မော်လမြိုင်၊ ရန်ကုန်မှ အဓိက တင်သွင်းရသည့် စားသောက်ကုန် အချို့ ထားဝယ်ဈေးကွက်တွင် သိသိသာသာ ဈေးနှုန်းမြင့်တက်

0
475

ထားဝယ်- ရေးလမ်းပိုင်းရှိ မလွှဲတောင်လမ်းပိုင်းပြတ်တောက်မှုကြောင့် မော်လမြိုင်၊ ရန်ကုန်မှ အဓိက တင်သွင်း နေသည့် စားသောက်ကုန်ပစ္စည်းအချို့ သိသိသာသာ ဈေးနှုန်းမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိ ရှိရသည်။

ထားဝယ်-ရေး လမ်းပိုင်းဖြစ်သည့် မလွှဲတောင်တွင် သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ကားလမ်းမပေါ် မြေပြို ခြင်း၊ လမ်းသား ကျွံကျခြင်းတို့ကြောင့် လမ်းပိုင်းပြတ်ထွက်ခဲ့သဖြင့် ယင်းလမ်းကို အသုံးပြုကာ သယ်ယူရောင်းချနေ ကုန်ပစ္စည်းအချို့မှာ သိသိသာသာ ဈေးတက်လာခဲ့သည်ဟု စားသောက်ကုန် ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၅ ရက်ခန့်က ဂေါ်ဖီထုပ် တစ်လုံးလျှင် ကျပ် ၆၀၀ သာရှိခဲ့သော်လည်း သြဂုတ်လ ၁၃ ရက်တွင် တစ်လုံးလျှင် ကျပ် ၂၀၀၀ မှ ၂၅၀၀ အထိ ဈေးတက်သွားသည်။

ခရမ်းချဉ်သီးတစ်ပိသာလျှင် ယခင် ကျပ် ၁၀၀၀ မှ လက်ရှိ ကျပ် ၃၅၀၀ ၊ မုန်လာဥနီ တစ်ပိသာလျှင် ယခင် ကျပ် ၂၀၀၀ မှ လက်ရှိ ကျပ် ၃၅၀၀ ၊ ကြက်သွန်နီ တစ်ပိသာလျှင် ယခင် ကျပ် ၁၂၀၀ မှ လက်ရှိ ကျပ် ၁၅၀၀ မှ ကျပ် ၂၀၀၀ အထိ ပေါက်ဈေး ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ကျွန်မတို့လည်း ၀ယ်စားသမားတွေကို အားနာနေပြီ။ ဂေါ်ဖီထုပ်တစ်လုံး ကို နှစ်ထောင်ဆိုတော့လေ။ တခြား ဆိုင်တွေမှာဆို သုံးထောင်ငါးရာအထိကို ဖြစ်နေတယ်”ဟု ထားဝယ်ကမ်းနားဈေးရှိ ကုန်စိမ်းရောင်းနေသည့် ဆိုင်ရှင်အမျိုး သမီးတစ်ဦးက ဆိုသည်။

ထို့အပြင် ထားဝယ်-ထီးခီးကား လမ်းတွင် ရေလွှမ်းနေသောကြောင့် ထိုင်းဘက်မှ ၀င်လာသည့် စားသောက်ကုန်များလည်း  ဈေးတက်နေသည်ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသတွင်းနေရာအနှံ့တွင် ရေကြီးရေလျှံနေခြင်း၊ မြေပြိုခြင်း တို့ကြောင့် စားသောက်ကုန် ၀ယ်လိုအား မြင့်တက်နေပြီး ကျေးလက်ဒေသနှင့် မြို့နယ်များမှ ဖောက်သည်များကို အားလုံး မျှမျှတတရအောင် ရောင်းချပေးနေရသည်ဟု ထားဝယ်မြို့ နိဗ္ဗာန်လမ်းရှိ ကုန်ခြောက်ဆိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

စားသောက်ကုန်များမှာ တစ်ဆိုင်နှင့် တစ်ဆိုင်ဈေးနှုန်းကွဲလွဲမှုများရှိပြီး အခြားစားသောက်ကုန်အချို့လည်း ဈေးနှုန်းအနည်းငယ်စီ တက်နေသည်ဟု စုံစမ်း သိရှိရသည်။

မလွှဲတောင်လမ်းပိုင်း အမြန်ဆုံး ပြီးစီးမှသာ စားသောက်ကုန်ဈေးနှုန်းများ ပြန်လည်ကျလာမည်ဖြစ်ပြီး လမ်းပြင်နေသည့် ကာလအတွင်း ပစ္စည်းပြတ်လပ်သွားသည့် အခြေအနေမျိုး မရှိနိုင်ဟု ဈေးသူ ဈေးသားအချို့က ခန့်မှန်းပြောဆို ကြသည်။

မိုးမြင့်