အခန်းပြောင်းခြင်း

0
233

ဘိလပ်မဟာတန်းကျောင်းသား – ၁၈

ရှစ်လကြာနေပြီးနောက် အခန်း ပြောင်းရတော့မည်။ လက်ရှိနေသော အခန်းကို အိမ်ရှင်တို့ သုံးစရာရှိလာသဖြင့် အခြားနေရာသို့ ပြောင်းရန် စီစဉ်ရတော့မည်။ လက်ရှိ အခန်း အဆင်မပြေတော့ကြောင်း၊ ပြောင်းရန် ရက်မတိုင်မီ နှစ်လ ခန့်ကြိုပြောထားသဖြင့် အချိန်များစွာရသည်။

ထိုသို့ဖြင့် အခန်းရှာ ခရီးထွက်ရသည်။ အခန်းရှာ ခရီးထွက်သည်ဟု အလွယ်ဆို လိုက်သော်လည်း အွန်လိုင်းမှတစ်ဆင့် ရှာခြင်း ဖြစ်သည်။ ဒုတိယလေးလပတ် အတန်းဘာသာရပ်များအတွက် အက်ဆေးများ ရေးနေစဉ်အတွင်းတွင်ပင် အွန်လိုင်းမှာ အခန်းများ ရှာကြည့်သည်။

ပထမတော့ ကျောင်းအဆောင်တွင် ပြောင်းနေမလား စဉ်းစားမိသေးသည်။ ကျောင်းအင်တာနက် စာမျက်နှာတွင်ပင် ၀င်ကြည့်လိုက်သေးသည်။ အဆောင် လျှောက်ထားရမည့် အဆင့်ဆင့်ကို တွေ့ သည်။ ဈေးကတော့ ထုံးစံအတိုင်း ကျောင်း အဆောင်များက အပြင်ထက် ဈေးကြီးသည်။ တစ်ပတ် ပေါင် ၁၆၀ နီးပါး ကျသင့် သည်။ တစ်လဆိုလျှင် ပေါင် ၆၀၀ ကျော် ကျသည်။ အခန်းမှာ ရေချိုးခန်း အိမ်သာ တွဲလျက်ဖြစ်သော်လည်း မီးဖိုကို အခြားသူ များနှင့် မျှသုံးရသည်။

ကျောင်းလာမတက်မီက ကျောင်းအဆောင်လျှောက်လိုက်သေးသော်လည်း ယခုနေသော အိမ်တွင် အဆင်ပြေသွားသဖြင့် ကျောင်းအဆောင်ရသော်လည်း သွားမနေဖြစ်ခဲ့။ ထိုစဉ်ကလည်း အဆောင် လခ တစ်ပတ်ပေါင် ၁၆၀ ခန့် ရှိသော်လည်း ပုံမှန်အတိုင်းဟုပင် ထင်ခဲ့သည်။

သို့သော် ဒီနေရာရောက်တော့မှ ပြင်ပတွင် နေခြင်းက ပိုဈေးသက်သာမှန်း သိသွားသည်။ ယင်းကြောင့် တကယ် အခန်းရှာ ရတော့မည်ဆိုသောအခါ ပြင်ပတွင်သာ ပိုအာရုံရသည်။

ကျောင်းအဆောင်များက သန့်ရှင်းမှု စိတ်ချရသည်၊ သန့်ရှင်းရေး ၀န်ထမ်းထား ပေးသည်။ ကျောင်းသားများ သီးသန့် ဖြစ်သဖြင့် အပြင်လူနှင့် ရောရောနှောနှော နေစရာ မလိုသည့် အားသာချက်များတော့ ရှိသည်။ သို့သော် ဈေးက မြောက်သည်။

မူလကတော့ အခန်းဘယ်လိုရှာရ မည်ကိုမသိ။ အတန်းထဲက သူငယ်ချင်း များကို Facebook group များကို ညွှန်းသည်။ ဥရောပသား အများစုမှာ ကျောင်းအဆောင်တွင် နည်းသည်။ အပြင်တွင် အနေများသည်။ သူတို့ ကိုပင် မေးရသည်။

