သေခြင်း ယတြာ

0
1471

လွန်ခဲ့သည့် ၃ နှစ်က လောင်းလုံးမြို့ နယ် ညင်းမော်ရွာသင်္ချိုင်းတွင် ထူးခြားသည့် အလောင်းတစ်ခု သင်္ဂြိုဟ်ခဲ့ဖူးသည်။

ပို့ဆောင်သူမှာ လူနှစ်ဆယ်ခန့်သာ။ ရပ်ရွာအတွင်း လူသိများသူဖြစ် သော်လည်း ဆွေမျိုးသားချင်းမျှသာ ပို့ဆောင်ကြသည်။

တချို့က အိမ်မှ နိဗ္ဗာန်ယာဉ် စထွက်ကတည်း ထုံးစံအတိုင်း ငိုကြယိုကြသည်။

“မမိစုရေ၊ နင့်သားသမီးတွေကို ဒီအတိုင်း ထားခဲ့ပြီလား….”

“တစ်ခါမှ နေမကောင်း မဖြစ်ဖူးတဲ့သူ၊ အခုတော့ တစ်ခါလေး နေမကောင်း တာဖြစ်နဲ့ သေသွားပါရောလား….”

စသည်ဖြင့် အော်ဟစ်ကာ မျက်ရည်တောက်တောက်ကျ ငိုကြသည်။

သင်္ဂြိုဟ်ရာတွင် မီးသင်္ဂြိုဟ်စက် အသစ်တွင် သင်္ဂြိုဟ်ခွင့်မရ။ စက် အဟောင်းတွင်သာ သင်္ဂြိုဟ်ခွင့်ရသော် လည်း အသုဘပို့ဆောင်သည့် ဆွေမျိုးသားခြင်းတို့ မငြိုငြင်ခဲ့။ သင်္ဂြိုဟ်ခွင့် ရသည်ကိုပင် ကျေနပ်ကြပါပြီ။

ငိုသံကား မစဲ။ အလောင်းကို မီးရှို့ နေစဉ်တွင်လည်း ၀မ်းနည်းပက်လက် ငိုကြသည်။

ထူးခြားသည်မှာ ရှို့လိုက်သော အလောင်းက အ၀တ်အစား ၀တ်ပေးထားသည့် ငှက်ပျောတုံးကြီးသာ  ဖြစ်ပါသည်။

အလောင်းက ငှက်ပျောတုံးမှန်း ငိုသူတို့အပါအ၀င် လိုက်ပါပို့ဆောင်သူ အားလုံး သိပါသည်။ သို့သော် သူတို့က အားရပါးရ ငိုကြသည်။

သူ့တို့ ငိုလေလေ ယတြာစွမ်းလေလေဟု သူတို့ ယူဆကြသည်။

အမှန်မှာ သူတို့သည် ဆေးရုံတက် နေသည့် လူနာ ဒေါ်မိစု(အမည်လွှဲ) သေဆုံးပြီဟု ယတြာချေနေကြခြင်း ဖြစ်ပါသည်။

ထိုသို့ သေပြီဟု ယတြာချေသည်က ဒေါ်မိစု တစ်ဦးတည်း မဟုတ်ပါ။

အသည်းအသန် နေထိုင်မကောင်း ဖြစ်သူ၊ ဆေးရုံတွင် အသက်လုကာ ဆေးကုသခံနေရသူ အတော်များများက ဗေဒင်ဆရာ၊ မယ်တော်၊ ဘိုးတော် စသူတို့၏ ဟောချက်များအရ သေသည်ဟု ယတြာ ချေတတ်ကြပါသည်။

လူနာကိုယ်တိုင် အယုံအကြည် မရှိလျှင်ပင် လူနာရှင်များက မိမိတို့လူနာ အတွက် အထောက်အကူဖြစ်စေရေး အလို့ငှာ မိမိတို့ ယုံကြည်ကိုးစားသည့် ဗေဒင်ဆရာ၊ မယ်တော်၊ ဘိုးတော်တို့ထံ ပြေးကာ ဟောကြတွက်ကြ သေသည်ဟု ယတြာ ချေကြရပါသည်။

