ထားဝယ် – ကံပေါက် ဓာတ်အားလိုင်းတစ်လျှောက် အပင်လျော်ကြေးကိစ္စ တိုင်းအစိုးရ အကြောင်းမပြန်သေး

0
601

ထားဝယ်- ကံပေါက်သို့ သွယ်တန်းထားသည့် ၆၆ကေဗွီဓာတ်အားလိုင်း ကြိုးအောက်ရှိ သီးနှံပင်များ လျော်ကြေး ပေးရေးကိစ္စ တင်ပြထားရာ လက်ရှိအချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ရေဖြူမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်ဦးက သြဂုတ်လ ၁ ရက်တွင် ပြောသည်။

ဦးသက်နိုင်ဦးက ကံပေါက်-ထားဝယ် ၆၆ ကေဗွီဓာတ်အားလိုင်းသွယ်တန်း ဆောက်လုပ်ရာတွင် သိမ်းဆည်းခံမြေ များအတွက် မြေယာနှင့် သီးနှံလျော်ကြေး ပေးချေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ပေးမည်ကို သိလိုကြောင်း ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ကြယ်ပွင့်မပြ မေးခွန်းမေးမြန်းခဲ့သည်။

အဆိုပါ ဓာတ်အားလိုင်းအောက်ရှိ သီးနှံပင်များ လျော်ကြေးပေးနိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က သဘောတူခွင့်ပြု ပါက လျော်ကြေးပေးရေး ဆက်လက်ဆောင်ရွက်မည်ဟု ပြည် ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူက စာဖြင့်ဖြေဆိုထားသည်။

ထိုကြောင့် သီးနှံပင်များအတွက် လျော်ကြေးပေးနိုင်ရန် သဘောတူခွင့်ပြု နိုင်ရေးအတွက် ဇွန်လ ၁၄ ရက်နေ့တွင် တိုင်းအစိုးရထံ စာဖြင့်တင်ပြထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက် နိုင်ဦးက ဆိုသည်။

“တိုင်းအစိုးရအဖွဲ့က သဘောတူရင် လျော်ကြေးကိစ္စ ပွဲပြီးသွားပြီပေါ့။ လက်ရှိအချိန်ထိ အကြောင်းမပြန်သေး ပေမယ့် ရဖို့ သေချာမှာပါ”ဟု ဦးသက်နိုင်ဦးက ပြောသည်။

၆၆ ကေဗွီဓာတ်အားလိုင်းဖြတ်သန်း ရာတစ်လျှောက်တွင် ရော်ဘာပင်နှင့် ကွမ်းသီးပင်များ အများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းအစိုးရက ဖွဲ့စည်းပေးထားသည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် ဓာတ်အားလိုင်းတစ်လျှောက် ခုတ်ထွင် ရှင်းလင်းရသော အပင်များအတွက် ပါဝင် သွားသည့် အပင်အမျိုးအစား၊ အရွယ်အစား၊ အရေအတွက်ကို စာရင်းကောက် ယူကာ တိုင်းအစိုးရအဖွဲ့သို့ ပေးပို့ထား ပြီးဖြစ်ကြောင်း လျှပ်စစ်/စွမ်းအင်ဝန်ကြီး ဌာန၏ ဖြေကြားစာတွင် ပါရှိသည်။

ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ တင်ပြထားသည့် ပျက်စီးဆုံးရှုံးမှု ပမာဏစာရင်း များအရ  မြို့နယ်/ခရိုင် လယ်ယာမြေစီမံ ခန့်ခွဲမှု ကော်မတီမှ တန်ဖိုးတွက်ချက် သတ်မှတ်ခြင်းကို တိုင်းအစိုးရအဖွဲ့ သဘောတူခွင့်ပြုပါက ၀န်ကြီးဌာနမှ ဘဏ္ဍာငွေလျာထား၍ လျော်ကြေးပေး နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနက ဖြေကြား ထားသည်။

အထက်ပါ ဓာတ်အားလိုင်းတည် ဆောက်ရာတွင် မြေယာသိမ်းဆည်းခဲ့ ခြင်းမရှိကြောင်း ဖြေဆိုထားသည်။

ကိုဇော်