ဘရစ်္စတိုအခန်းရှာသူနှင့် အခန်းငှား သူများ စုနေသော Facebook group သုံးလေးခုထဲဝင်ကာ အခန်းရှာသည်။ နောက်ပြီး စက်ဘီးဝယ်စဉ်က သုံးခဲ့သွောGumtree တွင် ရှာသည်။ Spare Room ဟုသော အင်တာနက် စာမျက်နှာကလည်း မဆိုး။

အခန်းမှာ မျိုးစုံရှိသည်။ ရေချိုးခန်း၊ အိမ်သာ တွဲရက် ပါသော အခန်းများလည်း ရှိသည်။ ထိုအခန်းအမျိုးအစားကို Ensuite ဟုခေါ်သည်။ အချို့က အခန်းသပ်သပ်၊ ရေချိုးခန်း၊ အိမ်သာနှင့် မီးဖိုကို အခြားသူများနှင့် မျှသုံးရသည်။ အချို့က အခန်း တွင်း မီးဖိုပါသည်။ ယင်းကို Studio ဟုခေါ်သည်။ ယခင်ကတော့ အဲသည်အခေါ် အဝေါ်တွေ မသိလှ။ Studio အခန်းအမျိုး အစားမှာ ဈေးအများဆုံး ဖြစ်သည်။

အခန်းများမှာ အများအားဖြင့် အိမ်တစ်လုံးတွင် အခြားသူများနှင့် မျှသုံး ရသည်များသည်။ အိပ်ခန်းမှာ ကိုယ်ပိုင် သီးခြား ဖြစ်သော်လည်း ရေချိုးခန်း၊ အိမ်သာနှင့် မီးဖိုကို မျှသုံးရသည်။ တိုက် ခန်းအချို့ကတော့ အားလုံးတစ်တွဲတည်း ပါပြီး Studio အမျိုးအစား ဖြစ်သည်။

Studio အခန်းတွေကတော့ ဈေးများသည်။

အခန်းကြော်ငြာများကလည်း စိတ်ဝင်စားစရာ ကောင်းသည်။ သတင်းအချက်အလက် စုံစုံလင်လင် ဖွယ်ဖွယ် ရာရာပေးပြီး ကြော်ငြာကြသည်။ ကျောင်း ဈေး၊ မြို့ထဲနှင့်နီးသည်။ ကား၊ စက်ဘီး ထားရန် နေရာရှိသည်။ ဘတ်စ်ကား ဘယ်နံပါတ် ရောက်သည်။ အိမ်တွင်တော့ ကုတင်၊ စားပွဲ၊ အိုးခွက်ပန်းကန် ရှိသည် စသည့် လိုအပ်သော အခြေခံအချက်အလက် များအပြင် အခြား စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် အချက်များဖြင့် ကြော်ငြာ တတ် ကြသည်။

ဥပမာ အိပ်ခန်းသုံးခန်းရှိ အိမ်မှာ အခန်း ရမည်။ နှစ်ခန်း လွတ်နေသည်။ ယခု နေသူတွေက ဘယ်လိုလူတွေ၊ ၀ါသနာက ဘာတွေ ရှိသည်။ အသားစားသလား၊ သားသတ်လွတ်သမားလား။ ဆေးလိပ် သောက်လား၊ ယမကာမှီဝဲတတ်သလား၊ ပါတီကြိုက်သလား၊ ဘားသွားတတ်လား၊ စသည်ဖြင့် အခြားအတူလာနေမည့်သူ နှင့် စရိုက်တူမတူ တိုက်စစ်ကြည့်နိုင်ရန် အချက်အလက်အစုံအလင် ဖော်ပြထား တတ်သည်။

အချို့ကလည်း ကလေးရှိသည်၊ ခွေးရှိသည်၊ စသည်ဖြင့် ပါသည်။ အချို့ ကလည်း ကြောင်ဘယ်နှကောင်ရှိသည်၊ ကြောင်မချစ်တတ်သူများ ဖုန်းတောင်မှ ဆက်မစုံစမ်းပါလေနှင့် ဟု ခပ်ပြတ်ပြတ် ပြောထားသည့် ကြော်ငြာများလည်းရှိ သည်။

