အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပမည်

0
741

သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင် အခြေခံကျောင်းပေါင်းစုံ အမျိုးသမီး ဘောလုံး ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ထားဝယ်မြို့နယ်တွင် သြဂုတ်လ ၁၉ ရက်မှ ၂၆ ရက်အထိ ရွှေဝယ်သီရိအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း ၈ ကျောင်းမှ အသင်း ၈ သင်း ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။

သရက်ချောင်းမြို့နယ်တွင် အဆိုပါပြိုင်ပွဲကို စက်တင်ဘာလ ၂ ရက်မှ ၆ ရက် အထိ မြို့မအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပြီး အခြေခံပညာကျောင်း ၆ ကျောင်းမှ အသင်း ၆ သင်းဝင်ပြိုင်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဦးဝင်းမောင်လေးက ပြောသည်။

 “အမျိုးသမီးဘောလုံးပွဲတွေလည်း မလုပ်တာ ကြာပြီလေ”ဟု အထက်ပါ အားကစားမှူး ဦးဝင်းမောင်လေးက ဆိုသည်။

ဒီဇင်ဘာလတွင် ကျင်းပမည့် မြို့နယ် ပေါင်းစုံမှ အခြေခံပညာကျောင်းပေါင်းစုံ ပြိုင်ပွဲပြုလုပ်ရန် တိုင်းအား/ကာနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပ ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

မိုးမြင့်