်ရှိကြပြီး လိုအပ်သော ကယ် ဆယ်မှုများ၊ ကူညီမှုများ လုပ်ဆောင်နိုင် ကြသည်ကိုသာ တွေ့ကြရသော်လည်း သတင်း ထုတ်ပြန်ကြေညာပေးမှု အလွန် နည်းပါးပါသည်။ သတင်းအချက် အလက် ဟူရာတွင် အန္တရာယ် သတိပေး ချက်များအပြင် ထိခိုက်ဒဏ်ရာရမှု အခြေ အနေ၊ လိုအပ်သော အကူအညီများနှင့် ဆက်သွယ်နိုင်သည့် လမ်းကြောင်းများ ပါဝင်ပါသည်။ တရားဝင်ဖြစ်သော အစိုးရ မှ ဖွဲ့စည်းသော ပါတီ အရောင်အဆင်း ကင်းသော သဘာဝဘေး အန္တရာယ် ကာကွယ်ရေးအဖွဲ့မှ ဦးဆောင်လျက် တုံ့ပြန်ဆောင်ရွက်ကြသင့်သည့် လုပ် ဆောင်ကြရမည့် အလုပ်အများစုမှာ ပရဟိတအဖွဲ့များကသာလျှင် စလုပ်နေ ကြရသည်က အားမရစရာ ဖြစ်ပါသည်။  

သို့သော် ပရဟိတအဖွဲ့များ လုပ်ဆောင် မှုသည် ပြီးပြည့်စုံသည် မဆိုနိုင်ပါ။ ယင်းတို့သည် တရားဝင် လုပ်ပိုင်ခွင့် အခွင့် အာဏာရသူများ မဟုတ်သည့် အတွက် စေ့စပ်သေချာစွာ နေရာအနှံ့ အထိ ကယ်ဆယ်ရေး ပစ္စည်းများ ဝေငှ ဖြန့်ဝေနိုင်ရန် အခက်အခဲ ရှိနှင့်ပါသည်။

အုံလိုက်ကျင်းလိုက် လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်သော နေရာများ၊ စုရပ်များတွင်သာ ထောက်ပံ့ပေးလှူနိုင် ကြပြီး  လမ်းပန်းသင့်သော ဒေသများတွင် ရရှိသော ပစ်္စည်းများ ပိုလျှံနေသလောက် ခဲခက်သောအရပ်များ ဒေသများသို့ အကူအညီ မရောက်ရှိကြ။

ယင်းသို့ အဖြစ်မျိုး မဖြစ်အောင် လိုအပ်သည့် နေရာများပါ သာတူညီမျှ မျှတစွာ အကူအညီရအောင် အစိုးရမှ တရားဝင် တာဝန်ပေးထားသည့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့နှင့် လက်တွဲကာ စီမံဆောင်ရွက်နိုင်ကြသင့် ပါသည်။ လတ်တလောတွင် ယင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ကော်မတီတို့ လုပ်ဆောင်ချက်များကို ဘယ်သူကမှ တရားဝင် မထုတ်ပြန် မကြေ ညာနိုင်ကြပါ။ တနင်္သာရီတိုင်းတွင်လည်း ယင်းသို့ တရားဝင်ဖြစ်သော ကော်မတီများမှ တရားဝင် သတင်းအချက်အလက် များအား အများပြည်သူသို့ ထုတ်ပြန် ကြေညာပေးသင့်လင့်ကစား ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာများမှသာ သတင်းထုတ်ပြန်နေကြသည်ကလည်း အားရစရာ မဟုတ်ပါ။

သို့ဖြစ်စေကာမူ  ရေရှည်တည် ဆောက်ကြရမည့် ပြန်လည်ထူထောင် ရေးကာလအထိ ဦးဆောင်မှုပေးနိုင်သည် မှာလည်း ထိုတရားဝင်ဖွဲ့စည်းထားသော စနစ်တကျဖြစ်သော လုပ်ပိုင်ခွင့်ရှိသော သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ကော်မတီ ကော်မတီပင် ဖြစ်ပါသည်။

