ဒေါက်တာလဲ့လဲ့မော်အမှုရုံးချိန်းတွင် စီမံဘဏ္ဍာဝန်ကြီးဟောင်း၊ တိုင်းထွေအုပ်ဒုညွှန်မှူးနှင့် မြို့နယ်စည်ပင်အမှုဆောင်အရာရှိတို့၏ ထွက်ဆိုချက် ကောက်နုတ်ချက်များ

0
2486

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသည့် တနင်္သာရီ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့၏ အမှု ၂၃ ကြိမ်မြောက်နှင့် ၂၄ ကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၅ ရက် နှင့် ၆ ရက်တို့က စစ်ဆေးခဲ့သည်။

ယင်းရုံးချိန်းနှစ်ရက်အတွင်း တနင်္သာရီ တိုင်းစီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးဖြိုး ၀င်းထွန်း၊ တိုင်းထွေအုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲထွန်းနှင့် ထားဝယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုး၏ ထွက်ဆို ချက်များအနက် ထူးခြားချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင် စီမံ/ ဘဏ္ဍာဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းကို စစ်ဆေး

ဦးဖြိုးဝင်းထွန်းသည် ၀န်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိအမှုဖြင့် တရားစွဲဆိုပြီး မကြာမီ စီမံဘဏ္ဍာ ၀န်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သူ ဖြစ်သည်။

၎င်းကို ကျပ်သိန်းလေးထောင် အသုံး ပြုပြီး ထားဝယ်လေယာဉ်ကွင်းချုံရှင်းသည့်အမှု အပါအ၀င် အခြားအမှုများအတွက် တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထားဝယ်လေဆိပ်ပြုပြင်ရန်၊ အုတ်တံတိုင်းခြံစည်းရိုးခတ်ရန်နှင့် ချုံနွယ်ရှင်းလင်းရန် လုပ်ငန်းသုံးခုလုပ်ရန် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလက ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ဦးဖြိုးဝင်းထွန်းက တရားခွင်အတွင်း ထွက်ဆိုသည်။

အထက်ပါ လုပ်ငန်းသုံးခုအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေမှ ကျပ်သိန်းလေးထောင်ဖြင့် လုပ်ဆောင်ရန်ဖြစ်ကြောင်း ၎င်းက ထွက်ဆိုသည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက် တွင် တိုင်းအစိုးရနှင့် င်္၂၂ ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် စာချုပ်ဖြစ်ကြောင်းနှင့် ညွှန်ကြားမှု ပြုနိုင်ရန် ဇန်န၀ါရီလ ၂၃ ရက် တွင် ရုံးတွင်းမှတ်စုဖြင့် ၎င်းထံ တင်ပြခဲ့ကြောင်း ဦးဖြိုးဝင်းထွန်းက ပြောသည်။

အဆိုပါတင်ပြချက်အပေါ် သိရှိပြီး ခွင့်ပြုသည်ဟု ရုံးတွင်းမှတ်စုတွင် လက်မှတ်ထိုးခဲ့ပြီး စာချုပ်ချုပ်ဆိုပြီးမှသာ ၎င်းထံ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းကိုင်တွယ်ရခဲ့ရသည့် ဌာနမှာ ၁၇ ခုရှိပြီး အလုပ်များလွန်းသည့်အတွက် စာချုပ်ကို သေချာစွာဖတ်ရှုခြင်းမရှိဘဲ ရုံးတွင်း မှတ်စုတွင် လက်မှတ်ထိုးလိုက်ကြောင်း ဦးဖြိုးဝင်းထွန်းက တရားခွင် အတွင်း ပြောသည်။

လက်ရှိစွဲဆိုထားသည့် အဂတိအမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေသည်ဟု သတင်းကြားချိန်မှသာ လေယာဉ်ကွင်း ချုံရှင်းသည့် စာချုပ်ကို ဖတ်ရှုမိကြောင်း ၎င်းက ထွက်ဆိုသည်။

F 22 ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရာတွင် လုပ်ငန်းတစ်ခုတည်းဖြစ်နေသည်ကို တွေ့ရပြီး အစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ထားခြင်းမရှိကြောင်း ဦးဖြိုးဝင်းထွန်းက ဆိုသည်။

