တိုင်းအတွင်း လူမှုဝန်ထမ်းက ဆောက်သည့် မူကြို လေးကျောင်း သာရှိ

0
1094
ထားဝယ်မြို့ လေ့ကျင့်ရေးကျောင်းအတွင်းရှိ မူကြိုကျောင်း။ ဓာတ်ပုံ - ဝေယံစိုး

တနင်္သာရီတိုင်းအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနက ဆောက်လုပ်ထားသည့် မူလတန်းကြိုကျောင်း လေးကျောင်းသာ ရှိကြောင်း တနင်္သာရီတိုင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

ယင်းလေးကျောင်းမှာ ထားဝယ်မြို့ ဆန်းချီမူလတန်းကြိုကျောင်း၊ လောင်း လုံး မောင်းမကန် မူလတန်းကြိုကျောင်း၊ မြိတ် ရေပုန်းရပ်ကွက်ရှိ မူလတန်းကြို ကျောင်းနှင့် ပုလောမြို့ရှိ မှုလတန်းကြို ကျောင်းတို့ ဖြစ်ကြောင်း အထက်ပါဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်က ပြောသည်။

ယင်းလေးကျောင်းအနက် ဆန်းချီ မူလတန်းကြိုကျောင်းမှာ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ဝန်းကျင်က ဆောက်လုပ် ထားသည့်ကျောင်းဖြစ်ပြီး ကျန်သည့် ကျောင်းများမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဆောက်လုပ်ထားသည့် ကျောင်းများ ဖြစ်ကြောင်း ဦးမောင်မောင်က ပြောသည်။

“အခုနောက်ပိုင်း ပြည်ထောင်စု အစိုးရ ရန်ပုံငွေတွေက ပညာ၊ ကျန်းမာ(ကျန်းမာရေးနှင့် ပညာရေး) ကိုပဲ ဦးစား ပေးနေတော့ လူမှုဝန်ထမ်းဌာနက ရန်ပုံ ငွေရနည်းလို့ မူကြိုကျောင်းတွေ မဆောက်နိုင်တော့တာ” ဟု ၎င်းက ဆိုသည်။

လူမှုဝန်ထမ်း ဦးစီးဌာနက ဆောက်လုပ်သည့် မူလတန်းကြိုကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အခမဲ့ ကျောင်းတက်နိုင်ပြီး ဆရာ၊ ဆရာမလစာ နှင့် အာဟာရကျွေးသည့် အစီအစဉ်များ ကိုပါ အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။

ကျော်သူစိုး