မီးသွေး ပြဿနာ…အဖြေရှာ

0
256

မိုးအေးအေးနဲ့ အလုပ်ကလည်း မရှိ။ ရှိတဲ့ဂျာနယ်ကောက်ဖတ်တော့ရတနင်္သာရီ အပတ်စဉ်ဂျာနယ် အတွဲ – ၆၊ အမှတ် – ၄၅၊ စာမျက်နှာ – ၈ မှာ မီးသွေးတန် တစ်သောင်းထုတ်ခွင့်ပြု ( ထားဝယ်၊ ဇွန် ၂၉) ဆိုတဲ့ သတင်းကို ဖတ်မိတယ်။

ထားဝယ်ခရိုင်မှာ မီးသွေး ကုဗတန် ၂၃၀၀၊ မြိတ်ခရိုင်မှာ တန် ၅၃၀၀၊ ကော့သောင်းခရိုင်မှာ တန် ၂၄၀၀ ထုတ်ဖို့ လျာထားတယ်လို့ ဆိုတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကလည်း မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး တိုင်းထဲ မှာ မီးသွေး ကုဗတန်တစ်သောင်း ထုတ်ခွင့် ပြုခဲ့တယ်။

၂၀၁၆ခုနှစ်အတွင်း တိုင်းဒေသကြီး ၀န်ကြီးချုပ်(ဟောင်း)ရဲ့ မြိတ်ခရီးစဉ်မှာ မီးသွေးဖုတ်တာကြောင့် ဒီရေတောများ ပြုန်းတီးနေတယ်ဆိုပြီး ဒေသခံတွေက တင်ပြတဲ့အတွက် မီးသွေးထုတ်ခွင့် ပိတ်ခဲ့ ဖူးတဲ့အကြောင်း၊ လက်ရှိမှာ တောမီးသွေးကိုပဲ ထုတ်လုပ်ခွင့်ပြုထားတယ်ဆိုတဲ့ အကြောင်းလည်း ပါတယ်။

သန်းခေါင်စာရင်းအရ တနင်္သာရီ တိုင်းမှာ အိမ်ထောင်စု ၃ သိန်းနီးပါး (၂၈၃၀၉၉) ရှိပြီး မီးသွေး/လောင်စာ တောင့် အသုံးပြုတဲ့ အိမ်ထောင်စု  ၄၃.၅ ရာခိုင်နှုန်း ရှိတယ်။ မီးသွေး ၁ ကုဗတန်မှာ တစ်တင်းခွဲဝင် အိတ် ၆ အိတ်လောက် ၀င်ဆံ့တယ်လို့ သတင်းက ဆိုတယ်။

တိုင်းအတွင်း ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ မီးသွေးတန် ၃၈၄၇၀ တန်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ၃၉၀၅၀ တန်နဲ့ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေး နှစ်မှာ ၂၉၃၂၀ တန် လျာထားပြီး ထုတ်ခဲ့ တယ်လို့ ဆိုတယ်။

ဒီသတင်းဖတ်ပြီး ၂၀၁၆ ခုနှစ်တုန်းက အိမ်ရှင်မ ကြိမ်းတာ ပြန်သတိရတယ်။

“ကဲ..လုပ်ပါဦး … ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားကြီးရေ…မီးသွေးဝယ်မရ တော့ဘူး … မီးမလာရင် … ထမင်းချက်စရာ မရှိဘူး … ရှင်အငတ်နေ…”

ကိုယ်လည်း ဘာမှ ပြန်မပြောနိုင်။

ကျွန်းစုက ကိုယ့်ဘော်ဒါတွေကိုပဲ စိတ်နာတယ်။ ၀န်ကြီးချုပ်ကလည်း အသစ် …. လက်စွမ်းကလည်း ပြချင်တုန်း ဆိုရမလို…ဒီတော့ ဒေသခံတွေက ဒီရေ တောတွေ ကုန်တယ်ပြောတဲ့အခါ မီးသွေး ထုတ်တာ ရပ်လိုက်တယ်။ ရွာထဲကအမှု.. ဘုန်းကြီး ပတ်တာ … ၂ လ၊ ၃ လ လောက် ကြာတော့ မီးသွေးတန် ၁ သောင်း  ထုတ်မယ် ပြန်ကြေညာမှပဲ … ကိုယ်လည်း နည်းနည်း ခေါင်းအေးတော့တယ်။