အချို့ကလည်း ကျောင်းသားများ မငှားပါ။ အချိန်ပြည့် အလုပ်လုပ်နေသူ များသာ ငှားမည်ဟူသော ကြော်ငြာများ လည်း ရှိသည်။

အချို့ကလည်း ရင့်ကျက်ပြီးကျောင်းသားများသာဟု ရေးထားသည်။ ရင့်ကျက်ပြီးကျောင်းသား ဆိုသည်မှာ အများအားဖြင့် မဟာတန်းနှင့် ပါရဂူကျောင်းသားများကို ဆိုလိုသည်။

ဖြစ်နိုင်သည်မှာ ဘွဲ့ကြိုကျောင်း သားများမှာ ပို၍ အပျော်အပါးအတွက် အချိန်များပြီး အိမ်တွင် ပါတီတွေ ဘာတွေ လုပ်တတ်သည်။ သူတို့မှာ တွေ့ခဲ့ဖူးသည့် အနေအထားအရ အခန်းတွင်း အနေ အထိုင်ပို၍ ရှုပ်ပွညစ်ပတ်သည်။ ယေဘုယျ သဘောပြောခြင်း ဖြစ်သည်။ ထိုကြောင့် ပင် အခန်းပိုင်ရှင်တို့က မငှားလိုကြခြင်း ဖြစ်နိုင်သည်။

ပုံမှန်အားဖြင့် ကိုယ်တွေလည်း ရှုပ်ရှုပ် ပွပွ နေတတ်သူတွေပင်။ ဒါပေသိ တွေ့ကြုံ ခဲ့ဖူးသည်အရ သူတို့က သာဆိုးသည်။

အချို့အခန်းများကတော့ အတွဲများ ကို မငှားပါဟု ကြော်ငြာထားတတ်သည်။ မငှားလိုသည့် အကြောင်းရင်းကို သေချာ မသိသော်လည်း ဘေးခန်းတွင် အတွဲရှိပါ က စိတ်ညစ်ရကြောင်း ညည်းညူသည့် သူငယ်ချင်း အများအပြားနှင့် ကြုံဖူးသည်။

ကျောင်းအဆောင်များတွင်ပင်လျှင် တစ်ယောက်ခန်းများသာ ဖြစ်သော်လည်း အဖိုရှိရာ အမလာ၊ အမရှိလာ အဖိုလာသည့် သဘာဝအတိုင်း ဘေးခန်းတွင် အတွဲ ရောက်နေပါက စိတ်ညစ်ရသည်ဟု ကျောင်း အဆောင်များတွင် နေသူများက ဆိုကြသည်။

ညည၊ မနက်စောစော တို့ဆို အသံတွေ ဆူသည်၊ အသံတွေ ကြားကြားရသည် ဟု ဆိုသတတ်။ မှန်သည်၊ သည်နေရာရှိ အိမ်များ အခန်းများမှာ အသံမလုံလှ။ ယခုနေသည့် အိမ်ဆိုလျှင် ကိုယ့်အောက် ထပ်၊ အပေါ်ထပ်မှ အသံများ ကြားရ သည်။ 

သို့ဖြင့် အက်ဆေးများရေးရင်း ပျင်း လာပါက အခန်းဘက်လှည့်လိုက်ကြည့် ရင်း စိတ်ဝင်စားစရာ အခန်းတစ်ခန်းတွေ့ သည်။ မြို့ပြင်ဘက် ရွာတစ်ရွာတွင် လယ် တောအိမ်မှ အခန်းတစ်ခန်းကို အငှားချ ခြင်း ဖြစ်သည်။ တစ်ပတ် ၉၀ ဆိုတော့ မဆိုး။ ပုံတွင်ပြထားသည့် အခန်းက အတော်ကို သပ်သပ်ရပ်ရပ် ရှိသည်။ မီးဖိုခန်းကလည်း ကြီးသည်။ မြင်းဇောင်းများ၊ သီးပင်စားပင်များဖြင့် အတော်ကို နေချင့်စဖွယ်ပင်။

