အိမ်ထောင်စုစာရင်း/မှတ်ပုံတင် မရှိခြင်းကြောင့် လူဦးရေစာရင်း မကောက်ဘဲ ချန်ထားက မြို့နယ်ရွေးကော်ထံ အကြောင်း ကြားပါ

0
590

လူဦးရေစာရင်းကောက်ယူချိန်တွင် အိမ်ထောင်စုစာရင်း/ မှတ်ပုံတင် မရှိသည့် အတွက် ကောက်ယူသူက ချန်ထားခဲ့ပါက အကြောင်းကြား ဆက်သွယ်နိုင်ကြောင်း ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ(ရွေး/ကော်)ဥက္ကဋ္ဌက ပြောသည်။

ထားဝယ်မြို့နယ်အတွင်း လူဦးရေ စာရင်းကောက်သည့် ကောက်ကွက် ၁၀၁ ကွက်ရှိပြီး ဇွန်လမှ သြဂုတ်လကုန် အထိ ကောက်ယူနေကြောင်း မြို့နယ် ရွေး/ကော်ဥက္ကဋ္ဌ ဦးစိုးလွင်က ဆိုသည်။

ထိုသို့ကောက်ယူရာတွင် ရပ်ရွာ အတွင်း နေထိုင်သူအားလုံးကို ကောက်ယူရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ ကောက်ခိုင်းထားတာက အိမ်တိုင်းစေ့ကို ကောက်ရမယ်၊ လူတိုင်းကို ကောက်ရမယ်”ဟု ဦးစိုးလွင်က ဆိုသည်။

လူဦးရေစာရင်းကောက်ချိန်တွင် အိမ်ထောင်စုစာရင်းမရှိခြင်း၊ မှတ်ပုံတင် မရှိခြင်းနှင့် အခြားအကြောင်းအမျိုးမျိုး ကြောင့် ကျန်ခဲ့ပါက ၎င်းကိုင်ဆောင်သည့် ၀၉၄၅၉၈၂၁၃၅၀ ထံ ဆက်သွယ်ခြင်း အပြင် မြို့နယ်ရွေးကော်ရုံးသို့လည်း လာ ရောက် ဆက်သွယ်နိုင်ကြောင်း ၎င်းက ပြောသည်။

မြို့နယ်ရွေး/ကော်ရုံးကို ထားဝယ်မြို့ရှိ စုပေါင်းရုံး အဆောက်အအုံ အောက်ထပ်တွင် ဖွင့်လှစ်ထားသည်။

ကောက်ယူရရှိသည့် လူဦးရေစာရင်း ကို အခြေခံကာ အခြေခံမဲစာရင်းကို ပြုစုမည်ဖြစ်ပြီး အခြေခံမဲစာရင်းပြုစုခြင်း ကို ဇွန်လမှ စက်တင်ဘာလအထိ လေးလတာကာလအတွင်း ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးစိုးလွင်က ဆိုသည်။

လူဦးရေနှင့် အချက်အလက်များကောက်ယူပြုစုရမည့်ပုံစံ(က) တွင် အချက် ၁၁ ချက်ပါဝင်ပြီး လူဦးရေနှင့် အချက်အလက်များ ကောက်ယူပြုစုရာတွင် အမှန်တကယ်နေထိုင်ခြင်းမရှိသူများ စာရင်း ပုံစံ (က-၁) တွင် ၁၁ ချက်ပါဝင်ကြောင်း ခရိုင်ထွေအုပ်ရုံး ထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့ဖူးပြီး ဆယ်နှစ်တစ်ကြိမ်ကောက်ယူရန် စီစဉ်ထားသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ တနင်္သာရီ တိုင်းတွင် လူဦးရေ ၁၄ သိန်းကျော်ရှိ သည်။

Dawei Watch