တနင်္သာရီတိုင်းတွင် လယ်ဧက နှစ်သောင်းနီးပါး ရေမြုပ်၊ မြေဖုံး

0
558

တနင်္သာရီတိုင်းအတွင်း ရေကြီးတောင်ပြိုမှုများကြောင့် လယ်ဧက နှစ်သောင်းနီးပါးရေမြုပ်ကာ မြေဖုံးခဲ့ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရ သိရသည်။

သြဂုတ်လ ၁ ရက်မှ ၁၄ ရက်အထိ စာရင်းအရ ရေကြီးနစ်မြုပ်၊ မြေဖုံး လယ်မှာ ထားဝယ်ခရိုင်တွင် ဧကရှစ်ထောင်ကျော် (၈၂၆၅ဧက)၊ မြိတ်ခရိုင်တွင် ဧက တစ်သောင်းနီးပါး (၉၈၉၇ ဧက) ရှိကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

တိုင်းအတွင်း ယခုနှစ် စိုက်ပျိုး လယ်ဧက တစ်သိန်းကျော်(၁၅၈၅၆၈ ဧက) ရှိသည့်အနက် ဧက နှစ်သောင်း နီးပါး (၁၇၈၁၆ ဧက)ရေမြုပ်၊ မြေဖုံး ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

ရေမြုပ်၊ မြေဖုံးသဖြင့် ပျက်စီးသွားသည့် လယ်ဧကမှာ နှစ်ထောင်နီးပါး (၁၇၂၆ ဧက) ခန့်ရှိကြောင်း ဦးစိုးသိန်းက ပြောသည်။

ယမန်နှစ်ကမူ တိုင်းအတွင်း ရေကြီး နစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့်လယ်များကို လယ်တစ်ဧကလျှင် မျိုးစပါးတစ် တင်းနှုန်း၊ လယ်ငါးဧကလျှင် မြေသြဇာ တစ်အိတ်နှုန်းစသဖြင့် ထောက်ပံ့ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးစိုးသိန်းက ပြောသည်။

“ဒီနှစ်လည်း ထောက်ပံ့ဖို့ဆိုပြီးတော့ အစိုးရအဖွဲ့ကို တင်ပြထားတာရှိတယ်။ အခုက ထိခိုက်(ပျက်စီး)တဲ့လယ်စာရင်း တိတိကျကျရဖို့ ကောက်နေဆဲပဲရှိသေးတယ်”ဟု ၎င်းက ဆိုသည်။

ရေမြုပ်သဖြင့် ပျက်စီးသွားသည့် လယ်များကို ပြန်လုပ်ရန်အတွက် တစ်ဧကလျှင် လေးသောင်းကျပ်ခန့် ထပ်မံကုန်ကျ နိုင်ကြောင်း လယ်ရေမြုပ်ခဲ့သည့် ထားဝယ် မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှ လယ်သမား ဦးတင်ကွိုင်က ပြောသည်။

“အခုက ပိုက်ဆံကုန်တယ်ဆိုတာ ထက်ကို လမ်းနဲ့ဝေးတဲ့လယ်တွေ ဘယ်လိုပြန်ထွန်ရ မလဲဆိုတာ ခက်နေတယ်။ တချို့လယ်တွေက စပါးပင်တွေရှိနေပြီး သားဆိုတော့ ထွန်စက်ဆင်းဖို့ ခက်တယ်လေ”ဟု ၎င်းက ဆိုသည်။

ယမန်နှစ်က တိုင်းအတွင်း ရေကြီး နစ်မြုပ်မှုကြောင့် လယ်ဧက ခုနစ်ထောင်ကျော်(၇၂၀၂ ဧက) ထိခိုက်ပျက်စီးခဲ့ကြောင်း တနင်္သာရီတိုင်းစိုက်ပျိုးရေးဦးစီးဌာန စာရင်းအရ သိရသည်။

ကျော်သူစိုး