ထိုသို့ဖြင့် အိမ်ရှင်ကို ဖုန်းဆက် ဆယ်သွယ်ပြီး အခန်းလာကြည့်ရန် ရက် ချိန်းလိုက်သည်။ ဘရစ္စတိုမြို့ထဲမှ နာရီဝက်မျှ ရထားစီး၊ ယပ်တင်ဟူသော ရွာဘူတာ လေးတွင် ဆင်း၊ ထိုမှတစ်ဆင့် ၁၀ မိနစ်ခန့် မှ စက်ဘီးစီးသောအခါ ထိုတစ်ထပ် အိမ်လေးကို ရောက်သွားသည်။

ဘေးတွင် ဘာမျှ မရှိ။ အခြားလယ် တောအိမ်တွေသာ ရှိသည်။ တကယ်ကို တိတ်တိတ်ဆိတ်ဆိတ်ပင်။ အသက် ၅၀ ကျော်မျှရှိသော အိမ်ရှင် အမျိုးသမီးက အခန်းကို လိုက်ပြသည်။ တစ်ထပ်အိမ် ဆိုသော်လည်း အိပ်ခန်း လေးခန်း၊ နားနေ ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်းတို့ဖြင့် အတော် ကို ကျယ်သော အိမ်ဖြစ်သည်။ အိမ်တွင် အိမ်ရှင်နှင့် အခြား အိမ်ငှား ဥရောပသား နှစ်ဦး နေထိုင်သည်။

အခန်းလိုက်ပြတော့ ဓာတ်ပုံထဲကလို မဟုတ်လှ။ အတန်ငယ်မှောင်ပြီး ရှုပ်ပွ နေသည်။ ရေချိုးခန်း အိမ်သာက သပ်သပ် ဖြစ်သည်။ အခြားသူများနှင့် မျှသုံးရသည်။ မီးဖိုသည်လည်း နည်းနည်းညစ်ထေးနေ သည်။ မရှင်းတာကြာ၍ ထင်သည်။ အခန်းတွေကြည့်ပြီးတော့ သူ့အကြောင်း ကိုယ့်အကြောင်း ခေတ်္တမိတ်ဆက်ရင်း အခန်းဈေးမှာ တစ်ပတ် ၉၅ ပေါင်ဟု ဆိုသည်။ မူလကြေညာထားစဉ်က ၉၀ ပေါင်၊ အခုသွားကြည့်တော့ ၉၅ ပေါင် ဟုဆိုသည်။ ရေခ၊ မီးခ၊ အင်တာနက် အကုန်အပြီးအစီး ဖြစ်သည်။

တွေ့တော့မှ ဈေးပြောင်းပြောသဖြင့် နည်းနည်းတော့ ကျွဲမြီးတိုသွားသည်။ အိမ်မှာ တိတ်ဆိတ်သည်။ အတွေးသမား တို့အကြိုက် ဖြစ်သည်။ သို့သော် ရထား တစ်တန်၊ စက်ဘီးတစ်တန် စီးရမည်။ ထို့အပြင် မြို့တွင်း ဘူတာမှပင် ကျောင်း ကို မိနစ် ၂၀ ခန့် လမ်းလျှောက်ရမည်။ စက်ဘီးဖြင့်ဆိုပါကလည်း ကုန်းအတက်။ ရထားခကလည်း ရှိသေးသည်။

ထိုအပြင် ပိုအရေးကြီးသည်မှာ လယ်တောအိမ်ဖြစ်သဖြင့် နီးနီးနားနား တွင် ဈေးဆိုင်များ မရှိခြင်း ဖြစ်သည်။ အထူးသဖြင့် အာရှစာများ ရသော ဆိုင်မရှိ။ ဈေးဝယ်ရခက်နိုင်သည်။