လူနာရော လူနာရှင်များကိုယ်တိုင် ပါ အယုံအကြည်မရှိလျှင်ပင် ဆွေမျိုး များ၊ ဆေးရုံအခန်းဖော်များ၏ တိုက်တွန်းမှုကြောင့် ဗေဒင်မေးကာ လူနာသေသည်ဟု ယတြာချေလိုက်ကြရသူများလည်း ဒုနှင့်ဒေး ရှိပါသည်။

ထိုသို့ သေသည်ဟု ယတြာချေရာ တွင် အများအားဖြင့် ငှက်ပျောတုံးကို လူနာ ၏အရပ်နှင့် ညီမျှအောင် ဖြတ်ကြရသည်။ လူနာ၏ အင်္ကျီ၊ လုံချည် (သံဃာဆိုက ထိုသံဃာသင်္ကန်း)ကို ၀တ်ဆင်ပေးကြရ သည်။ လူနာ၏ ဆံပင်ကို ငှက်ပျောတုံး ၏ ခေါင်းနေရာတွင်၊ လူနာ၏ လက်သည်းကို လက်နေရာ၊ ခြေသည်းကို ခြေနေရာ တွင် ထားကြရသည်။

ယင်းသို့ စီမံပြီး အချို့က အခေါင်း ထဲထည့်ပြီး ကိုယ့်ဥယျာဉ်ခြံအတွင်း သွား ရောက် မြှုပ်နှံကြသည်ကို တွေ့ဖူးကြောင်း မြိတ်မြို့ မြို့သစ်ရပ်နေ အသက် ၆၂ နှစ်ရှိ ဒေါ်မြင့်က ပြောသည်။

အချို့ဗေဒင်ဆရာတို့ကလည်း သေသည်ဟု အခမ်းအနားဖြင့် အသုဘချ သည်အထိ မလုပ်ခိုင်းဘဲ လူနာ၏ ခြေသည်း၊ လက်သည်း၊ ဆံပင်၊ အ၀တ်အစားတို့ကို အိတ်ဖြင့်ထုတ်ကာ အရပ် မျက်နှာ တစ်ခုခုတွင် မြှုပ်ခိုင်းခြင်း၊ ရေတွင် မျှောခိုင်းခြင်း စသည်ဖြင့် ဆောင်ရွက် စေတတ်သည်။

ယင်းကို ကိုယ်စားလက်လှယ် ပစ်သည်ဟု ခေါ်ကြသည်။

ဆန်မုန့်ညက်ဖြင့် လူအရုပ် လုပ်ကာ အိတ်သေးသေးလေးဖြင့် ဆန်တစ်အိတ်၊ ဆီတစ်အိတ်၊ ဆားတစ်အိတ်၊ လူနာ၏ ခြေသည်းလက်သည်းများဖြင့် ထုတ်ကာ ရေမျှောရ၊ မြေမြှုပ်ရသည်များလည်း ရှိကြောင်း ဒေါ်မြင့်က ပြောသည်။

“လုပ်ပေးလို့ ကောင်းသွားကြတဲ့ လူနာတွေလည်းရှိ သေတဲ့လူနာတွေ လည်း ရှိတယ်။ ရာခိုင်နှုန်းအပြည့်ကောင်း ရမယ်ဆိုတာတော့ မယုံကြည်ဘူး။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ။ လုပ်ပေးတာက မမှားဘူးဆိုပြီးတော့ လုပ်ကြတာပါ”ဟု ဒေါ်မြင့်က ပြောသည်။

ရတနာသုံးပါးကိုဦးထိပ်ပန်ဆင် လျက် ၇ ရက်သားသမီးများ၏ အကျိုး အတွက် ယတြာပေး၊ ဟောပြောပေးနေ သည်ဆိုသည့် ထားဝယ်မြို့နယ် အလယ် ကုန်းရွာမှ ဟောဆရာတစ်ဦးကမူ “ယတြာကောင်းလျှင် မင်းလောင်းပင် ဖြစ်နိုင်”ဟူသည့်ဆိုရိုးပင် ရှိသဖြင့် သင့် တော်သည့် ယတြာချေနည်းများ ဟောပြောသည်ဟု ဆိုသည်။

