လျှပ်စစ် သင်ခန်းစာ

0
808

လက်ရှိ တနင်္သာရီတိုင်း၏ လျှပ်စစ်အခြေအနေ အထူးသဖြင့် ထားဝယ်နှင့် မြိတ်လျှပ်စစ်အခြေအနေသည် ကုမ္ပဏီတို့၏ လက်ထဲသို့ ၀ကွက်အပ်ထားရပြီး ကုမ္ပဏီတို့ ပြုသမျှ နုနေရသည့် အနေအထား ဖြစ်နေသည်။

မြိတ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို ယခင် မီးလင်းရေးအဖွဲ့ ၉ ဖွဲ့ လက်ထဲ မှ မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီက လွှဲပြောင်း ယူခဲ့သည်။

မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီသည် မြိတ်တွင် လျှပ်စစ်တစ်ယူနစ်နှုန်းထားကို ၂၆၀ ကျပ်ဖြင့် ပေးမည်၊ တစ်ယူနစ် ၂၆၀ ကျပ်ဖြင့် မပေးနိုင်မီ ကြားကာလတွင် မီးလင်းရေးအဖွဲ့များ ပုံမှန်သတ်မှတ်လေ့ရှိသည့် နှုန်းထားအောက် ၂၀ ရာခိုင်နှုန်း လျှော့ကောက်မည်ဟု ကတိပေးပြောဆိုကာ မြိတ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရေးလုပ်ငန်းကို လွှဲပြောင်းရယူခဲ့သည်။

သို့သော် ယင်း ကတိများ လက်တွေ့ဖြစ်မလာခဲ့ပေ။

တဖန် မေလ ၂၄ ရက်ကလည်း လျှပ်စစ်/စွမ်းအင်ဝန်ကြီး၊ သက်ဆိုင်ရာ ဌာနများ၊ မီးလင်းရေးအဖွဲ့များနှင့် မြိတ်စိမ်းလန်းစွမ်းအင် ကုမ္ပဏီတို့ တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။ ယင်းတွေ့ဆုံပွဲတွင်လည်း ကုမ္ပဏီဘက်က လျှပ်စစ်တစ်ယူနစ် နှုန်းထားကို သတ်မှတ်ဈေးနှုန်းထက် ၁၄ ရာခိုင်နှုန်းလျှော့ပေးမည်ဟု ကတိပေး ခဲ့ပြန်သည်။

ကတိအကြိမ်ကြိမ်ပေးခဲ့လင့်ကစား လက်ရှိတွင် တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရဟုဆိုကာ တစ်ယူနစ်လျှင် ၄၂၀ ကျပ်နှုန်းဖြင့် ကောက်ခံမည်ဟု ထုတ်ပြန်လိုက်ပြန်သည်။ နောက်ဆုံးသဘောတူထားသည့် သဘောတူညီမှုအရ ဇူလိုင်လအတွက် တစ်ယူနစ် လျှင် ၃၈၀ ကျပ်နှုန်းသာ ကောက်ခံရမည်ဖြစ်ကြောင်း မီးလင်းရေးအဖွဲ့များက ထောက်ပြသည်။

ကတိအကြိမ်ကြိမ် ပျက်ယွင်းနေသည့် ကုမ္ပဏီအား တိုင်းအစိုးရအနေဖြင့် အဘယ်ကြောင့် ဈေးနှုန်းတိုးကောက်ဖို့ ခွင့်ပြုခဲ့သနည်း။

ထားဝယ်ခရိုင်တွင်လည်း အလားတူပင်။

အကြွေးကျန်ပြဿနာကြောင့် တရားစွဲခံနေရသည့် ကုမ္ပဏီ၊ ပြည်သူအများစု ဝေဖန်နေသည့် GGS ကုမ္ပဏီကို လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့် ယာယီဆက် ပေးထားရုံသာမက ဈေးနှုန်းပင် ထပ်တိုးကောက်ခွင့်ပြုခဲ့သည်။

မေးခွန်းထုတ်စရာရှိသည်မှာ တိုင်းအစိုးရတွင် မည်သည့်အတွက်ကြောင့် အခြားအဖြေမရှိဖြစ်နေရသနည်း။

စာချုပ်စာတမ်းများ ခိုင်မာခြင်း/မခိုင်မာခြင်း၊ ကုမ္ပဏီများ တာဝန်ပျက်ယွင်း မှုရှိပါက အစားထိုးနိုင်မည့် အစီအစဉ် ရှိခြင်း/မရှိခြင်း၊ တာဝန်ယူ တာဝန်ခံမှု ရှိခြင်း/မရှိခြင်း စသည့်အကြောင်းအရာများက အခြားအဖြေရှိမရှိအပေါ် သက်ရောက်မည်ဖြစ်သည်။

ယခုအခြေအနေအရဆိုလျှင် ကုမ္ပဏီက အစိုးရအစီအစဉ်အတိုင်းသွားခြင်း လော၊ အစိုးရက ကုမ္ပဏီအစီအစဉ်အတိုင်းသွား နေခြင်းလောဟု မေးစရာဖြစ် နေသည်။ မေးစရာမလိုအောင် ရှင်းနေသည်ဟုလည်း ပြောနိုင်သည်။

တိုင်းလျှပ်စစ်ကိစ္စသည် ဆင်ခြင်ဖွယ် သင်ခန်းစာယူဖွယ် အတိဖြစ်သည်။

အယ်ဒီတာ (သြဂုတ် ၃၊ ၂၀၁၉)