“အရန်ဆန်” အရန်သင့်ဖြစ်ရေးနှင့် ရှိနှင့်ခွန်အားများ အသုံးချတတ်ရေး

0
807

တိုင်းအစိုးရက သဘာဝဘေးအတွက် အရန်ဆန် အရန်သင့် ၀ယ်ထားသည် ဟုဆိုသည်။

သို့သော်…။

။။                  ။။           ။။

တနင်္သာရီတိုင်းအတွင်း မိုးသည်း ထန်မှုကြောင့် ရေဘေးသင့်မှုများ၊ တောင် ပြိုကျခြင်း၊ လမ်းရေကျော်ခြင်းကြောင့် ကားလမ်း ပြတ်တောက်မှုများ သြဂုတ်လ ဆန်းမှစ တစစ ပိုပိုဖြစ်ပွားလာခဲ့သည်။

သဘာဝဘေးသင့် တနင်္သာရီတိုင်း အတွက် တိုင်းအစိုးရကလည်း တတ်သမျှ စွမ်းသမျှ ဆောင်ရွက်နေသည်ကို တွေ့ရသည်။ လူထုနှင့် လူထုအခြေပြု အဖွဲ့အစည်း များကလည်း နိုင်သမျှဝိုင်းဝန်းကူညီနေ၊ ဆန်နှင့် စားသောက်ကုန်များ စုပေါင်း လှူဒါန်းနေသည်ကို တွေ့ရသည်။

သြဂုတ်လ ၁၀ ရက်တွင် မလွှဲတောင်တွင် ကားလမ်းပေါ်မြေပြိုကျခြင်း၊ မြေသား ကျွံကျခြင်းတို့ ဖြစ်ခဲ့ရာမှ တနင်္သာရီ တိုင်းနှင့် ပြည်မ ကုန်းလမ်း အဆက်ပြတ်သွားသည်။

ကြားထဲတွင် ရေးမြို့နယ်အပါအ၀င်နှင့် မွန်ပြည်နယ်နေရာအချို့ ရေကြီးရေလျှံ လမ်းရေကျော်မှုတို့ ဖြစ်နေသေးသည်။

ကားလမ်း မည်သည့်အချိန် ပြန်ပွင့်နိုင်သည်ကို သြဂုတ်လ ၁၁ ရက် ညအထိ ၀န်ကြီးချုပ်အပါအ၀င် မည်သူမျှ မခန့်မှန်း နိုင်ခဲ့။

ထိုလမ်းမှာ ပြည်မနှင့် တနင်္သာရီ ကုန်စည်ကူးလူးစီးဆင်းသည့် တစ်ခုတည်း သော ကုန်းလမ်း ဖြစ်သည်။

ထိုလမ်း ပြတ်တောက်သွားပါက တိုင်းအတွင်း၌ ဆန်နှင့် အခြားစားသုံးကုန်စည်များ ဈေး မဟားတရားတက်သွားနိုင်၊ ရက်ကြာမြင့်စွာ လမ်းအသုံးမပြုနိုင်က စားသုံးကုန်စည်အတွက် အခက်တွေ့ကြ မည်ကို စိုးရိမ်မိသည်။

ထိုအခါ တိုင်းအတွင်း သဘာဝဘေး အတွက် ၀ယ်ယူထားသည်ဆိုသော အရန် ဆန်များကို သတိရမိသည်။ လိုအပ်လျှင် အစိုးရက ထိုအရန်ဆန်များ ထုတ်သုံးနိုင်မည်။

အရန်ဆန် သတင်းကို ပြန်ရှာကြည့်သည်။

တနင်္သာရီတိုင်း၏ သဘာဝဘေးကျ ရောက်ချိန်များတွင် အသုံးပြုရန် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က အရန်ဆန် ကျပ်သိန်း ၁၅၀၀ ဖိုး ၀ယ်ယူထားသည်ဟု တိုင်းအစိုးရအဖွဲ့က ထုတ်ပြန် ပြောဆိုထားသည်။

သိန်းငါးရာဖိုးကို မြိတ်တွင် ၀ယ်ထားပြီး သိန်းတစ်ထောင်ဖိုးကို ပဲခူးတိုင်း တောင်ငူတွင် ၀ယ်ထားသည်ဟု ပြောထား သည်။

ထိုဆန်များကို တိုင်းအစိုးရက စုဆောင်းသိုလှောင်ထားရန် မလွယ်ကူ သဖြင့် ရောင်းချသူများထံတွင်ပင် သိုလှောင်ထားစေပြီး လိုအပ်သည့်အချိန်ရောက်မှသာ သယ်ယူမည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ၂၀၁၈ ခုနှစ် စက်တင်ဘာလက ပြောဆို ထားသည်။

