မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနား မွန်လူငယ်များ ဦးဆောင်ကျင်းပ

0
603

ဝါခေါင်လပြည့်နေ့တွင် ကျရောက်သည့် (၇၂) ကြိမ်မြောက် မွန်တော်လှန် ရေးနေ့တွင် ဗဟိုအဆင့်အခမ်းအနားကို မွန်လူငယ်များ ဦးဆောင်ကျင်းပခဲ့သည်ဟု မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်း အနား ကျင်းပရေးကော်မတီထံမှ သိရသည်။

၇၂ ကြိမ်မြောက် မွန်တော်လှန်ရေး နေ့ ဗဟိုအခမ်းအနားကို အမျိုးသားလွတ် မြောက်ရေးအတွက် အသက်ပေးသွားခဲ့ကြသည့် မွန်ခေါင်းဆောင်များ အုတ်ဂူတည်ရှိရာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ၀င်းစိန်တောရသာသနာ့ဝင်းထဲတွင် ကျင်းပပြုလုပ်ခဲ့သည်။

“အမျိုးသားလွတ်မြောက်ရေးအတွက် ကျွန်တော်တို့ ခေါင်းဆောင်တွေ တိုက်ပွဲဝင်လာတာ အခုဆိုရင် ၇၂ နှစ် ပြည့်လာပြီ ဖြစ်ပါတယ်။ တော်လှန်ရေး ကာလတစ်လျှောက်မှာ အသက်ပေးသွား ခဲ့ကြတဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ ဂါရ၀ပြုမယ်။ ဒါတင်မကဘူး ကျွန်တော်တို့ ခေါင်းဆောင်တွေ အသက်ပေး ကြိုးပမ်းခဲ့တဲ့ တော်လှန်ရေး အသီးအပွင့်တွေကို ဆက်လက်ထိန်းသိမ်းပြီးတော့ ပန်းတိုင်ရောက်တဲ့ထိ ကျွန်တော်တို့ ဆက်ကြိုးပမ်းသွားမယ်”ဟု ပွဲကျင်းပရေး ကော်မတီခေါင်းဆောင် မင်းဇာနည်ဦးက ပြောသည်။

အခမ်းအနားသို့ မွန်ပြည်နယ်အတွင်း မှ မွန်လူငယ်များအပါအ၀င် မွန်လူထုများ အင်အားထောင်ချီ တက်ရောက်ခဲ့သည်ဟု ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်လူငယ်များ ဦးဆောင်ကျင်းပသည့် ဗဟိုအခမ်းအနားအပြင် မွန်ပြည်သစ်ပါ တီဗဟိုဌာနချုပ်နှင့် ခရိုင်အဆင့်အဆင့်၊ ကျဆုံးသွားသည့် မွန်ခေါင်းဆောင်အုတ်ဂူများ တည်ရှိသည့်နေရာအချို့တွင်လည်း အသီးသီး ကျင်းပခဲ့ကြသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက် မွန်အမျိုးသားများသည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ၁၉၄၈ ခုနှစ် ၀ါခေါင်လပြည့် နေ့တွင် မွန်လူငယ်အဖွဲ့တို့က မော်လမြိုင် အရှေ့ခြမ်း ဇာသပြင်ကျေးရွာရှိရဲစခန်း အပါအ၀င် ဂျိုင်းမြစ်တစ်လျှောက်ကျေးရွာများတွင်ရှိသည့် ကာကွယ်ရေးလက်နက်များကို စီးနင်းသိမ်းပိုက်ခဲ့ရာမှ မွန် တော်လှန်ရေး အစပျိုးခဲ့ကြောင်း ကော်မတီထံမှ သိရသည်။

အဆိုပါ မွန်တော်လှန်ရေးအစပျိုးခဲ့သည့် ၀ါခေါင်လပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး မွန်ပြည် သစ်ပါတီနှင့် မွန်ပြည်သူတို့က နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။

Dawei Watch