ခက်ခက်ခဲခဲ အသက်လုရမည့် လူနာမျိုးဆိုက ၎င်းင်း၏နေ့နံအတိုင်း သစ်သားတုံးကိုရှာကာ စီရင်ရန် ယတြာ ပေးကြောင်း ပြောသည်။

ဥပမာ – တနင်္ဂနွေသားဆိုက ဥသျှစ်တုံး။ တနင်္လာသားဆိုက ငုဝါတုံး၊ ငှက်ပျောတုံး။ အင်္ဂါသားဆိုက ညောင် တုံး။ ဗုဒ္ဓဟူးသားဆိုက ၀ါးလုံး စသဖြင့်. …။

ထို သစ်သားတုံးကို လူနာအ၀တ်၊ ဆံပင်၊ ခြေသည်းလက်သည်းဖြင့် အထက် ပါ နည်းအတိုင်းစီရင်ပြီး လူနာ သေပြီ ဟုဆိုကာ လူနာနှင့်အတူ တစ်ညအိပ် ထားပြီးမှ မနက် ကျီးမနိုးခင်သော်လည်း ကောင်း၊ မွန့်တည့်အချိန်သော်လည်း ကောင်း သွားမြှုပ်ခိုင်းကြောင်း အထက်ပါ ယတြာဆရာက ပြောသည်။

“သေတယ်လို့ ယတြာချေတာက တော့ အတော်ခက်ခဲပြီး အသည်းအသန် ဖြစ်တဲ့လူနာတွေကိုသာ လုပ်လေ့ရှိကြတယ်။ တော်ရုံနေမကောင်းဖြစ်ရင် ကိုယ် စားလက်လှယ်လုပ်တာမျိုးတွေ လောက်ပဲ လုပ်ခိုင်းတာ”ဟု ယတြာဆရာက ပြောသည်။

မိမိသေပြီဟု စီရင်ထားပြီး မိမိအ၀တ် ကို ၀တ်ဆင်ပေးထားသည် ယတြာတုံး ကြီးကို နံဘေးတွင်ချကာ ညအိပ်ခဲ့ရဖူး သည်ဆိုသော အလယ်ကုန်းရွာသူ ဒေါ်စုကြည်ကမူ ယတြာဆရာခိုင်း၍သာ လုပ်ခဲ့ရသော်လည်း ယင်းညကို ခုထိ မမေ့။

“ကိုယ့်ဘေးက လူသေလောင်းနဲ့ တူတူအိပ်ရသလိုပဲ။ စိတ်ထဲ ကြောက် စိတ်တွေတအားပဲပေါ့။ အိပ်လို့ကလည်း မပျော်။ ဒါကြီးကြည့်ပြီး တခုခုခံစားရသလို မကောင်းဆိုးဝါးလို လူသေလောင်း ကြီးလိုမြင်ပြီး တွေးကြောက်တယ်”ဟု ဒေါ်စုကြည်က ပြောသည်။

ဒေါ်စုကြည်ကား ယတြာကြောင့်လော၊ ဆေးအစွမ်းကြောင့်လော၊ ကံကြောင့်လော မခွဲခြားနိုင်သော်လည်း နေပြန်ကောင်းခဲ့ပါသည်။

လောင်းလုံးမြို့နယ် ညင်းမော်ရွာမှ သင်္ချိုင်းမီသင်္ဂြိုဟ်စက်တွင် ငိုယိုသူများဖြင့် သေပြီဟု ကျကျနန သင်္ဂြိုဟ်ခဲ့သည့် ဒေါ်မိစုမှာမူ ထိုသို့ ယတြာချေပြီး နှစ်ရက်အကြာတွင် ကွယ်လွန်ခဲ့လေသည်။

ထိုကြောင့် ဆွေမျိုးသားချင်းများက ဒေါ်မိစုကို ညင်းမော်သင်္ချိုင်းသို့ နှစ်ကြိမ် တိုင်တိုင် ထူးခြားစွာ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ရ လေသည်။

တနင်္သာရီသတင်းအဖွဲ့