အခုလည်း မီးသွေးတန်တစ်သောင်း ထုတ်ဖို့ လျာထားတယ်လို့ တွေ့တော့ ခဲမှန်ဖူးတဲ့ စာသူငယ်လို ကြောက်နေတုန်း။

ဖတ်ပြီး တွေးမိတာက စွမ်းအင် လိုအပ်ချက်  . . . တကယ်လည်း ချက်ရေး ပြုတ်ရေးမှာ ထင်း . . . မီးသွေးက အသုံးဝင် လှတယ်။ ထင်းကို အသုံးပိုများတယ် . . . မီးသွေးကတော့ မြို့လူထုအကြိုက်ဖြစ် နေသလိုပဲ  . . . ရွာတွေမှာ လည်းသုံးတယ်…ရိုးရာဓလေ့ ဖြစ်နေပြီ…လျှပ်စစ်မီး က မရတဲ့နေရာများတယ်။ ရလည်း မီတာခက ခေါင်ခိုက်နေတယ်။

မီးသွေးကို သုံးရတာ လွယ်တယ်။ မီးသွေးနည်းနည်းနဲ့ ကြာကြာခံတယ်…  ပေါ့တယ်…မီးခိုးမထွက်ဘူး … အိုးတိုက် ရလွယ်တယ်…ဈေးနှုန်းလည်း မကြီး စတဲ့ အကြောင်းတွေကြောင့် သုံးကြပါတယ်။

တစ်နှစ် တိုင်းအတွင်း မီးသွေး ဘယ်လောက်ထုတ်လဲ ရှာကြည့်တော့ ဇယား (၁)ပါအတိုင်း တွေ့ရတယ်။

ဘဏ္ဍာရေးနှစ် ကုဗတန်
၂၀၁၀-၂၀၁၁ ၂၀၉၇၄.၈၄ ( နှစ်သောင်းကျော်)
၂၀၁၁-၂၀၁၂ ၇၈၀၂.၂၇ ( ရှစ်ထောင်နီးပါး)
၂၀၁၂-၂၀၁၃ ၂၄၅၀၄.၃၇ (နှစ်သောင်းငါးထောင်ကျော်)
၂၀၁၃-၂၀၁၄ ၂၉၁၁၉.၀၃ (သုံးသောင်းနီးပါး)
၂၀၁၄-၂၀၁၅ ၂၉၆၃၇.၄၀ (သုံးသောင်းနီးပါး)/ ၃၈၄၇၀ (လေးသောင်းနီးပါး)
၂၀၁၅-၂၀၁၆ ၃၉၀၅၀ (လေးသောင်းနီးပါး)
၂၀၁၆-၂၀၁၇ ၂၉၃၂၀ (သုံးသောင်းနီးပါး)
၂၀၁၇-၁၀၁၈ ၁၀၀၀၀ (တစ်သောင်း)
၂၀၁၈-၂၀၁၉ ၁၀၀၀၀ (တစ်သောင်း)
ပေါင်း ၂၀၀၄၀၇.၉၁ / ၂၀၉၂၄၀.၅၁

ဒီစာရင်းက တိုင်းဒေသကြီးလွှတ် တော် သတင်းလွှာအမှတ်  ၇ ရယ်၊ တနင်္သာရီအပတ်စဉ်ဂျာနယ် အတွဲ ၆၊ အမှတ် ၄၅ အရ တွေ့ရတဲ့စာရင်း ဖြစ်ပါ တယ်။ ၂၀၁၄-၂၀၁၅ အတွက်ဆိုရင် လွှတ်တော်သတင်းလွှာက တစ်မျိုး၊ ဂျာနယ် က တစ်မျိုး ဖော်ပြထားပါတယ်။

၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉ အတွက် တော့ မသိပါ။ ဒါကြောင့် အစိုးရဘက်က ပြောတဲ့ မီးသွေး တန်၁သောင်းနဲ့ တွက်ပါ တယ်။၂၀၁၀-၂၀၁၁ ကနေ ၂၀၁၈-၂၀၁၉ အထိ မီးသွေး စုစုပေါင်း ကုဗတန် ၂ သိန်းကျော် ထုတ်ခဲ့တယ်။ ဒီရေတော၊ တောင်ပေါ်တော၊ ဥယျာဉ်ထဲကသစ် … ကြိုက်တာပြောပါ… သစ်တန် အနည်းဆုံး ၂သိန်း ခုတ်တယ်လို့ ပြောပါတယ်။ တချို့ ဆရာတွေက မီးသွေးတစ်တန်ရဖို့ သစ်အစို ၂ တန်ဆို ရင်တော့ မီးသွေးတန် ၂ သိန်း အတွက် သစ်တန် ၄ သိန်း ခုတ်ရမှာပါ။ ဒါက တရားဝင် စာရင်းကို ပြတာပါ။

နောက်တစ်ချက်က ဒီမီးသွေးတန် တစ်သောင်းထုတ်ဖို့အတွက် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်းစာရင်းကို အခြေခံတွက် တယ်လို့ သတင်းမှာ တွေ့ရတယ်။

သန်းခေါင်စာရင်းအရ တနင်္သာရီ တိုင်းဒေသကြီးမှာ အိမ်ထောင်စု အရေ အတွက် ၂၈၃,၀၉၉ ရှိကြောင်း၊ အစား အစာ ချက်ပြုတ်ရန်အတွက် အဓိကအသုံး ပြုသည့် လောင်စာရာနှုန်း (ဇယား ၂)ကိုလည်း ဖော်ပြထားပါတယ်။

လျှပ်စစ်မီး ၁.၁ ရာခိုင်နှုန်း
ဓာတ်ငွေ့ ၁.၀ ရာခိုင်နှုန်း
ရေနံဆီမီး ၀.၃ ရာခိုင်နှုန်း
ဘိုင်အိုဂက်စ် ၁.၀ ရာခိုင်နှုန်း
သစ်သား/ထင်း ၅၂.၁ ရာခိုင်နှုန်း
မီးသွေး/လောင်စာတောင့် ၄၃.၅ ရာခိုင်နှုန်း
ကျောက်မီးသွေး ၀.၇ ရာခိုင်နှုန်း
အခြား ၀.၃ ရာခိုင်နှုန်း

မီးသွေး/လောင်စာတောင့်ဆိုတော့ မီးသွေးချည်း မဟုတ်ဘူးလို့ ငြင်းနိုင်ပါ သေးတယ်။ ဒီစာရင်းက ၂၀၁၄ က ကောက်ထားတာ။ အခု မီးရတဲ့နေရာတွေများ လာပြီလို့လည်း ငြင်းနိုင်ပါတယ်။ ထားပါ။

စုစုပေါင်း အိမ်ထောင်စု ၂၈၃,၀၉၉ ၏ ၄၃.၅ ရာခိုင်နှုန်းက မီးသွေး/လောင် စာတောင့်သုံးတာကြောင့် အိမ်ထောင်စု ပေါင်း ၁၂၃,၁၄၈ (တစ်သိန်းကျော်) ဖြစ်ပါတယ်။ ဒီနေရာမှာ အိမ်ထောင်စု တစ်ခုရဲ့ ဘယ်လောက်မီးသွေးသုံးလည်း ဆိုတာ အရေးပါလှပါတယ်။ သစ်တော တက္ကသိုလ်ရဲ့ အငြိမ်းစားပါမောက္ခချုပ် ဖြစ်တဲ့ ဆရာကြီးဦးဝင်းကြည်ရဲ့ အဆိုအရ အိမ်ထောင်စုတစ်စုသည် တစ်နှစ်လျှင် ပျမ်းမျှမီးသွေးပမာဏ ၂၇၄ ပိဿာခန့် (၄၃၈ ဒသမ ၄ ကီလိုဂရမ်/ ၀ ဒသမ ၄၃၈၄ မက်ထရစ်တန်) သုံးစွဲကြောင်း တွက်ချက်ပါတယ်။

ဒါကြောင့် တနင်္သာရီတိုင်းဒေသကြီး အတွက် နှစ်စဉ်မီးသွေး လိုအပ်ချက်အဖြစ် အိမ်ထောင်စုပေါင်း ၁၂၃,၁၄၈အတွက် မီးသွေး ၅၃၉၈၈ မက်ထရစ်တန် ဖြစ်ပါတယ်။

