ရှင်မော်သို့ ကားငယ်များ စသွားနိုင်ပြီ၊ ရင်ပြင်ရှိ တောင်ပြိုမြေများကို ရှင်းလင်းနေဆဲ

0
610
ဓာတ်ပုံ - သက်ဇော်မြတ်

မြေပြိုပြီး တစ်ပတ်ခန့်အကြာတွင် ရှင်မော်စေတီ ရင်ပြင်အထိ ကားငယ်များ သွားလာနိုင်ပြီဖြစ်ပြီး မြေ၀င်ခဲ့သည့် သာသနိက အဆောက်အအုံအချို့ကို ရှင်းလင်းနေဆဲဖြစ်ကြောင်း ရှင်မော် ဂေါပကအဖွဲ့နှင့် တိုင်းလမ်းဦးစီးဌာန ထံမှ သိရသည်။

သြဂုတ်လ ၁၆ ရက် ညနေပိုင်းတွင် ယင်းကဲ့သို့ ကားငယ်များစတင် သွားလာ နေနိုင်ပြီဖြစ်သော်လည်း မှန်လုံကားကြီး များမှာမူ သွားလာမရသေးကြောင်း ယင်း စေတီဂေါပက ဥက္ကဋ္ဌ ဦးဖေအောင်က ပြောသည်။

တောင်ပြိုမြေ အမြောက်အမြား ၀င်ရောက်ခဲ့သည့် ရှင်မော်စေတီ ပရ၀ုဏ်အတွင်းရှိ ခြေတော်ရာနှင့် အောင်မြေစေတီ သာသနိက အဆောက်အအုံတို့ကိုမူ တပ်မတော်သား တစ်ရာကျော်က ရှင်းလင်းပေးနေ ဆဲဖြစ်ကြောင်း ဦးဖေအောင်က သြဂုတ်လ ၁၇ ရက်ညနေပိုင်းတွင် ပြောသည်။

“ကားငယ်တွေတော့ သွားလို့ရနေ ပြီ။ မှန်လုံကားကြီးတွေတော့ သွားလို့ မရသေးဘူးပေါ့။လမ်းက အခုလောလောဆယ် ဘုရား(ရှင်မော်စေတီ)ကို ယာယီသွား လာရအောင် ဖောက်ထားတာကိုး”ဟု ဦးဖေအောင်က ဆိုသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရှင်မော်တောင်အပါအ၀င် အနီးအနား ကျေးရွာများတွင် သြဂုတ်လ ၁၀ ရက်မှ စပြီး တောင်ပြိုခြင်းများဖြစ်ပွားခဲ့သဖြင့် တစ်ပတ်ခန့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သည်။

“လမ်းသားပြတ်ကျသွားတဲ့နေရာ တွေကို ရှောင်ကွင်းလမ်းပုံစံမျိုးပေါ့နော်  လောလောဆယ် ယာယီသွားလို့ရအောင် ဖောက်ထားတာ”ဟု တနင်္သာရီတိုင်း လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ ဦးမြင့်ဇော်ဦးက ပြောသည်။

လမ်းပြတ်တောက်မှုများကို ဒေသခံများ၊ သက်ဆိုင်ရာတာဝန်ရှိများ၊ တပ်မတော်သားများက ဆက်တိုက်လမ်းရှင်း၊ လမ်းဖောက်ခဲ့ကြသည်။

ယင်းကဲ့သို့လမ်းပြတ်တောက်သွား ခြင်းကြောင့် ရှင်မော်စေတီရှိ ဂေါပက အဖွဲ့ဝင်များ၊ ဈေးသည်များမှာ ယင်း တောင်ပေါ်တွင် တစ်ရက်ခန့်အကြာ ပိတ်မိနေခဲ့ပြီး နောက်တစ်နေ့တွင် ကယ် ထုတ်နိုင်ခဲ့သည်။

လာမည့်နွေရာသီတွင် ခရီးသည်များ ပုံမှန်သွားလာနိုင်ရေး ယင်းလမ်းပိုင်းကို သီတင်းကျွတ်အမီ ပြင်ဆင်ပေးနိုင်ရန် တနင်္သာရီတိုင်း ၀န်ကြီးချုပ်ကို အကူအညီ တောင်းထားကြောင်း ရှင်မော်စေတီ ဂေါပကအဖွဲ့ထံမှ သိရသည်။

ကျော်သူစိုး