ဝက်သား၊ အမဲသား သတ်မှတ်ဈေး ထက် ပိုရောင်းက အရေးယူမည်

0
1890

ဝက်သား၊ အမဲသားနှင့် ဆိတ်သားကို သတ်မှတ်ဈေးထက် ဈေးတင်ရောင်းချ ပါက တိကျစွာအရေးယူမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။

ဝက်သား(အသားသက်သက်) တစ်ပိဿာလျှင် ၈၅၀၀ ကျပ်၊ အသား အရိုးတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ကလီဇာတစ်ပိဿာလျှင် ၈၅၀၀ ကျပ်နှင့် အဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့် ရောင်းချရမည်ဖြစ်ကြောင်း စည်ပင်အဖွဲ့၏ လေလံစည်းကမ်းချက်တွင် ပါရှိသည်။

အမဲသား အသားတစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ကလီဇာတစ်ပိဿာလျှင် ၉၀၀၀ ကျပ်နှင့် အရိုးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချရမည်ဟု သတ်မှတ်ထားသည်။

ဆိတ်သားတစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ အသားအရိုးတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ကလီဇာတစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်နှင့် အရိုးတစ်ပိဿာလျှင် ၄၅၀၀ ကျပ် ဖြင့် ရောင်းချရမည်ဖြစ်သည်။

ယင်းဈေးနှုန်းရေးသားထားသည့် ဆိုင်းဘုတ်ကို ဈေးအတွင်း အများပြည်သူ မြင်သာသည့် နေရာ ၄ ခုတွင် ဆိုင်းဘုတ် ချိတ်ဆွဲစိုက်ထူထားရမည်ဖြစ်ကြောင်း လေလံစည်းကမ်းချက်တွင် ဖော်ပြထား သည်။

အထက်ပါနှုန်းထားများအတိုင်း စားသုံးသူ လက်ဝယ်အရောက် ရောင်းချရမည်ဖြစ် ပြီး ယင်းသတ်မှတ်ဈေးထက် ပိုရောင်းပါက စိစစ်အရေးယူမှုများ လုပ်ဆောင် မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်အဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။

သတ်မှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်များကို ဖောက်ဖျက်ပါက လိုင်စင်ပြန်လည်ရုပ်သိမ်းခြင်း၊ အာမခံငွေ သိမ်းယူခြင်း၊ အမည်ပျက်စာရင်းသွင်း ခြင်းနှင့် ဥပဒေအရ အရေးယူခံရမည်ဖြစ် ကြောင်း လိုင်စင်စည်းကမ်းချက်များတွင် ဖော်ပြထားသည်။

“ဒီသတ်မှတ်ဈေးနှုန်းအတိုင်းပဲ ဒီနှစ်တော့ ရောင်းချစေရေး ကြီးကြပ်မယ်။ မကိုက်လို့ရှိရင်လည်း (လေလံ)မဆွဲကြနဲ့ပေါ့”ဟု ၎င်းက ပြောသည်။

ဈေးများတွင် သတ်မှတ်ဈေးထက် ပိုရောင်းနေကြောင်း တွေ့ရှိပါက ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံ လာရောက်တိုင်ကြားနိုင်ကြောင်း အမှုဆောင်အရာရှိက ဆိုသည်။

ဝက်သားသတ်လိုင်စင်ရှိသူထံမှ ၀က်အဆီအသား ရောရာတစ်ပိဿာလျှင် ကျပ် ၉၀၀၀ နှုန်းဖြင့် ၀ယ်ယူရောင်းချရပြီး စားသုံးသူများကို အသားသက်သက် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ အဆီအသား တစ်ပိဿာလျှင် တစ်သောင်းကျပ်နှင့် အဆီတစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ပြန်ရောင်းချကြောင်း ထားဝယ်မြို့ ညနေ ဈေး (ဘုမ္မော်ဈး)တွင် ၀က်သားရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ဒိုင်တွင် ၀ယ်ယူစဉ်က အဆီအသား ရောနှောဝယ်ယူရပြီး အသားနှင့် အဆီသီးခြားစီခွဲပြီး ရောင်းချရာတွင် ကာမိစေ ရန် အသားသက်သက်ဈေးကို ၁၂၀၀၀ ကျပ်အထိ တိုးမြှင့်ရောင်းနေရကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

ဝက်သားဒိုင်ထံမှ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ဖြင့် ၀ယ်ယူခွင့်ရမှသာ ဈေးအတွင်း စားသုံးသူလက်ဝယ်အရောက်  တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

လက်ရှိတွင် ထားဝယ်ဒေသ၌ ၀က်မွေးမြူသူနည်းပါးပြီး ကုန်ကြမ်းရှား ပါးနေသည့်အတွက် မွန်ပြည်နယ်၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း အစရှိသည့် အခြား တိုင်းနှင့် ပြည်နယ်များမှ လိုက်လံဝယ်ယူ နေရကြောင်း ထားဝယ်မြို့အတွင်းရှိ ၀က်သားဒိုင်တစ်ဦးက ပြောသည်။

ယင်းအတွက်ကြောင့် သယ်ယူပို့ ဆောင်ခစရိတ်နှင့် လမ်းခရီးတွင် သေဆုံးမှု အစရှိသည့် အခက်အခဲများရှိနေ ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့ ၀က်သားသတ်လိုင်စင်၊ အမဲသားသတ်လိုင်စင်၊ ဆိတ်သား သတ်လိုင်စင်၊ ရှင်မုတ္ထီးကျေးရွာ ၀က်သား သတ်လိုင်စင်၊ သဗြေချောင်း ကျေးရွာ ၀က်သားသတ်လိုင်စင်များကို ယခုနှစ် စက်တင်ဘာလ ၂ ရက်တွင် ခွဲဝေချထားသည့်စနစ်ဖြင့် လေလံတင် ရောင်းချမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်ထံမှ သိရ သည်။

ကိုဇော်