ဒါက စာရင်းအင်းအချက်အလက် တွေကို အခြေခံပြီး တွက်တာပါ။ မီးရ လာတယ်။ လောင်စာတောင့် သုံးတယ်။ အခု ဂက်စ် ပြောင်းသုံးတယ်။ စသဖြင့် ငြင်းချက်ထုတ်နိုင်ပါတယ်။

အရင် ဦးသိန်းစိန်အစိုးရလက်ထက် မှာထုတ်ခဲ့တဲ့ မီးသွေးအများစုဟာ ဒီရေတောတွေထဲက ဖြစ်ပါတယ်။

အခု ဦးထင်ကျော်၊ ပြီးတော့ ဦးဝင်းမြင့် အစိုးရလက်ထက်မှာ မီးသွေးကို တောသစ် ကပဲ ထုတ်တယ်ဆိုပေမယ့် တရားဝင် မီးသွေးဖို အများစုက ပင်လယ်ပိုင်းမှာ ဖြစ်ပါတယ်။

အထက်က ဖော်ပြခဲ့တဲ့ ဘဏ္ဍာနှစ် အလိုက် တရားဝင်ထုတ်ခဲ့တဲ့ မီးသွေးတန် ချိန်ဟာ ဒေသလိုအပ်ချက်ကိုတောင် မမီဘူးလို့ ပြပါတယ်။ တရားဝင်မီးသွေးဖိုလုပ်ငန်း အတွက် လုပ်ထုံးလုပ်နည်းကို ၁၉၈၆ခုနှစ် မှာ ထုတ်ပြန်ပါတယ်။

အဓိက လုပ်ငန်းအဆင့်များမှာ

(က)    မီးသွေးဖိုများ တရားဝင်တည် ဆောက်ခွင့်ပြုခြင်း။

(ခ)     မီးသွေးဖုတ်ရန် ထင်းခုတ်ခွင့် ပြုခြင်း။

(ဂ)     မီးသွေးဖိုတွင် မှတ်တမ်းများ ထားရှိခြင်း။

(ဃ)    မီးသွေးများ သယ်ယူပို့ဆောင် ခြင်း။

(င)     မီးသွေးရောင်းဝယ်ဖောက်ကား ခွင့်ပြုရန် မှတ်ပုံတင်ခြင်း။

(စ)     နာမည်ပျက်စာရင်းများ ထားရှိ ခြင်း။

(ဆ)    မီးသွေးဖုတ်ခြင်းများကို ကြီးကြပ် ကွပ်ကဲခြင်းတို့ ဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေက ရှုပ်ထွေးများပြား ပြီး အချိန်ကြာ၊ မြေပြင်မှာ လိုက်နာဆောင် ရွက်ဖို့ ခက်ခဲပါတယ်။

ဒေသခံမီးသွေးသမားတွေအတွက် ရုံးလုပ်ငန်း ဆောင်ရွက်ဖို့ ခရီးဝေးတာ၊ ငွေကြေး အခက်အခဲ၊ အချိန်ယူရတာ၊ လုပ်ငန်းနဲ့ ပတ်သက်ပြီး မသိတာ၊ သက်ဆိုင် ရာဌာနနဲ့ အကျွမ်းမ၀င်တာ စတဲ့အကြောင်း များစွာကြောင့် အလုပ်မဖြစ်တာကို တွေ့ရ ပါတယ်။

နှစ်စဉ်မီးသွေး လိုအပ်ချက်အဖြစ် အိမ်ထောင်စုပေါင်း ၁၂၃,၁၄၈ အတွက် မီးသွေး ၅၃၉၈၈ မက်ထရစ် တန် ဖြစ်ပါ တယ်။ ဒီစာရင်းက အိမ်ထောင်စုပေါ်မှာပဲ တွက်ချက်ထားတာ ဖြစ်ပါတယ်။ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အကင်ဆိုင်၊ သစ်သီးသားငါးအခြောက်လုပ်ငန်း၊ ပန်းပဲ ဖို၊ စားသောက်ဆိုင်တွေ … စတဲ့ မီးသွေး အသုံးပြုတဲ့ လုပ်ငန်းများကို ထည့်သွင်း တွက်ချက်ထားတာ မဟုတ်သေးပါ။