အခန်းခ ဈေးသက်သာသည်။ တိတ်ဆိတ်သည်။ ၀န်းကျင်အသစ်ဖြစ် သည်တို့က ကောင်းသည့် အချက်များ ဖြစ်သည်။ သို့သော် အားနည်းချက်များ စွာလည်းရှိရာ နောက်ဆုံးတော့ အထပ်ထပ် ချင့်ချိန်ကာ ထိုအခန်းကို မယူဖြစ်တော့။ ကျမ်းပြုချိန် လယ်တောအိမ်လေးတွင် တွေးတွေးငေးငေး စာရေးမည်ဟူသော အိပ်မက်ကို အဆုံးသတ်လိုက်သည်။

နောက်ထပ်သွားကြည့်သည့် အခန်း မှာ ကျောင်းမှ မိနစ် ၂၀ ခန့် စက်ဘီးစီး သွားရသော အရပ်တွင် ရှိသည်။ အခန်းတွင် မီးဖိုပါ ပါသည်။ ရေချိုးခန်း အိမ်သာ ကတော့ သူများနှင့် တွဲသုံးရမည်။ ရေဖိုး၊ မီးဖိုးမပါ ပေါင် ၄၂၀ ဖြစ်သည်။ ရေဖိုး မီးဖိုးပါဆိုပါက တစ်လ ၅၀၀ ပေါင်ခန့် ကျနိုင်သည်။ Studio အခန်းအတွက်တော့ အတော်ကို ဈေးတော်သည်။

အခန်းပိုင်ရှင်ကလည်း လူကောင်း ကို ရွေးငှားလိုသဖြင့် ဈေးလျှော့ထားသည်ဟု ဆိုသည်။ အခန်းမှာ အတန်ငယ်ကျဉ်း ပြီး စက်ဘီးထားရန် နေရာပင် အတော် ရှားမည်ဖြစ်သော်လည်း မီးဖိုပါပြီး ဈေး တော်သည့် အခန်းက ရှားသည်။ ကျောင်း အဆောင်တွင် မီးဖိုပါသည့် အခန်းအချို့ ဆိုလျှင် တစ်လ ၈၀၀ အထိ ပေးရတတ် သည်။

ထိုအခန်းကို သဘောကျသည်။ ပြဿနာမှာ သွားကြည့်ချိန်တွင် တကယ် ပြောင်းမည့် အချိန်ရောက်ရန် တစ်လ လိုသေးခြင်း ဖြစ်သည်။ အခန်းရှင်က တော့ သူမစောင့်နိုင်ကြောင်း ပွင့်ပွင့်လင်း လင်း ပြောရှာသည်။ ယခုလူရ ယခု အငှားတင်မည်။ လာကြည့်သူတွေ တန်း စီနေကြောင်း သူကဆိုလိုက်သေးသည်။

ထိုသို့ဖြင့် ထိုအခန်းမှာလည်း မငှားဖြစ်။

ကျောင်းနားနီးနီး တစ်လ ပေါင် ၅၀၀ တန် နောက်တစ်ခန်းမှာလည်း ထိုသို့ပင် မစောင့်နိုင်သဖြင့် မငှားလိုက်ရ။ ယင်း အခန်းနှင့် မနီးမဝေးတွင် ကျောင်းသူတစ် ယောက်ပြန်အငှားချသော အခန်းသွား ကြည့်သေးသည်။ တစ်လ ပေါင် ၄၀၀ ကျော်မျှသာ ကျသဖြင့် တန်သည်။ ဘွဲ့ ကြိုတန်းမှာ ကျောင်းသားများ တစ်နှစ်စာ ငှားပြီးနောက် သူတို့ အတန်းပြီးချိန်တွင် ပြန်အငှားချခြင်း ဖြစ်သည်။ သူတို့က ပုံမှန်အားဖြင့် ကိုးလသာ အတန်း ရှိသည်။ တစ်နှစ်စာ ငှားပါက ဈေးသက်သာသဖြင့် တစ်နှစ်စာငှားပြီး ကျန်သုံးလကို အခြား သူကို အငှားပြန်ချခြင်း ဖြစ်သည်။

