အလေးထားသင့်သည့်တန်ဖိုးများနှင့် ကတိကဝတ်များ

0
919

“တန်ဖိုး”ဆိုတာဟာ အသုံးဝင်မှု၊ အသုံးကျမှုနဲ့ အလေးအမြတ်ထားမှုအပေါ် ပြသတဲ့ အခြင်းအရာတစ်ခု ဖြစ်တယ်။ တန်ဖိုးထားမှု၊ မထားမှုနဲ့ လူနဲ့ကတိစကား တွေရဲ့ တန်ဖိုးတွေအကြောင်း ကျွန်တော် သည်မနက် အတွေးနယ်ချဲ့မိပါတယ်။

တောင်ကိုးရီးယားနိုင်ငံ ဥမင်လိုဏ်ခေါင်း အတွင်း ရေစီးလမ်းကြောင်း ပြုပြင်သည့် လုပ်ငန်းခွင်မှာ မတော်တဆမှု တစ်ခုအတွင်း  မြန်မာနိုင်ငံသား အလုပ်သမား ကိုဇွဲလင်းမောင် အသက်ဆုံးပါးခဲ့ရတဲ့ သတင်းတစ်ပုဒ်နဲ့အတူ သည်အတွေး နိုးထလာခဲ့တာ ဖြစ်ပါတယ်။

စိတ်မကောင်းစရာ သတင်းဖြစ်ပေမဲ့ ကွယ်လွန်သူအတွက် ကျင်းပတဲ့ အသုဘ အခမ်းအနား ဆုတောင်းစင်မြင့်အထိ ဆိုးလ်မြို့တော်ဝန်၊ ယန်ချွန်းမြို့နယ်မှူး တို့ အပြေးရောက်လာကြ၊ ဦးညွတ်အလေး ပြုကာ တောင်းပန်စကား၊ ၀မ်းနည်းစကား ဆိုရင်း သူတို့အနေနဲ့ နောင် သည်အဖြစ်မျိုး တွေ မဖြစ်အောင်နဲ့ လုံခြုံသော ဘေးကင်းသော မြို့တော်နဲ့ အလုပ်ခွင် ဖြစ်အောင် တည်ဆောက်သွားကြပါ့မယ်လို့ ၀မ်းနည်း စကားနဲ့အတူ ကတိတွေ ပေးသွားကြပါ တယ်တဲ့။

သူနဲ့အတူ ကွယ်လွန်ခဲ့တဲ့ ကိုးရီးယား အလုပ်သမားရဲ့ ဖခင်ကလည်း ဈာပနလာ ကြတဲ့ မြန်မာအလုပ်သမားတွေကို ခါးညွတ် အလေးပြုကာ ကွယ်လွန်သူ ကိုဇွဲလင်းမောင် ကို မကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် သူ့ကို ခွင့်လွှတ်ပေးပါလို့ ၀မ်းနည်းစွာ တောင်းပန် စကား ဆိုပါသတဲ့။

သည်နိုင်ငံနဲ့ လူမှုဝန်းကျင်မှာ မကြုံရ ဖူး၊ မခံစားခဲ့ကြရဖူးလေတဲ့ တာဝန်သိမှု၊ နွေးထွေးမှု၊ တန်ဖိုးထားမှု၊ အလေးပေး ဂရုစိုက်မှုတွေကြောင့် သတင်းဖတ်မိတဲ့ ခဏမှာသော်မှ စိတ်မှာ ကြည်နူးမှုနဲ့ ကြက်သီးတွေ ဖြန်းခနဲ ထသွားရပါတယ်။

တစ်ဆက်တည်း ဇူလိုင်လ ၂၉ရက် က Dawei Watch ၀က်ဘ်ဆိုဒ်ပါ သတင်းလေး တစ်ပုဒ်ကို သတိရမိလို့ ရှာပြီး ပြန် ဖတ်မိပါတယ်။

