ကျန်းမာရေးလမ်းရှိ ကြံ့ခိုင်မှု အားနည်းနေသည့်တံတား လာမည့်နှစ် အသစ်ဆောက်မည်

0
398
ဓာတ်ပုံ - ကိုဇော်

ထားဝယ်မြို့ ၊ ကျန်းမာရေးလမ်းရှိ ကြံ့ခိုင်မှုအားနည်းနေသည့် တံတားငယ် တစ်စီးကို လာမည့်ဘဏ္ဍာနှစ်တွင် အသစ် ဆောက်တည်ဆောက်ရန် လျာထားကြောင်း ထားဝယ်မြို့နယ် လမ်းဦးစီးဌာန ထံမှ သိရသည်။

ကျန်းမာရေးလမ်းရှိ အရှည် ၁၈ ပေနှင့် အကျယ် ၁၄ ပေခန့်ရှိ လက်ရှိတံတား (ဒေသအခေါ် တံတားဖြူ)မှာ ကြံ့ခိုင်မှု အားနည်း နေသည့်အတွက် ယာဉ်ကြီးများ သွားလာခွင့်ကို ကန့်သတ်ထားသည်။

အဆိုပါတံတားကို လာမည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အစတွင် စတင်တည် ဆောက်ရန် မျှော်မှန်းထားပြီး တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လျာထားကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်ဝင်းလဲ့လဲ့ခိုင်က ဆိုသည်။

“ဆောက်ဖို့သေချာတယ်။ အဓိက ဦးစားပေးလုပ်ရမယ့် လုပ်ငန်းဖြစ်နေ တယ်”ဟု ဒေါ်ဝင်းလဲ့လဲ့ခိုင်က ပြောသည်။

လက်ရှိတံတားမှာ အန္တရာယ်ရှိလာ နိုင်သည့်အတွက် ကားကြီးများဖြတ်သန်း မသွားလာစေရန် အမြင့် ရှစ်ပေရှိ သံတန်း သံဘောင်ဖြင့် လမ်းထိပ်တွင် အတားအဆီးလုပ်ဆောင်ထားသည်။

အသစ်ဆောက်မည့် တံတားမှာ အရှည်ပေ ၂၀ ခန့်နှင့် အကျယ် ၃၀ ပေ ခန့် ရှိမည်ဖြစ်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။

ကိုဇော်