တက္ကသိုလ်ကျောင်းသားများ ဆန္ဒထုတ်ဖော်က ခွင့်ပြုချက်တင်ရန် ညွှန်ကြား

0
802

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများ ဆန္ဒထုတ်ဖော်ပါက ဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်း ခွင့်ပြုချက်တင်ရန် အဆင့်မြင့်ပညာဦးစီးဌာနက သြဂုတ်လ ၁၃ ရက်တွင် ညွှန်ကြားလိုက်ကြောင်း ထားဝယ်မြို့ရှိ တက္ကသိုလ်အချို့ထံမှ သိရသည်။

ဆန္ဒထုတ်ဖော်မည့် အကြောင်းအရာ၊ ခန့်မှန်းလူဦးရေ၊ အချိန်၊ နေရာ စသည့် တို့ကို သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန တို့ကို ခွင့်ပြုချက်တင်ပြရမည်ဖြစ်ကြောင်း ယင်းညွှန်ကြားစာတွင် ဖော်ပြထားသည်။

ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြခြင်းမရှိဘဲ ဆန္ဒပြခြင်းများဆောင်ရွက်ပါက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းညွှန်ကြားစာတွင် ဖော်ပြထားသည်။

ထားဝယ်ခရိုင်ရှိ တက္ကသိုလ်အချို့မှ တာဝန်ရှိသူများကလည်း ယင်းညွှန်ကြား စာကို ကျောင်းသူ၊ ကျောင်းသားများအား အသိပေးထားပြီဖြစ်ကြောင်း ပြောဆိုသည်။

“ဒီညွှန်ကြားချက်က သူတို့(ကျောင်း သား)တွေကို ဆန္ဒမပြရဘူးလို့ တားမြစ်ထားတာ မဟုတ်ဘူးလေ။ သတ်မှတ်စည်း ကမ်းအတိုင်းလုပ်ရင်တော့ သူတို့အတွက် ပိုအန္တရာယ်ကင်းတာပေါ့”ဟု ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်) ကျောင်းအုပ်ကြီး ဒေါက်တာ ခင်အေးသန်းက ဆိုသည်။

ထားဝယ်ခရိုင်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုမျိုးမင်းဦးကမူ ဒီမိုကရေစီ ခေတ်တွင် ယင်းညွှန်ကြားချက်သည် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ်ရာ ရောက်နေသဖြင့် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ကျော်သူစိုး