ပြည်ထောင်စုလွှတ်တော် သဘာဝဘေးထောက်ပံ့ပေးရေးအဆိုတွင် တနင်္သာရီတိုင်း မပါသဖြင့် တောင်းဆိုခဲ့ရ

0
418

ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် အသက်အိုး အိမ်စည်းစိမ်ဆုံးရှုံး မှုများအတွက် ၀မ်းနည်းကြောင်း မှတ်တမ်း တင်ခြင်းနှင့်  လွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ်ကို ကူညီထောက်ပံ့ပေးမည့်အဆိုတွင် တနင်္သာရီတိုင်း မပါဝင်သဖြင့် တောင်း ဆိုခဲ့ရသည်။

သြဂုတ်လ ၁၃ ရက်က ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် မန္တလေးတိုင်း အောင်မြေ သာဇံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမျိုးက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးကြောင့် ပြည်သူ များ အသက်အိုးအိမ်ဆုံးရှုံးမှုများအတွက် စာနာထောက်ထားဝမ်းနည်းရပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ်ကို ကူညီထောက်ပံ့ ပေးရေးအဆိုကို တင်သွင်းခဲ့သည်။

ယင်းအဆိုတွင် တနင်္သာရီတိုင်း မပါဝင်သဖြင့် တနင်္သာရီတိုင်းဒေသကြီးကိုပါ မှတ်တမ်း တင်ပေးရန် တနင်္သာရီ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဦးအောင်ကျော်ဟိန်း၏ တောင်းဆိုမှုကြောင့် အထက်ပါအဆိုတွင် တနင်္သာရီတိုင်းဒေသကြီးကို ထည့်သွင်းခဲ့သည်။

သဘာဝဘေးသင့်ဒေသများအတွက်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ လှူဒါန်းငွေ ကျပ် ၆၃ သိန်းကျော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကကျပ် ၈၆ သိန်း ကျော်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက ကျပ် ၄၄ သိန်းကျော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကျပ် ၃၀ သိန်းကျော်၊ စုစုပေါင်းကျပ် ၂၂၅ သိန်းတိတိအား ကူညီလှူဒါန်း မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်အစည်းအဝေးတွင် ပြောကြား ခဲ့သည်။

၎င်းအပြင် သဘာဝဘေးဒဏ်ခံစား နေရသည့် ပြည်သူများအတွက်  ပြည်ထောင်စု လွှတ်တော်အစည်းအဝေး အတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် အစည်း အဝေးခန်းမအတွင်းရှိသူအားလုံး တစ်မိနစ် မတ်တပ်ရပ်ပြီး ငြိမ်သက်ကာ မေတ္တာ ပို့သခဲ့ကြသည်။

မြင့်မိုရ်(မြိတ်)