ဇူလိုင်လ ၂၉ရက်နေ့ မနက် အစောကြီးမှာ ထားဝယ် မြို့လယ်ခေါင် ကညုံရပ် ကွက်တွင် မီးကြိုးပြတ်ကျနေကြောင်း ဖုန်းဆက်သတင်းပေးသော်လည်း လူဓာတ် လိုက်သေဆုံးသည်အထိ လာမပြင်ပေး တဲ့ အကြောင်းသတင်းနဲ့အတူ ဖြစ်စဉ်မှာ ကျွန်တော် တွေးမိတာက တာဝန်ယူမှု၊ တာဝန်ခံမှု ပျက်ယွင်းလို့များ ဖြစ်လေသလားလို့ ဖော့ပြီး တွေးမိတယ်။ ဥပမာ သတင်း ပေးတာကို အကောင်အထည်ဖော်ရမယ့် လျှပ်စစ် လိုင်းမင်း မရှိလို့လား၊ မသိလို့လား၊ ကြားက ဖုန်းလက်ခံ နားထောင်သူက အကောင်အထည်ဖော်ဆောင်ဖို့ ပျက်ယွင်း လို့ လစ်ဟင်းခဲ့လေသလားဆိုတဲ့ ဖြေတွေး လေး တွေးမိပါသေးတယ်။ သတင်းကို အသေအချာ ပြန်ဖတ်မိပါမှ သည့်ထက် ပိုရင်နာစရာ တွေ့ရမြင်ရတော့တာပါပဲ။

Dawei Watch ၀က်ဘ်ဆိုဒ်ပါ သတင်းအရ အခင်းဖြစ်ပွားရာ ကညုံရပ်ကွက် တိုက်သစ်ကျောင်းလမ်းသွယ်အနီးရှိနေတဲ့ ဒေါ်အေးရီ ဆိုသူ အမျိုးသမီးက လျှပ်စစ်မီးကြိုးပေါ် သစ်ကိုင်းကျိုးကျပြီး လမ်းပေါ်သို့ မီးကြိုး ပြတ်ကျနေကြောင်း တာဝန်ရှိသူတွေထံ ကိုယ်တိုင် ဖုန်းဆက်အကြောင်းကြားတယ်။ အချိန်က ဇူလိုင်လ ၂၄ရက် မနက် တစ်နာရီ ၅၈ မိနစ်မှာ ဖြစ်ပါသတဲ့။ လမ်းပေါ် မီးကြိုး ပြတ်ကျနေချိန် မီးကြိုးကို သတိမထားမိပါဘဲ လမ်းပေါ်ကျိုးကျနေတဲ့  သရက်ကိုင်း ကို ရှင်းလင်းရာမှ အသက် ၃၉နှစ်အရွယ် အမျိုးသား ဓာတ်လိုက် သေဆုံးရတာက မနက် ၇နာရီ ဖြစ်ပါသတဲ့။ အကြောင်းကြားချိန်နဲ့ အခင်းဖြစ်ပွားချိန် အကြားမှာ ငါး နာရီ ကျော်ကြာပါတယ်။

အန္တရာယ်ကြီးတဲ့ သည်မီးကြိုးတန်း လန်းနဲ့ လမ်းမပေါ်မှာ ကံဆိုးသူကို စောင့်နေ တာ ငါးနာရီကျော် ပါတယ်။ သည်လို အချိန်တွေ ငါးနာရီကျော် ကြာသည်အထိ လျှပ်စစ်စီးနေတဲ့ကြိုးဟာ လမ်းပေါ်မှာ တာဝန်မဲ့ ပေါ့လျော့စွာ ပစ်စလက်ခတ် ထားခဲ့ကြတယ်။ အခင်းဖြစ်ပွားပြီးမှ အဲသည် လျှပ်စစ်ကုမ္ပဏီက  အထွေထွေ မန်နေဂျာက ပြန်လည်ဖြေရှင်းတာ ဖတ်ရပါမှ စိတ်မကောင်း ပိုဖြစ်ရတယ်။

သတင်းပေးသူက အမြန်လာပါ မပြောလို့သာ မသွားတာဖြစ်ကြောင်း၊ သူက အန္တရာယ်ရှိနေတယ် ချက်ချင်းလာပါ ဆိုလျှင် သွားမည်ဖြစ်ကြောင်း တာဝန်မဲ့စွာ ပြောကြားချက်ကို ပြန်ဖတ်ရလေသော အခါ စိတ်တွင် ပိုလို့ ကြေကွဲရပါတယ်။

အသက်တစ်ချောင်းသည် သည်လို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသော လူတွေရဲ့ လုပ်ရပ်ကြောင့် ပစ်စလက်ခတ် တန်ဖိုးမဲ့စွာ ဆုံးရှုံးခဲ့ရသည့်ပြင် သည်ဖြစ်ရပ်တွင် သူတို့ တာဝန်မရှိ လေဟန် ပြောဆိုဖြေရှင်းတဲ့ အပြောအဆိုမျိုး ဖတ်ရတော့ စိတ်ပျက် ရပါတယ်။