ဘယ်မျှ ထိခိုက်မှုရှိနေပြီး ဘယ်အကူ အညီ လိုအပ်နေသည်။ ဘယ်လို ကူညီ လှူဒါန်းနိုင်ပါသည် ဆိုသည်ကိုလည်း အချိန်နှင့် တပြေးညီ သတင်းထုတ် ပြန်သင့်ပါသည်။ ယခု ကြုံခဲ့ကြရသော ဘေးအန္တရာယ် တုံ့ပြန်မှုများတွင် သည် လုပ်ဆောင်ချက်မျိုး မတွေ့ကြရ။ အားမရ  စရာပင် ဖြစ်ပါသည်။

ချီးမွမ်းသင့်သည့် အချက်များလည်း ရှိပါသည်။ ပရဟိတ အဖွဲ့အစည်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ ထက်မြက် တက်ကြွမှုသည် အားရစရာ ဖြစ်ပါသည်။ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ဈေးနှုန်း မတက်စေရေးအတွက် ကွင်းဆင်း ညှိနှိုင်း ဆောင်ရွက်ချက်များ၊ ကုန်စည်စီးဆင်းမှု မပြတ် မလပ်ရေးအတွက် မလွှဲတောင် ကားလမ်းပိုင်းကို အလျင်အမြန် ပြန်လည် တည်ဆောက်သလို အချိန်နှင့်တပြေးညီ ပြည်သူသို့ လူမှုကွန်ရက်မှ အသိပေးသည့် အချက်များသည် ချီးမွမ်းသင့်သည့် အချက်များ ဖြစ်ပါသည်။

ကမ္ဘာမြေကြီးမှာ ဒဏ်ရာဒဏ်ချက် တွေ များလှပါပြီ။

ကမာ်္ဘမြေကြီးသည် သူ၏ ဒဏ်ရာ ဒဏ်ချက်များကို သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရခြင်းဖြင့် ကျွန်တော်တို့ အား သတိပေး ခေါင်းလောင်း ထိုးချေပြီ။

များပြားလှစွာသော ဂေဟစနစ် ပျက်ယွင်းမှုများရဲ့ အကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ်မျိုးစုံသည် ကျွန် တော်တို့ ကမ္ဘာမြေအား ခြိမ်းခြောက်လျက်။

ခပ်စိပ်စိပ် ကြုံလာရသော သဘာဝ ဘေးအန္တရာယ်များအတွက် ကြုံခဲ့ပြီး သော ဘေးအန္တရာယ်တို့မှ အားနည်းချက်များ ကို သုံးသပ်လျက် ကြုံရဆဲ ဖြစ်သော ဘေးမှ အလျင်အမြန် ထူထောင်နိုင်ရေး ၀ိုင်းကြ၀န်းကြ ကူကြလျက် နောင် ကြုံရ လတ္တံ့သော ဘေးတို့အား အထိအခိုက် အပျက်အစီး နည်းနိုင်သမျှ နည်းအောင်  ညီညွတ်သော အားဖြင့် ကြိုတင်ပြင်ဆင် ရင်ဆိုင်ကြရမည်ဖြစ်ပါသည်။

ထိုသို့သော သဘာဝဘေး အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများတွင် အရေးပါ သော ဦးဆောင်မှု အခန်းကဏ္ဍကို တာဝန်ယူ ကြရမည့် အဖွဲ့အစည်းများမှ စနစ်တကျ ဦးဆောင်လျက် ဒေသတွင်း ပရဟိတ အင်အားစုများကို စည်းရုံးလျက် ညီညွတ်သော အင်အားဖြင့် ကြံ့ကြံ့ခံလျက် အင်တိုက်အားတိုက် ပြင်ဆင် လုပ်ဆောင်နိုင်ကြပါစေကြောင်း တိုက် တွန်းလိုပါ၏။

ကိုရိုးဆေး