ရေစီးသန်သည့် ကျိုက်မရောသို့ အလှူရှင်များ ကိုယ်တိုင်သွားမလှူရန် ပြည်နယ်အစိုးရ မေတ္တာရပ်ခံ

0
455

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တွင် အတ္တရံမြစ်ရေ ရေစီးသန်နေသည့် အခြေအနေကြောင့် လတ်တလောတွင် အလှူရှင်များ ကိုယ်တိုင်ကိုယ်ကျ သွားရောက် မလှူဒါန်းကြရန် မွန်ပြည်နယ် အစိုးရအဖွဲ့က မေတ္တာရပ်ခံထားသည်။

လတ်တလော အခြေအနေအရ အတ္တရံမြစ် ရေစီးသန်နေခြင်း၊ ရေဘေး အန္တရာယ် စိုးရိမ်ရခြင်း၊ လမ်းပန်းဆက် သွယ်မှု အခက်အခဲ ရှိနိုင်ခြင်းတို့ကြောင့် ယင်းသို့ မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း သိရသည်။

“မနှစ်က ဖြစ်စဉ်မှာလဲ သွားရောက် လှူဒါန်းရင်း လှေကူးရင်းနဲ့ အသက်ဆုံး ရှုံးမှုတွေဖြစ်တာ ရှိတယ်။ ဒီနှစ်မှာ ရေစီးလည်း သန်နေတယ်။ ရေမြုပ်တဲ့ ဧရိယာလည်း ကျယ်နေတယ်။ နောက်သွားဖို့လာ ဖို့မှာလည်း စက်လှေ အခက်အခဲတွေ ရှိနေတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ရေပြန်ကျသွားပြီဖြစ်သည့် ရေး၊ ဘီးလင်း၊ မော်လမြိုင် အစရှိသည့် မြို့နယ် ကိုတော့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ကျိုက်မရောမြို့နယ်၌ ရပ်ကွက်/ကျေးရွာပေါင်း ၃၁ ခုတွင် ရေကြီးနစ်မြုပ်လျက်ရှိရာ အိမ်ထောင်စု ၁၁၀၀၀ ကျော်မှ လူဦးရေ ၅၆၀၀၀ ကျော် ရေဘေးသင့်လျက်ရှိပြီး ၎င်းအနက်မှ လူဦးရေ ၂၀၀၀၀ ကျော်သာ ဘေးလွတ်ရာ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ ထားသည်။

ရေကြီးနစ်မြုပ်နေသည့် ရပ်ကွက်/ ကျေးရွာအများစုသည် အတ္တရံမြစ်ကြောင်း တစ်လျှောက်ရှိ ရပ်ကွက်/ ကျေးရွာများ ဖြစ်ကြောင်း သွားလာရေးအတွက် အခက်အခဲရှိနေကြောင်း  ဒေသခံများထံမှ သိရ သည်။

“လက်ရှိမှာ ကားလမ်းကနေ ကျိုက်မရောသွားဖို့ အခက်အခဲရှိနေသလို ကျိုက်မရောကနေ (ကျေးရွာများသို့) ဆက်သွား ဖို့ စက်လှေတွေ အခက်အခဲ ရှိနေပါတယ်”ဟု ကျိုက်မရောဒေသခံ နိုင်ရဲဇော်က ပြောသည်။

ရေကြီးနစ်မြုပ်နေသည့် ရပ်ကွက်/ ကျေးရွာ ၃၁ ခန့်အနက်မှ တချို့ရပ်ကွက်/ ကျေးရွာသည် ရွာလုံးကျွတ်ရေမြုပ်နေပြီး အထူးသဖြင့် ကျေးရွာများနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် အတွက် ကယ်ဆယ်ရေးလုပ်ရန်နှင့် ရိက္ခာ ပို့ဆောင်နိုင်ရန် အခက်အခဲဖြစ်နေသည် ဟု ဒေသခံနှင့် ကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် သြဂုတ်လ ပထမ အပတ်အတွင်း မိုးသည်းထန်စွာရွာသွန်း မှုကြောင့်နှင့် တောင်ကျချောင်းရေများကြောင့် ပြည်နယ် တစ်ခုလုံးနီးပါး ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။

အထူးသဖြင့် ရေးနှင့် ကျိုက်မရော မြို့နယ်တွင် ဆိုးရွားစွာဖြစ်ခဲ့ပြီး ရေကြီး နစ်မြုပ်မှုကြောင့် တစ်ပြည်နယ်လုံးတွင် လူသိန်းနှင့်ချီ ရေဘေးသင့်ခဲ့ရသည်။

အဆိုပါရေကြီးနစ်မြုပ်မှုကြောင့် သြဂုတ်လ ၉ ရက်မှ ၁၃ ရက်အတွင်း လူ ၇၀ ဦးခန့် သေဆုံးပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၁,၂၀၀ ကျော်ရှိကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

Dawei Watch