Dawei Watch Website ပါ သည်ဖြစ်ရပ်ဟာ ရာဇ၀တ်ကြောင်းအရ လူသေမှု ပုဒ်မ ၃၀၄ အရ  အကျုံးဝင်တယ်။ သည်လို တာဝန်ယူမှု တာဝန်ခံမှု ပျက်ကွက်ခဲ့၊ တာဝန်မဲ့ခဲ့သူတွေ ပါဝင်ဖြေရှင်းရ လောက်သည်အထိ ဖြစ်သင့်တယ်။ သို့သော်လည်း မြန်မာ့တရားစီရင်ရေးနှင့် မြန်မာ့ဓလေ့၊  မြန်မာ့ပတ်ဝန်းကျင် အနေ အထားအရ ကံကံ၏အကျိုးအဖြစ် ကံကိုသာ ယိုးမယ်ဖွဲ့ကာ မဖြစ်စလောက် သော လျော်ကြေး မဟုတ်သည့် ကရုဏာ ကြေးဖြင့် မလျော်မကန် တန်ဖိုးမရှိစွာ ကျေနပ်ကြရတဲ့သဘော ဖြစ်နေတယ်။ ဒါ့အပြင်  သည်ထောက်ပံ့ငွေအတွက် ဘာမှ အပြစ်မရှိပါဘဲ အလဟဿ ကြေကွဲ ဖွယ် အသက် ဆုံးရှုံးခဲ့ကြရသူတို့ဘက်မှ တစ်ဖန် ပြန်လို့ ကျေးဇူးတင်ကြရပြန်သည့် အခြေအနေမျိုးက စိတ်မကောင်းစရာဖြစ် ပါတယ်။

သည်ဖြစ်ရပ်လေးနှစ်ခုက အတော် ကွာခြားလှပါတယ်။ တစ်ယောက်က အလုပ်သမား။ သူသည် အသက်မွေး ၀မ်းကျောင်း လုပ်ငန်းလုပ်ရင်းက လုပ်ငန်း ခွင်မတော်တဆမှုနှင့် အသက်ဆုံးရှုံးခဲ့ရ လေသူ။ သူ့အတွက် အလုပ်ခွင် အာမခံ ချက်အရ မတော်တဆမှုအတွက် ထိခိုက် နစ်နာမှု အာမခံရှိလေပြီးသားသူ ဖြစ်သည်။ တစ်ယောက်က လမ်းပေါ် အမြင်မတော် သဖြင့် ကိုယ့်အလုပ်မဟုတ်ပါဘဲ ပရဟိတ စိတ်ဖြင့် သစ်ကိုင်းရှင်းရာမှ အသက်ဆုံးရှုံး ရလေသူ။ သို့တစေ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တန်ဖိုးထားမှု ကွာဟသော ပတ်ဝန်း ကျင်နှစ်ခုတွင် ကျွန်တော်တို့ အသက်တွေ အပေါ် တန်ဖိုးထားမှု အလေးမမြတ်ထားမှု တို့က မတူညီကြပါ။   

မြို့တော်ဝန်နှင့် သည်တိုင်းတစ်ပါးသား အလုပ်သမား သေဆုံးမှုမဆိုင်ဟု ပြော လျှင် မဆိုင်ပေမယ့်၊ ဆိုင်ပါသည်ဟု တွေးလျှင် တာဝန်ယူတတ်၊ တာဝန်ခံတတ်လျှင် ဆိုင်ပါသည်။ မိမိနိုင်ငံ လုပ်ငန်းခွင် သည် ဘေးကင်းလုံခြုံမှုရှိဖို့ မိမိတွင်လည်း တာဝန်ရှိသည်ဟု တွေးကာ  ရှက်တတ်သဖြင့် သူ အရောက်လာခဲ့ခြင်း ဖြစ်သလို မြို့နယ်မှူးသည်လည်း ထို့နည်းတူပင် ဖြစ်ပါသည်။