စာချုပ်ကိုဖတ်ပြီးနောက် တိုင်းအစိုးရအဖွဲ့ရုံးမှ ဦးစီးအရာရှိဖြစ်သူ ဦးမြတ်စိုးအား မေးမြန်းရာ အဆိုပါ စာချုပ် မူကြမ်းရေးစဉ်က လုပ်ငန်းသုံးခုပါဝင်ပြီး စာချုပ်ချုပ်ဆိုရာတွင် လုပ်ငန်းတစ်ခု တည်းပါဝင်နေသည်ကို တွေ့ရသည်ဟု ပြောကြောင်း ဦးဖြိုးဝင်းထွန်းက တရားခွင် အတွင်း ပြောသည်။

F 22 ကုမ္ပဏီနှင့် တိုင်းအစိုးရတို့ ချုပ်ဆိုခဲ့သည့် ထားဝယ်လေယာဉ်ကွင်း ချုံရှင်းလင်းရေးလုပ်ငန်း သဘောတူ စာချုပ်တွင် တိုင်းအစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးဝင်းရှိန်က လုပ်ငန်းအပ်နှံသူ နေရာတွင် လက်မှတ်ထိုးထားသည်။

တိုင်းဒေသကြီး စီမံ/ဘဏ္ဍာ ၀န်ကြီး ဟောင်း ဦးဖြိုးဝင်းထွန်းက အထက်ပါ ကိစ္စများအပြင် အခြားအချက်များကို လည်း တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးကို စစ်ဆေးခြင်း

ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်၏ ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင်လမ်းထောင့်ရှိ မြေကွက်ကို အုတ်ခြံစည်းရိုး ခတ်ခြင်းနှင့် ရေမြောင်း ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အထက်ပါမြေကွက်တွင် အုတ်ခြံ စည်းရိုးခတ်ခြင်းနှင့် ရေမြောင်းလုပ်ခြင်း အတွက် စည်ပင်သာယာရေးအဖွဲ့သို့ ခွင့်ပြုမိန့်တောင်းခံထားခြင်း မရှိကြောင်း ဦးအောင်ကျော်မျိုးက ထွက်ဆိုသည်။

ယင်းသို့ စည်ပင်၏ ခွင့်ပြုမိန့် မရှိဘဲ ဆောင်ရွက်ခြင်းကို တိုင်းဒေသကြီး စည်ပင်ဥပဒေအရ တားမြစ်ခွင့်ရှိပြီး ကျူးလွန်ခြင်းကို ယင်းဥပဒေအရ အရေးယူနိုင်ကြောင်း ၎င်းက တရားခွင်အတွင်း ပြောသည်။

သို့ရာတွင် ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ထားမှုအပေါ် စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူထားခြင်း တစ်စုံတစ်ရာ မရှိကြောင်း ဦးအောင်ကျော်မျိုးက ထွက်ဆိုသည်။

အဆိုပါမြေကွက်များနှင့် ပတ်သက်၍ ၎င်း၏စုံစမ်းသိရှိချက်အရ လမ်းဦးစီးဌာနက ဆောင်ရွက်စေသည်ဟု သိရပြီး အဂတိကော်မရှင်၏ စုံစမ်းရေးအဖွဲ့သို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် စာဖြင့် အစီရင်ခံတင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးရဲထွန်းကို စစ်ဆေး

ဒုညွှန်မှူး ဦးရဲထွန်းသည် တနင်္သာရီ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့၂၀၁၇ ခုနှစ် အောက်တိုဘာလမှ လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(မီနီဘတ် ဂျက်) တွင် လုပ်ငန်း ၁၁ ခု လုပ်ရန် အထွေထွေပိုလျှံရန်ပုံငွေမှ တိုင်းဒေသကြီး လမ်းဦးစီးဌာနသို့ ထုတ်ပေးသည့်အမှုနှင့် အခြားအမှုများကို ထွက်ဆိုခဲ့သည်။

လမ်းဦးစီးဌာနက ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်စွဲဖြင့် လုပ်ငန်း ၁၁ ခုအတွက် ကျပ် ၁.၉ ဘီလီယံ ထုတ်ယူခွင့်ပြုရန် စာဖြင့်တင်ပြလာကြောင်း ဦးရဲထွန်းက ထွက်ဆိုသည်။

အဆိုပါငွေများထုတ်ယူရန် ၀န်ကြီးချုပ်(ဟောင်း) ဒေါက်တာလဲ့လဲ့မော်က ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်ပြီး တိုင်းအစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က လမ်းဦးစီးဌာနသို့ ဒေါက်တာလဲ့လဲ့မော်၏ အမိန့်အရ ထုတ်ပေးခဲ့ကြောင်း ၎င်းက တရားခွင်အတွင်း ပြောသည်။

