တရားမ၀င်ရွှေတူး ယန္တရားသံထည်နှစ်စီး တနင်္သာရီမြစ်တစ်လျှောက်မျောလာ

0
1457

တရားဝင်ခွင့်ပြုပေးထားခြင်း မရှိသည့် ရွှေတူးဖော်ရေးလုပ်ငန်းသုံး ရွှေတူးယန္တရား သံထည်(ရွှေတူးသင်္ဘော)နှစ်စီး တနင်္သာရီ မြစ်တစ်လျှောက်မျောလာပြီး တနင်္သာရီမြို့ နယ်သို့ ရောက်ရှိလာခဲ့သည်။

သြဂုတ်လ ၇ ရက် နံနက်ပိုင်းက သိန္ဓောကျေးရွာအုပ်စု သိန္ဓောရွာသို့ လူလိုက်ပါလာခြင်း မရှိဘဲ ရေစီးဖြင့် မျောလာသည့် ရွှေတူးယန္တရား သံထည် တစ်ခုကို ဆယ်ယူထားပြီး သြဂုတ်လ ၈ ရက် မွန်းလွဲ နှစ်နာရီခွဲခန့်က သာရဘွင်ကျေးရွာ အုပ်စုအတွင်းသို့ ရောက်ရှိလာသည့် သံထည်ပေါ်တွင် လူ ၈ ဦး ပါရှိလာကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ပြောသည်။

ရွှေတူးသင်္ဘောတို့ဖြင့် ရွှေတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်ခြင်းကို တရားဝင်ခွင့် ပြုပေးထားခြင်း မရှိကြောင်း တနင်္သာရီ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

“အစိုးရပိုင်းက ခွင့်ပြုပေးထားတာ မရှိဘူး”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

အဆိုပါ ရွှေတူးသင်္ဘောများနှင့် ပတ်သက်ပြီး သြဂုတ်လ ၃ ရက် ရက်စွဲ ဖြင့် ကေအင်န်ယူ ကရင်အမျိုးသားအစည်းရုံး မြိတ်-ထားဝယ်ခရိုင် စည်းတံဆိပ်ဖြင့် ကရင်ဘာသာစကားဖြင့် ရေးသားထား သည့် စာတစ်စောင်အား ရရှိထားကြောင်း အုပ်ချုပ်ရေးမှူး ဦးတင်ကြည်က ဆိုသည်။

ကရင်ဘာသာစကားဖြင့် ရေးသားထားသည့် စာပါအကြောင်းအရာတို့အား မြန်မာဘာသာဖြင့် ပြန်လည်ရေးသား သည့် စာအား မြို့နယ်အုပ်ချုပ်ရေးထံ ပေးပို့ထားကြောင်း အုပ်ချုပ်ရေးမှူး ဦးတင်ကြည်က ပြောသည်။

ယင်းတင်ပြစာတွင် ရွှေတူးသင်္ဘောတို့မှာ ကေအင်န်ယူ မြိတ်-ထားဝယ်ခရိုင် နယ်မြေအတွင်း ရွှေတူးဖော်ရေး လုပ်ငန်း များကို၂၀၁၅ ခုနှစ်တွင် စတင်လုပ်ကိုင် ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှုကြောင့် ၂၀၁၈ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ ပြီး မိမိနေရပ်ဒေသသို့ ပြန်လည်သယ် ယူရခြင်းဖြစ်ကြောင်းကို ရေးသားထား သည်။

“၂၀၁၈ မှာနားတယ်။ နားပြီးရင် ဘာလုပ်နေကြလဲ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက မေးခွန်း ထုတ်သည်။

ရွှေတူးသင်္ဘောများမှာ ရွှေတူးလုပ်ငန်းများ လုပ်ကိုင်နိုင်သည့် အခြေအနေရှိ နေပြီး သင်္ဘောပေါ်ပါသူများမှာ ဒေသခံ ဌာနေတိုင်းရင်းသားများ မဟုတ်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောသည်။

ရွှေတူးဖော်မှုကို ခွင့်ပြုခဲ့ဖူးသော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များရှိနေသည့်အတွက် ၂၀၁၈ ခုနှစ်တွင် တူးဖော်ခွင့် အားလုံးကို ရပ်ဆိုင်းလိုက် ပြီးဖြစ်ကြောင်း ကေအင်န်ယူ ကရင်အမျိုး သားအစည်းရုံး တပ်မဟာ ၄  မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေး ရုံးတာဝန်ခံ ပဒိုဝင်းခိုင် ခေါ် ပဒိုဖလို့စိုးဝင်းက ဆိုသည်။

ကေအင်န်ယူ ကရင်အမျိုးသား အစည်းရုံး တပ်မဟာ ၄  မြိတ်-ထားဝယ် ခရိုင်  စည်းတံဆိပ်ပါသည်ဆိုသည့် စာ မှာ ရွှေတူးဖော်ခွင့်ရပ်ဆိုင်းလိုက်ပြီး နောက် ရွှေတူးသင်္ဘောများကို ပြန်ဖျက်ပြီး သယ်သွားရန်အတွက် ခွင့်ပြုသည့်စာ ဟု ယူဆရကြောင်း ၎င်းက ပြောသည်။

“ရပ်ဆိုင်းလိုက်တဲ့အပေါ်မှာ အဲလို ထားရင်လည်း အဆင်မပြေတော့ ပြန်ပြီး တော့ဖျက်ပြီးတော့ ယူသွားချင်တယ် ဆိုတော့ အဲလိုပုံစံမျိုးနဲ့  ထုတ်ပေးလိုက် တဲ့ သဘောပေါ့”ဟု ပဒိုဝင်းခိုင်က ဆိုသည်။

အဆိုပါ ရွှေတူးသင်္ဘောများကို သက်ဆိုင်ရာဌာနများမှ မည်ကဲ့သို့ကိုင် တွယ်ဖြေရှင်းမည်ကို စောင့်ကြည့်နေ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြော သည်။

မြင့်မိုရ်(မြိတ်)