သစ်လွင်သော ငွေစက္ကူများသာ ပြည်သူကို ထုတ်ပေးရန် ဘဏ်များကို ညွှန်ကြား

0
1128

ဘဏ်များမှတစ်ဆင့် အများပြည်သူ များကို ငွေထုတ်ပေးရာတွင် သုံးစွဲရန် မသင့်တော်သော ဟောင်းနွမ်း စုတ်ပြဲနေသည့် ငွေစက္ကူများကို ထုတ်ပေးခြင်း မပြုဘဲ ကောင်းမွန်သစ်လွင်သော ငွေစက္ကူများကိုသာ ထုတ်ပေးရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင်လ ၃၁ ရက်က ညွှန်ကြားထားကြောင်း ထားဝယ်မြို့ရှိ ပုဂ္ဂလိကဘဏ်အချို့ထံမှ သိရသည်။

အထက်ပါ ဗဟိုဘဏ်၏ ညွှန်ကြား ချက်ကို သက်ဆိုင်ရာ ပုဂ္ဂလိကဘဏ် ရုံးချုပ်မှတစ်ဆင့် ထားဝယ်မြို့ရှိ  ဘဏ်ခွဲများထံ ညွှန်ကြားထားခြင်း ဖြစ်သည်။

ယခင်ကလည်း အများပြည်သူကြား သုံးစွဲရန် မသင့်တော်သည့် ငွေစက္ကူများ ထုတ်မပေးရန် နိုင်ငံပိုင်ဘဏ်များ အပါ အ၀င် ပုဂ္ဂလိကဘဏ်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားခဲ့ဖူးသော်လည်း ယင်းညွှန်ကြားချက်ကို ဘဏ်များ က အတိအကျ လိုက်နာခြင်းမရှိသဖြင့် ထပ်မံညွှန်ကြားရခြင်းဖြစ်ကြောင်း ယင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ထားဝယ်မြို့ရှိ ပုဂ္ဂလိဘဏ်အချို့ ကမူ ဗဟိုဘဏ်ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်နေကြောင်း ပြောဆိုကြသည်။

“ဗဟိုဘဏ်ညွှန်ကြားချက်အတိုင်း ပဲ လုပ်နေတယ်။ ပြည်သူတွေမှာ စုတ်ပြဲ နေတဲ့ ငွေ(စက္ကူ) တွေပါလာရင် လဲလှယ် လုပ်ပေးလိုက်တယ်။ ပြည်သူလူထုကို ပြန်ပြီး မထုတ်ပေးတော့ဘူး။ (ဟောင်းနွမ်း ငွေတွေ) များလာရင် ရုံးချုပ်ကိုပို့လိုက် တယ်”ဟု ထားဝယ်မြို့ရှိ ပုဂ္ဂလိကဘဏ် တစ်ခုမှ မန်နေဂျာက ဆိုသည်။

ဘဏ်များမှ ဟောင်းနွမ်းငွေစက္ကူ များကို ထုတ်ပေးနေခြင်းသည် ပြည်သူ များ ငွေကြေးသုံးစွဲမှုအပေါ် စိတ်ချမ်းသာမှု မပေးနိုင်သည့်အပြင် ထုတ်ပေးသော ဘဏ်နှင့် နိုင်ငံဂုဏ်သိက္ခာပါ ထိခိုက်စေကြောင်း ဗဟိုဘဏ် ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ယင်းအတွက်ကြောင့် ဘဏ်များ အနေဖြင့် အများပြည်သူသို့ ထုတ်ပေးသည့် ငွေစက္ကူများတွင် ဟောင်းနွမ်းငွေ စက္ကူများ မပါဝင်ရေးနှင့် ယင်းငွေစက္ကူများကို ဗဟိုဘဏ်တွင် လဲလှယ်ကြရေး အထူးဂရုပြုရန် ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း သိရသည်။

ကျော်သူစိုး