ထိုအခန်းသွားကြည့်တော့ ညစ်ပတ်လှသည်။ မီးဖိုကလည်း ရှုပ်ပွနေသည်။ ဘယ်တော့ လာရှင်းပေးမလဲဟုလည်း သေချာ မရှင်းပြနိုင်လှ။ နောက်ပြဿနာ တစ်ရပ်မှာ သြဂုတ်လကုန်အထိသာ ငှားနိုင်ခြင်း ဖြစ်သည်။ ကြော်ငြာတွင် စက်တင်ဘာအထိ ငှားမည်ဟု ဆိုထား သော်လည်း အခန်းသွားကြည့်ချိန် ထို ကျောင်းသူကို စက်တင်ဘာ ဘယ်အချိန်ထိလဲ မေးကြည့်တော့ စက်တင်ဘာ ၁ ရက်နေ့ဟုဆိုသည်။

ထိုသို့ဖြင့် ထိုအခန်းလည်း မငှားဖြစ် တော့။ မေတစ်လလုံးလုံးမှာ အင်္ဂလန်တွင် ခရီးခဏထွက်လိုက် အခန်းရှာ လိုက်ဖြင့် လုံးချာနေသည်။ ဇွန်လဆန်း တွင် ပြောင်းရန် ပြင်ထားရာ လကုန်တွင် အခန်းကို ရအောင်ရှာရသည်။

အခန်းတွေက ပေါသော်လည်း ကိုယ် သုံးနိုင်သည့်ငွေ၊ တိတ်ဆိတ်မှု၊ အနီးအနား ဈေးဆိုင်ကနားရှိမှု၊ ကျောင်းသို့ စက်ဘီး ဖြင့် သွားနိုင်သည့် အကွာအဝေး၊ အတူနေသူများ၏ အရေးတို့ဖြင့် ချိန်ပါက အတော်ကို ခေါင်းခဲရသည်။

အွန်လိုင်းမှ အခန်းများကို ကြည့်၊ အချို့ကိုလည်း မြေပြင်သွားကြည့်ရင်း နောက်ဆုံး ပြောင်းရမည့်ရက် တစ်ပတ် လောက်အလိုမှ အခန်းတစ်ခန်း ရွေးလိုက်သည်။ စိတ်တိုင်းကျလှသည် မဟုတ်သော်လည်း မြို့တွင်းနှင့်လည်း မဝေးလှ။ အိမ်က အတန်ငယ်တိတ်ဆိတ်မည်ဟု ထင်ရ သည်က တစ်ကြောင်း၊ အနီးအနား ဈေးဆိုင်များ ပေါသည်က တစ်ကြောင်းဖြင့် ရွေးဖြစ် သွားသည်။

အိမ်မှာ နှစ်ထပ်ဖြစ်ပြီး အိပ်ခန်း လေးခန်းပါသည်။ မီးဖိုခန်း၊ ရေချိုးခန်း အိမ်သာတို့ကို အများနှင့် မျှသုံးရမည်။ ရေဖိုးမီးဖိုးပါပြီး တစ်လ ၄၂၅ ပေါင် ဖြစ် သည်။ မဆိုးလှ။ အခြား အခန်းငှားများ မှာ စပိန်၊ ဂျာမနီတို့ ဖြစ်သည်။

အိမ်ရှင် အမျိုးသမီးမှာ ပြောဆိုညှိ နှိုင်းရ အဆင်ပြေလှစွာသော အာဖရိကန် အမျိုးသမီးကြီး ဖြစ်သည်။ ထိုမျှ မကပါ နေရာသစ်၊ ရပ်ကွက်သစ်မှာ အိန်္ဒိယ စတိုးဆိုင်များ၊ အိန်္ဒိယစားသောက်ဆိုင်များ၊ အာရပ်ဆိုင်များဖြင့် အတန်ငယ် စည်ကား လှသော နေရာ ဖြစ်နေလေသည်။

မူလက မြို့တွင်း အင်္ဂလိပ်ရပ်ကွက်မှ အာရပ်နှင့် အိန်္ဒိယ ရောထားသည့် ရပ်ကွက်သို့ ရောက်သွားသည်။

ကိုယ့်အတွက်တော့ အာရှကို ပြန် ရောက်သွားသလိုပင်။

ဖစု