သို့ဆိုလျှင် လက်ရှိ တိုင်းအတွင်း သဘာဝဘေးကျချိန်တွင် လိုအပ်လျှင် ထုတ်သုံးဖို့အရေး ထိုအရန်ဆန်တို့ တိုင်း အစိုးရလက်ထဲ အသင့်ရှိနေပြီလော။

သြဂုတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီ (မလွှဲတောင်တွင် ကားဖြတ်သန်း၍ မရ သေး)အချိန်တွင် ၀န်ကြီးချုပ်နှင့် တွေ့ဆုံ ခွင့်တောင်းကာ ၀ယ်ယူထားသည့် အရန် ဆန်ကိစ္စ မေးမြန်းခဲ့သည်။

ဝန်ကြီးချုပ်က မွန်းလွဲ ၂ နာရီတွင် ၀န်ကြီး ဦးဟိုပင် အခန်း၌ ပြုလုပ်မည့် “ကုန်ဈေးနှုန်း ညှိနှိုင်းအစည်းအဝေး”သို့ တက်ရောက်မေးမြန်းပါက ပိုပြည့်စုံနိုင်ကြောင်း ပြောသည်။

ထိုအစည်းအဝေးတွင် တိုင်းအစိုးရ အဖွဲ့ရုံး တာဝန်ရှိသူက အရန်ဆန်များကို တောင်ငူနှင့် မြိတ်တွင် ၀ယ်ထားကြောင်း ပြောသည်။ အကယ်၍ အခက်အခဲဖြစ်ခဲ့လျှင် မြိတ်က ဆန်ကို ထားဝယ်သယ်မည်ဟု ဆိုသည်။

အစည်းအဝေးတက်သည့် ထားဝယ်ခရိုင် ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌက အရန်ဆန်များ တိုင်းအတွင်း ခရိုင် ၃ ခု ခွဲကာ အရန်သင့် ထားသင့်ကြောင်း အကြံ ပြုသည်။

တနင်္သာရီတိုင်းနှင့် ဝေးလံသည့် အခြား တိုင်း(ရန်ကုန်မျှပင် ကုန်းလမ်း/ရေလမ်း အချက်အခြာ မကျသည့်ဒေသ)တွင် ထားပါ က ယခုကဲ့သို့ လမ်းပြတ်တောက်ပါက ဆန်သယ်ယူရန် အခက်အခဲရှိနိုင်ကြောင်း ထောက်ပြသည်။

တနင်္သာရီအပတ်စဉ်မှ အရန်ဆန် ကိစ္စ မေးသောအခါ တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေမှူးက ၎င်း၏ ရုံးခန်းသို့ လိုက်ခဲ့ရန် ပြောသည်။

ညွှန်ကြားရေမှူးရုံးခန်းတွင် အရန်ဆန်ကိစ္စ မေးခွန်းများမေးမြန်းသောအခါ ဘာကြောင့် တောင်ငူတွင် ၀ယ်ဖြစ်သည်ကို မသိကြောင်း၊ စာချုပ်ပြင်ဆင်ပေးမှ သိရကြောင်း ပြောသည်။

ဆန်များကို တောင်ငူက မည်သူ့ထံ တွင် မည်သည့်ဆန်အမျိုးအစားကို ၀ယ်ထားသည်နှင့် လိုအပ်ချိန် တနင်္သာရီ တိုင်းသို့ မည်သို့ပို့ဆောင်စေမည် စသဖြင့်သော စာချုပ်ပါအချက်များကို မေးမြန်းခဲ့ သော်လည်း ဖြေဆိုခြင်း မရှိပေ။

ဆန်ဝယ်ထားသည့် စာချုပ်ကို ပြသရန် တောင်းဆိုခဲ့သော်လည်း ၀န်ထမ်းစည်း မျဉ်းစည်းကမ်းအရဟု ဆိုကာ ပြသရန် ငြင်းဆိုခဲ့ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို မေးမြန်းရန်သာ ပြောခဲ့သည်။

ဝန်ကြီးအချို့ကို မေးမြန်းရာ အရန် ဆန်ဝယ်မည့်ကိစ္စ ဆွေးနွေးသည်များ ရှိသော်လည်း ၀ယ်သည့်ကိစ်္စ အတိအကျ မသိဟု ဆိုကြသည်။