၂၀၁၈ခုနှစ်အတွင်း ထိုင်းနိုင်ငံ ရနောင်းခရိုင် အကောက်ခွန်ဌာနရဲ့ ကြေညာချက်အရ ထိုင်းနိုင်ငံသို့ တရားဝင် တင်သွင်းတဲ့ မီးသွေးပမာဏမှာ ကီလိုသိန်း ၆၀ နီးပါး( ၅၉၃၅၇၀၀ ကီလိုဂရမ်) ဖြစ်ပြီး တန်ချိန်အားဖြင့် တန် ၆ ထောင် နီးပါး (၅၉၃၅ တန်) ဖြစ်ပါတယ်။ ကာလ တန်ဖိုးမှာ ထိုင်းဘတ်ငွေ ၂၁ သန်းကျော် (၂၁.၃၆၈၅၂၀ သန်း) ဖြစ်ပါကြောင်း ဦးဗိုလ်သား ဦးရဲမြင့် ဖေ့စ်ဘွတ်အကောင့် မှာ တွေ့ရပါတယ်။

ပြညောမွှေငာန ရဲ့ဖော်ပြချက် မှာလည်း ထိုင်းကို တရားမ၀င်ပို့ကြောင်း၊ ရန်ကုန်ကိုလည်း ပို့ကြောင်းဖော်ပြပါ တယ်။ ဒီအချက်ကို တိုင်းဒေသကြီး တာဝန်ရှိသူအချို့ကလည်း ၂၀၁၆ခုနှစ် အတွင်း တနင်္သာရီဂျာနယ်ကို ၀န်ခံ ပြောကြားထားတာ ဖတ်ရတယ်။

မီးသွေးလုပ်ငန်းဟာ အင်မတန် ရှုပ်ထွေးလှပြီး တငွေ့ငွေ့လောင်နေတဲ့ အတွင်းမီး ဖြစ်ပါတယ်။ ပြည်သူက ဝေဖန်တင်ပြတဲ့အခါ မီးသွေးဖိုတွေ ဖမ်းပြ၊ ဖျက်ပြရုံနဲ့ မပြေလည်နိုင်ပါ။ မီးသွေး လုပ်ငန်းအခြေအနေမှန်ကို သိအောင်လုပ် ပြီး စနစ်တကျ တဖြည်းဖြည်းချင်း ဖြေရှင်း ရမှာပါ။ နာတာရှည်ရောဂါ ဖြစ်ပါတယ်။

အခုဆောင်းပါး ရေးရတာတောင်မှ မီးသွေးလုပ်နေတဲ့ ဒေသခံတွေအတွက် စိုးရိမ်မိတယ်။

အခု တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်နေတဲ့ ဦမြင့်မောင်၊ ၂၀၁၆ခုနှစ်တုန်း က သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ် က တနင်္သာရီဂျာနယ်အပတ်စဉ်ကို ပြောခဲ့ တဲ့ စကားနဲ့ပဲ နိဂုံးချုပ်ပါရစေ။

“အစားထိုးလောင်စာအတွက် ကြိုတင်စဉ်းစားထားတာတော့ မရှိသေးဘူး။ အဲဒါကို စဉ်းစားပြီး လုပ်ဆောင် သွားပါမယ်”

လောင်စာအတွက် အခက်တွေ့လာ မည်ပါက လိုအပ်လျှင် တောင်မီးသွေးများ ပြန်လည်ခွင့်ပြုရန် စဉ်းစားမည်ဖြစ်ပြီး ရေရှည်အတွက် ဒီရေတောနှင့် သစ်တောများကို အစုအဖွဲ့ပိုင်သစ်တော၊ အစုအဖွဲ့ ပိုင်ဒီရေတောများ လုပ်ပိုင်ခွင့်ပြုကာ ဥပဒေအရ ထုတ်လုပ်ခွင့် ပြုသွားမည် ဖြစ်ကြောင်းလို့ ဆိုထားဖူးပါတယ်။

ဆရာဇော်(စိတ်ပညာ)