အဆိုပါ စာရွက်စာတမ်းများအပြင် အခြားမှတ်တမ်းများကို အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်က လာရောက် သိမ်းဆည်းရာတွင် ၎င်းနှင့် အခြား ဒုညွှန် တစ်ဦးတို့က မိတ္တူမှန်များလုပ်ကာ လက်မှတ်ထိုး ပေးအပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဂတိကော်မရှင်သို့ ပေးအပ်ရာ တွင် ဒေါက်တာလဲ့လဲ့မော်၏ ကိုယ်ရေး အရာရှိခန့်အပ်သည့်စာ၊ ကိုယ်ရေးအရာရှိ အဖြစ်မှ နုတ်ထွက်ခွင့်တင်သည့်စာ၊ နုတ်ထွက်ခွင့်ပြုသည့်အမိန့်စာနှင့် အခြားမှတ်တမ်းများပါဝင်ကြောင်း ဦးရဲထွန်းက ထွက်ဆိုသည်။

၎င်းက အဆိုပါ မှတ်တမ်းမိတ္တူ မှန်များကို သက်သေခံများအဖြစ် တင်သွင်းရာ ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ခန့်အပ်သည့် စာရွက်စာတမ်းများလည်း ပါဝင်သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်၏ ကိုယ်ရေးအရာရှိအဖြစ် ဒေါ်ပွင့်ဖြူဖြူအောင်အား ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ခန့်အပ်သည့် အစိုးရအဖွဲ့ရုံးစာမိတ္တူမှန်ကို သက်သေခံအဖြစ် တင်သွင်းခဲ့သည်။

ယင်းအပြင် ၂၀၁၉ ခုနှစ် ဇန်န၀ါရီ လ ၃၁ ရက် ရက်စွဲဖြင့် ဒေါ်ပွင့်ဖြူဖြူ အောင်၏ ကိုယ်ရေးအရာရှိအဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြသည့်စာ မိတ္တူမှန်ကိုလည်း သက်သေခံအဖြစ် ထပ်မံတင်သွင်းခဲ့သည်။

အဆိုပါနေ့တွင်ပင် ကိုယ်ရေးအရာရှိ အဖြစ်မှ နုတ်ထွက်ခွင့်ပြုကြောင်း တိုင်းအစိုးရအဖွဲ့ရုံး၏ ခွင့်ပြုမိန့်စာကို သက်သေခံအဖြစ် တင်သွင်းခဲ့သည်။

တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုညွှန်မှူးဦးရဲထွန်းက ၃/၂၀၁၉ အမှုအတွက် သက်သေခံစာရွက်စာတမ်း ၇ စောင်နှင့် ၄/၂၀၁၉ အမှုအတွက် ၁၈ စောင်တင်သွင်းခဲ့ကြောင်း တိုင်းတရား လွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ဝင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်သန်းက ဆိုသည်။

ကိုယ်ရေးအရာရှိနှင့် ပတ်သက်သည့် သက်သေခံစာရွက်စာတမ်းများကို ၄/၂၀၁၉ အမှုအတွက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ကိုယ်ရေးအရာရှိဖြစ်သူ ဒေါ်ပွင့်ဖြူ ဖြူအောင်သည် ဒေါက်တာလဲ့လဲ့မော်၏ခင်ပွန်း ဦးထွန်းမင်း၏ တူမအရင်း ဖြစ် သည်။ ဦးထွန်းမင်း၏အစ်ကိုမှာ ဒေါ်ပွင့်ဖြူဖြူအောင်၏ ဖခင်ဖြစ်ပြီးNLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နှင့် တနင်္သာရီတိုင်း NLD ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးပြီး လက်ရှိတွင်ပါတီမှ နုတ်ထွက်စာတင်ထားသည်။

ကိုယ်ရေးအရာရှိခန့်အပ်ခြင်းကိစ္စ အပါအ၀င် အခြားကိစ္စများကို စုံစမ်းစိစစ် အရေးယူပေးရန် ၂၀၁၉ ခုနှစ်ဇန်န၀ါရီလ ၂၃ ရက်တွင် ထားဝယ်ဒေသခံ ၄၅ ဦးက လက်မှတ်ထိုးကာ NLD ပါတီဗဟိုသို့ တိုင်ကြားခဲ့ဖူးသည်။

Dawei Watch