တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု ၀န်ကြီးဟောင်း ဦးကြည်လှိုင်ကို တရားလိုပြသက်သေအဖြစ် စစ်ဆေးမည်

0
1368

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အမှုတွင် တရားလိုပြသက်သေ အဖြစ် တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးကြည်လှိုင်ကို စစ်ဆေးမည် ဖြစ်ကြောင်း တိုင်းဒေသ ကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။

အမှု၏ ၂၅ ကြိမ်မြောက်ရုံးချိန်း ဖြစ်သည့် သြဂုတ်လ ၁၉ ရက်တွင် စစ်ဆေးရန် ချိန်းဆိုထားကြောင်း တိုင်း တရားလွှတ်တော်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဇော်သန်းက ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခု အနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများ ပါဝင်သည်။

ဦးကြည်လှိုင်အား တိုင်းတရား လွှတ်တော်၏ ရာဇ၀တ်ကြီးမှုအမှတ်  ၂/၂၀၁၉ ၊ ၃/၂၀၁၉ ၊ ၄/၂၀၁၉ အမှုများ အတွက် တရားလိုပြသက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း ဦးဇော်ဇော်သန်း က ဆိုသည်။

ရာဇ၀တ်ကြီးမှုအမှတ် ၂/၂၀၁၉ မှာ ကျပ်သိန်းလေးထောင်ဖြင့် ထားဝယ် လေယာဉ်ကွင်းချုံရှင်းသည့်ကိစ္စဖြစ်ပြီး ရာဇ၀တ်ကြီးမှုအမှတ် ၃/၂၀၁၉ မှာ GGS ကုမ္ပဏီက နိုင်ငံတော်သို့ ပေးသွင်းရမည့် ဂက်စ်ဖိုးငွေ အကြွေးကျန် ကိစ္စဖြစ်သည်။

တိုင်းတရားလွှတ်တော်၏ ၄/၂၀၁၉ အမှုမှာ ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင် သရက်ချောင်းမြို့ရှိ  အိမ်နှင့်မြေကို ကာလ တန်ဖိုး ကျပ် ၃၂၀ သိန်းကျော်ခန့်သာ တန်ဖိုးရှိသော်လည်း ကျပ်သိန်း ၂၀၀၀ ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ပြီး နောက် GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေးတည်ဆောက်ခြင်း၊ ခြင်းလုံး ရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ နေပြည်တော်ရှိ တိုင်းအစိုးရဧည့်ရိပ်သာနှင့် ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင် ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့သည်ဟု အဂတိကော်မရှင်က စွပ်စွဲထားသည်။

ဦးကြည်လှိုင်သည် ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက် စားမှုဖြင့် တရားစွဲဆိုခံရပြီးနောက် တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး အဖြစ်မှ နုတ်ထွက်ခဲ့သူဖြစ်ပြီး လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် ရုံးချိန်းတွင် တိုင်းအစိုးရ အဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းကိုလည်း တရားလို ပြသက်သေအဖြစ် စစ်ဆေးခဲ့သည်။

ကိုဇော်