လူ့အသက်ကို တန်ဖိုးထားသဖြင့်၊ လူ့တန်ဖိုးကို လေးစားသဖြင့် သူတို့ တုံ့ပြန် မှုတွေက နွေးထွေးကြပါသည်။ သည်မှာ ဘက်က ကိုယ့်ပရော်ဖက်ရှင်နယ်အလုပ်၊ ကိုယ့်ဓာတ်ကြိုးတွေ ဘေးကင်းလုံခြုံမှုမရှိ သဖြင့် မဖြစ်သင့်ပါဘဲ သေဆုံးရခြင်းဖြစ် လျှင်ပင် ကိုယ့်မှာ တာဝန်ရှိနေပြီဖြစ်သော် လည်း ယခုဖြစ်ရပ်တွင် သည်ထက် ပိုပါ သည်။ အသိပေးသူရှိခဲ့ပါလျက် မနက် နှစ်နာရီမှ မနက် ၇နာရီအထိ အချိန်အတွင်း သတင်းပေးသူက သတင်းပေးပါ လျက်နှင့် ပေါ့ဆမှု၊ လျစ်လျူရှုမှု ဟု ဆိုရမည့်အဖြစ်ကြောင့် အသက်တစ်ချောင်း မဆုံးပါးသင့်ပါဘဲ ဆုံးပါးခဲ့ရ သည့်အပေါ် ဖြေရှင်းသည့် အဖြေစကား နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုက မတူညီခဲ့ ပါ။

ကျွန်တော်တို့ ဘ၀တွေ သည်လို တန်ဖိုးအထားမခံကြရတာ ဆယ်စုနှစ်တွေများစွာ ကြာခဲ့ပါပြီ။ လူတွေရဲ့ အသိ၊ ခံယူချက်နှင့် စရိုက်တွေ သည့်ထက် ပိုလို့ ပြောင်းလဲလာကြဖို့ ကျွန်တော်တို့ မျှော်လင့်မိကြပေမယ့် သည်တစ်နေ့ကို ရောက်လာဖို့ မလွယ်လှသေးပါ။ သည့်အတွက် လူ့တန်ဖိုးတွေအတွက်၊ ကျွန်တော်တို့ လုပ်ငန်းခွင်တွေနှင့် မတော်တဆ ထိခိုက်မှုတွေ နစ်နာမှုတွေအတွက် တာဝန်ယူနိုင်၊ အာမခံချက်ပေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာနိုင်ဖို့လည်း အတော်လိုအပ်ပါ သေးတယ်။

တစ်ဆက်တည်း ဆက်လို့ ကတိတွေ ကို တန်ဖိုးထားမှုတွေအကြောင်း တွေးမိ ပြန်ပါတယ်။

သည်အပတ် တနင်္သာရီဂျာနယ်ပါ အယ်ဒီတာ့အာဘော်  အဆိုအရ မြိတ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို ယခင် မီးလင်းရေးအဖွဲ့ ၉ ဖွဲ့လက်မှ မြန်မာ့စိမ်းလန်းစွမ်းအင် ကုမ္ပဏီက ကတိက၀တ် ဖြင့် လွှဲပြောင်းရယူခဲ့ကြတယ်။ မြိတ်မှာ  တစ်ယူနစ် နှုန်းထားကို ၂၆၀ကျပ်ဖြင့် ပေးမည်။ မပေးနိုင်မီစပ်ကြားမှာ မီးလင်း ရေးအဖွဲ့များ ပုံမှန် သတ်မှတ်လေ့ရှိသည့် နှုန်းထားအောက် ၂၀ရာခိုင်နှုန်း လျော့ ကောက်ပါမည်ဆိုတဲ့ ကတိနဲ့ လုပ်ငန်း ကို လွှဲပြောင်းရယူခဲ့ကြတာ ဖြစ်တယ်။ မီးလင်းရေးအဖွဲ့တွေက မီးမပေးနိုင်တော့ လို့ လွှဲပြောင်းပေးတာ မဟုတ်ခဲ့။ သူတို့ ဘာသာ ကတိက၀တ်တွေနှင့် တာဝန်ယူ ပြီး လွှဲပြောင်းသည့်သဘောသာ။