ထိုနေ့ညနေ ၅ နာရီတွင် ၀န်ကြီးချုပ် ကို အရန်ဆန်ကိစ္စ ထပ်မံမေးမြန်းခဲ့ရာ ၀န်ကြီးချုပ်က ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်လက်ထက်က ၀ယ်ယူခဲ့သည်ဟု သိထားရပြီး ယင်းဆန်ကိစ္စ ရုံးအဖွဲ့ကို ပြန်တင်ပြခိုင်းထားကြောင်း ပြောသည်။

“၀န်ကြီးချုပ်ဟောင်းလက်ထက်က ၀ယ်ထားတယ်လို့ သိရတယ်။ အဲဒီဆန် အတွက် အစိုးရအဖွဲ့ရုံးကို ပြန်တင်ပြခိုင်း ထားတယ်”ဟု ၀န်ကြီးချုပ်က ပြောသည်။

ထားဝယ်ဆန်ကုန်သည်အသင်း ဥက္ကဋ္ဌကမူ ကမ်းရိုးတန်းဒေသဖြစ်သည့် တနင်္သာရီတိုင်းတွင် သဘာဝဘေးဒဏ် အချိန်ရာသီမရွေး ကျရောက်နိုင်သဖြင့် အရန်ဆန်များကို ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့တွင် ခွဲထားသင့်ကြောင်းသာ ထပ်တလဲလဲ အကြံပြုသည်။

အစိုးရပိုင် ဂိုဒေါင်များတွင် ထားနိုင် ပြီး အကယ်၍ လဲလှယ်စနစ်ဖြင့် ထားလို ပါကလည်း ဆန်ကုန်သည်များနှင့် ချိတ်ဆက် ဆွေးနွေးပါက ဒေသအတွက် ဆောင်ရွက်ပေးရန် အသင့်ရှိကြပြီးကြောင်း ၎င်းက ပြောသည်။

“ထားဝယ်ရော ကော့သောင်းရော အစိုးရ အရန်ဆန် (လဲလှယ်စနစ်နဲ့)လက်ခံထားပေးဖို့ အသင့်ရှိတယ်။ လိုအပ်ချိန် အချိန်မရွေး ထုတ်ပေးနိုင်တဲ့အနေ အထား ထားဝယ်ရော ကော့သောင်းရော ရှိပြီးသား။ ခုက မလုပ်ခင်က တစ်စုံ တစ်ရာ ခေါ်ယူဆွေးနွေး တာမျိုး မရှိဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြိတ်တွင် ၀ယ်ထား သည့်အရန်ဆန်မှာ လိုအပ်ချိန် ထုတ်သုံး နိုင်သော်လည်း တောင်ငူတွင် ၀ယ်ထား သည်ဆိုသည့်ဆန်မှာ တိုင်းအတွက် အရန်သင့် ဖြစ်မနေပေ။

ကြက်ခြေနီကဲ့သို့သော အဖွဲ့အစည်း များပင် အရေးပေါ်အခြေအနေတွင် ၎င်းတို့ ထောက်ပံ့ရန်စီစဉ်ထားသည့် ပစ္စည်းများ မြို့အလိုက် ခွဲထားဖြည့်ထားကြသည်။ လိုအပ်က ထုတ်သုံးရန် အသင့်။

သဘာဝဘေးအတွက် အရန်သင့် ဖြစ်ရန် ၀ယ်ထားသည့် တိုင်းအစိုးရ၏ အရန်ဆန်က သဘာဝဘေးသင့်ချိန် အရန်သင့် ဖြစ်မနေ။

တချို့အစိုးရအဖွဲ့ဝင်များက ထိုအရန်ဆန် ၀ယ်ထားသည်ကိုပင် ဂဃဏန မသိ။

ယင်းသည် မိမိတွင် ရောဂါဝင်ချိန် ကုသမည့်ဆေးဝါး၊ ရန်သူဝင်ချိန် တိုက် ထုတ်မည့်လက်နက်နှင့်အင်အား စသည်တို့ မည်မျှရှိသည်ကို မသိခြင်း၊ သိလျှင်ပင် မည်သို့ ကြိုတင်စီမံခန့်ခွဲထားရမည်ကို မသိခြင်းပင် ဖြစ်သည်။

ယခုကဲ့သို့ သဘာဝဘေးကျရောက် ချိန်တွင် တိုင်းအစိုးရက ၎င်းတွင် ရှိနှင့် ပြီးသော ခွန်အားများကို သိနေရန်၊ ထုတ်သုံးတတ်ရန်နှင့် တိုင်းတွင်းအခြေစိုက် လူမှုအဖွဲ့အစည်းတို့၏ ခွန်အားများကို စုစည်းအသုံးပြုတတ်ဖို့ လိုပါသည်။

မင်းခန့်