ရှင်မော်ဘုရားတောင်နှင့်လမ်းမြေပြိုကျမှု နောက်ဆုံးရအခြေအနေ

0
2363
ဓာတ်ပုံ - သက်ဇော်မြတ်

ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်တောင်နှင့် လမ်းတစ်လျှောက်တွင် မြေပြိုကျမှုများဖြစ်ပေါ်နေသည့်အတွက် ရှင်မော်ဘုရားဂေါပကအဖွဲ့အဝင်အချို့နှင့် ဈေးသည်အချို့ လက်ရှိအချိန်အထိ ပိတ်မိနေဆဲဖြစ်ကြောင်း အခင်းဖြစ်နေရာသို့ ကူညီရန် သွားရောက်နေသည့်အဖွဲ့များထံမှ သိရသည်။

သြဂုတ်လ ၁၀ ရက် မနက်ပိုင်းက မြေပြိုမှုများဖြစ်ပွားနေသောကြောင့် ဂေါပကအဖွဲ့မှ လာရောက်ကူညီခေါ်ဆောင်ပေးရန် အကြောင်းကြားခဲ့ကြောင်း မြတ်မိခင်ပရဟိတလူမှုကူညီရေးအသင်းဝင် ကိုသက်ဇော်မြတ်က Dawei Watch သတင်းဌာနသို့ ပြောသည်။

သို့သော် အောက်ကျောက်ဝပ်ကျေးရွာနှင့် ရှင်မော်တောင်အကြား မြေပြိုကျမှု ငါးနေရာခန့်ရှိနေသည့်အတွက် သွားရောက်ရန် အခက်အခဲရှိနေကြောင်း ကိုသက်ဇော်မြတ်က ပြောသည်။

ဂေါပကအဖွဲ့ဝင်အချို့နှင့် လူတစ်ချို့အား လှေဖြင့် သွားရောက်ခေါ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း လှိုင်းကြီးနေသဖြင့် သွားရောက်မခေါ်ဆောင်နိုင်သေးကြောင်း ကိုသက်ဇော်မြတ်က သြဂုတ်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြောသည်။

ယင်းကြောင့် အောက်ကျောက်ဝပ်ကျေးရွာ မြေပြိုသည့်နေရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့များနှင့် ဒေသခံများ ပူးပေါင်း၍ ဘက်ဟိုး အငယ်တစ်စီးဖြင့် ရှင်းလင်းနေကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

အောက်ကျောက်ဝပ်ကျေးရွာနှင့် ကျောက်မတ်တပ်ကျေးရွာကြားတွင်လည်း ကားအချို့ပိတ်မိနေကြောင်း ဇမ္ဗူသီရိအဖွဲ့ဝင် ကိုဟိန်းအာကာက ပြောသည်။

ရှင်မော်ဘုရားဂေါပကအဖွဲ့ထံ ဆက်သွယ်ခဲ့သော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးပေ။

Dawei Watch