လက်ရှိ စင်စစ် ပြည်သူတို့ သိသိသာသာ ခံစားနေကြရသည်က ၀န်ဆောင်မှု အဆင်မပြေ မကြာခဏ ပျက်သည်။ ပျက်သည့်အချိန်တိုင်း ပုံမှန် လုပ်ငန်းများ ပျက်သည်အထိ ကြာမြင့်သဖြင့် ပြည်သူ တွင် နစ်နာမှု များသည်။ အရင် မီးလင်းရေးအဖွဲ့က တာဝန်ယူသလို အလျင် အမြန် မီးပြန်မလာ။ လျှပ်စစ်ကို အသုံးပြု ပါမှ လည်ပတ်မည့် ပုံမှန် လုပ်ငန်းတွေ ပျက်ရသည်။ ထို့ပြင် သည်ပျက်ကွက်မှု တွေအတွက် မည်သည့်တာဝန်ယူမှု တာဝန်ခံမှု၊ အကြောင်းပြချက်တွေမျှ မပေး ကြပါ။ ယခုတဖန် ပုံမှန်ထက် အကြိမ်ကြိမ် ပေးခဲ့လေသော ကတိစကားတွေကို ဖျက်လျက် တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဟု ဆိုကာ တစ်ယူနစ်လျှင် ကျပ် ၄၂၀နှုန်းဖြင့် ကောက်ခံမည်ဟု ဆိုကြပြန်တယ်။ သူတို့  စတင် ကတိပေးတဲ့ မစားရ၀ခမန်း တစ် ယူနစ် ကျပ် ၂၆၀ အသာထားလို့ အဲသည် ပေးလေတဲ့ ကတိစကားရဲ့ နှစ်ဆနီးပါး ပေးကြရအုံးမဲ့သဘော ဖြစ်နေတယ်။

အကြိမ်ကြိမ် ကတိတွေ ပျက်လျက် အလုပ်ကို တန်ဖိုးမထား မလေးစားသော၊ ပြည်သူကို အလေးမထား မလေးစားသော အနှီ ကုမ္ပဏီများအပေါ် ပြည်သူ့အစိုးရက အရေးယူ ဒဏ်ခတ်ဖို့ မတတ်နိုင်ခဲ့။ ကုမ်္ပဏီအလိုကျ အစိုးရက ကပြနေရသည့် သဘောမှာ ပြည်သူတို့တန်ဖိုးက ပျောက်ကွယ်နေတယ်။ ကြိုက်ကြိုက် မကြိုက် ကြိုက်၊ ငါတို့ လုပ်ချင်ရာ လုပ်ကြမယ်။ ငါတို့တတ်နိုင်တာ ဒါပါပဲ။ မနေနိုင် ထွက်သွားလို့ မပြောရုံ တမယ်သာ ဖြစ်တယ်။ ပြည်သူတွေကို ထားလေသော အလေးအယူပြုမှု တန်ဖိုးထားမှုကို ကျွန်တော်တို့ မတွေ့ရသလို ကျွန်တော်တို့ တွေ အတင်းအကျပ် မတောင်းပါဘဲ ပေးလေသော ကတိတွေကိုလည်း မတည်သလို မတည်သည့်အတွက် မရှက်တတ် ကြ။ တာဝန်ယူ၊ တာဝန်ခံမှုတွေ မရှိကြသည့် ပတ်ဝန်းကျင်ကို ကျွန်တော်တို့ စက်ဆုပ်မိပါတယ်။

၂၀၂၀ နီးပြန်ပါပြီ။ အပြောအဆိုရော၊ အလုပ်ပါ လူတစ်ဦးချင်းစီ၏ တန်ဖိုး၊ ပေးလေသော ကတိက၀တ်တွေရဲ့ တန်ဖိုး၊ အလုပ်အကိုင်တွေရဲ့ ပရောဖက်ရှင်နယ် ပီသမှု၊ တာဝန်ယူ တာဝန်ခံတတ်မှု၊ ကတိက၀တ်တွေကို အလေးအနက်ထားသည့် အပြုအမူနှင့် ပြည်သူတွေ ခံစားချက်အပေါ် နွေးထွေးမှု၊ အလေးထားမှု၊ ပါးရည် နပ်ရည်ရှိမှုကို ကျွန်တော်တို့တွေ  စိတ်ရှည် စွာ စောင့်ကြည့်လျက် ရှိကြပါတယ်။

တာဝန်ယူမှု၊ တာဝန်ခံမှု၊ တန်ဖိုး ထားမှုများကိုလည်း တစ်နေ့ ရလာလိမ့်နိုး နဲ့ သည်နေ့အထိ မျှော်လင့်နေမိဆဲ ဖြစ် ပါရဲ့။

ကိုရိုးဆေး