ဦးအောင်စိုး ပါတီမှနုတ်ထွက်မှု ဗဟိုမှ တစ်စုံတစ်ရာ ဆက်လက် မဆောင်ရွက်သေး

0
862

ဦးအောင်စိုး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီမှ နုတ်ထွက်စာ တင်ထားသည့်ကိစ္စကို ၂ ပတ်ကျော်ကြာ သည်အထိ တစ်စုံတစ်ရာ ဆက်လက် ဆောင်ရွက်ခြင်း မရှိသေးပေ။

၎င်းကိစ္စ ဆက်လက်ဆောင်ရွက်နိုင်ရေး ပါတီ ဒုတိယဥက္ကဋ္ဌ ၂ ၏ ညွှန်ကြားချက် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

NLD ပါတီ၏ တနင်္သာရီဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည့် ဦးအောင်စိုးသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်က ပါတီသို့ နုတ်ထွက် စာ တင်ခဲ့ခြင်း ဖြစ်သည်။

ယင်း နုတ်ထွက်စာကို ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်ထံ တင်ပြကာ မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို လမ်းညွှန်မှု တောင်းခံထားကြောင်း ဒေါက်တာ မျိုးညွန့်က ပြောဆိုထား သည်။

လက်ရှိအချိန်ထိ ဒုတိယဥက္ကဋ္ဌ(၂)ထံမှ ညွှန်ကြားချက် တစ်စုံတရာ မရသေးကြောင်း ဒေါက်တာမျိုးညွန့်က သြဂုတ်လ ၉ ရက်တွင် ပြောသည်။

“မထူးသေးပါဘူးခင်ဗျား။ ကျွန်တော် တို့ တင်ထားတာ။ ကျွန်တော်တို့ အကုန် လုပ်ပြီးပါပြီ။ ဟို(ဒုဥက္ကဋ္ဌ ၂)က ညွှန်ကြား မှပဲ ကျွန်တော်တို့ ဆက်လုပ်လို့ ရမှာပါ ခင်ဗျာ”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ဦးအောင်စိုး နုတ်ထွက်စာ မတင်မီက ဦးအောင်စိုးကို စစ်ဆေးရန် ဗဟို အလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားကြောင်းနှင့် လက်ရှိတွင် ယင်းအဖွဲ့က မည်သို့ ဆက်လုပ်မည်ကို ဒုတိယဥက္ကဋ္ဌ(၂)၏ လမ်းညွှန်မှု စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီ တိုင်းခရီးစဉ်အတွင်း ဦးအောင်စိုးအား အရေးယူပေးရန်နှင့် တနင်္သာရီတိုင်းအလုပ်မှုဆောင်အဖွဲ့ဥက္ကဋ္ဌ နေရာမှ ဖယ်ရှားပေးရန် ဒေသခံများက ဆန္ဒပြတောင်းဆို မှုများ၊ ၎င်း၏ လုပ်ဆောင်ချက်အချို့အပေါ် အရေးယူပေးရန် တိုင်းတွင်းပါတီဝင်များ က ပါတီဗဟိုသို့ တိုင်ကြားမှုများ ရှိခဲ့သည်။

ဦးအောင်စိုးသည် အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံ ထားရသော ခယ်မတော်စပ်သူ ၀န်ကြီး ချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို NLD ပါတီ၏ နာယက ဦးဝင်းထိန်နှင့် အတူ ဇွန်လ ၁၂ ရက်က ထောင်ဝင်စာ တွေ့ခဲ့သေးသည်။

ဦးဝင်းထိန်ထားဝယ်မြို့သို့ လာ ရောက်စဉ်က ပြုလုပ်ခဲ့သည်ဆိုသည့် အစည်း အဝေးအမှတ်တမ်းတစ်စောင် လည်း လူမှုကွန်ရက် စာမျက်နှာများတွင်ပျံ့နှံ့ခဲ့ဖူးပြီး ယင်းအစည်းအဝေးမှတ်တမ်းတွင် ဦးအောင်စိုး ပြောဆိုသည်ဟု ဆိုသည့် ယုံကြည်မှု ထိခိုက်လာသည်ဟု ခံစားရသဖြင့် ပါတီမှ အပြီးထွက်ရန် လုပ်ဆောင် ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ဘုရားမဟုတ်၍ ကိုးကွယ်ရန်မလိုကြောင်း၊ လမ်းကြောင်းမှန်ပါက ယုံကြည်ပါက လိုက်မည်ဖြစ်ပြီး လမ်းကြောင်း မမှန်က လိုက်မည်မဟုတ်ကြောင်း စသဖြင့် ဖော်ပြထားသည်။

နုတ်ထွက်စာတင်ထားသော ဦးအောင်စိုးသည် NLD ပါတီ စတင် တည်ထောင်သည့်စဉ်မှစကာ ပါတီတာဝန် အရပ်ရပ်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် တိုင်းဥက္ကဋ္ဌ၊ ၂၀၁၆ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ပေး အပ်ခံထားရသူ ဖြစ်သည်။

ဦးအောင်စိုးသည် လက်ရှိတွင် သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေဆဲ ဖြစ်သည်။

Dawei Watch