ကမ်းနားဈေး ဈေးရုံအသစ်ဆောက် ပြီးက ငါးဆိုင်တန်းအား လူနေအိမ် များနှင့် ဝေးရာတွင် နေရာချရန် ၀န်ကြီးချုပ်ထံ စာပို့တောင်းဆို

0
973

ထားဝယ်မြို့ရှိ ကမ်းနားဈေးတွင် ဈေးရုံအသစ်ဆောက်လုပ်ပြီးပါက ငါးဆိုင်တန်းအား လူနေအိမ်များနှင့်ဝေးရာ၌ နေရာချထားပေးရန် ဈေးအနီးဝန်းကျင်ရှိ အိမ်များက လက်မှတ်ထိုးကာ ၀န်ကြီးချုပ်ထံ စာပို့တောင်းဆိုထားကြောင်း စာပို့ထားသူထံမှ သိရသည်။

ဈေးရုံအသစ်ဆောက်လုပ်ပြီးပါက ငါးဆိုင်တန်းကို နေရာပြောင်းရွှေ့ပေးရန် အနီးဝန်းကျင်ရှိ အိမ်နီးချင်း ၇ ဦးက လက်မှတ်ထိုးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းစည်ပင်ညွှန်မှူး၊ မြို့နယ်စည်ပင်ကော်မတီ၊ မြို့နယ်စည်ပင် အဖွဲ့သို့ ဇူလိုင်လ ၃၁ ရက်က စာဖြင့် တင်ပြထားသည်။

အဆိုပါ ငါးဆိုင်တန်းတွင် ညနေပိုင်း အချိန်မှ ည ၁၀ နာရီခန့်အထိ ငါးပုံးများ သယ်လာလေ့ရှိပြီး ငါးဆိုင်တန်းကို နံနက် ၂ နာရီခန့်တွင် ဖွင့်လှစ်လေ့ရှိသည့်အတွက် ငါးရောင်း၊ ငါးဝယ်သူများဖြင့် ဆူညံလေ့ရှိကြောင်း စာပို့တောင်းဆိုခဲ့သူတစ်ဦးဖြစ်သည့် ဒေါ်အင်ကြူက ဆိုသည်။

ယင်းအပြင် ငါးအနံ့ဆိုး နံနေသည့် အတွက် နေအိမ်ပြတင်းပေါက်နှင့် တံခါးပေါက်များကိုလည်း အမြဲတမ်းပိတ်ထားရကြာင်း ၎င်းက ပြောသည်။

ကမ်းနားဈေးရှိ ယခင်ငါးဆိုင်တန်း မှာ လူနေအိမ်များနှင့် အလွန်နီးကပ်လျက် ရှိသည်။

“သူ့ဘက်ကိုယ့်ဘက် အားလုံးကြည့်ပြီး နေလို့နိုင်အောင် အိမ်နဲ့ဝေး အောင်ကူညီဆောင်ရွက်ပေးပါဆိုတဲ့ပုံစံ မျိုးနဲ့ အကူအညီတောင်းတဲ့သဘောနဲ့ စာတင်ဖြစ်တာ”ဟု ဒေါ်အင်ကြူက ပြောသည်။

ငါးအရည်နှင့် အညစ်အကြေးများ ဆေးကြောပါက ချောင်းအတွင်း စီးဆင်း စေရန် သင်္ဘောဆိပ်ချောင်းဘေးတွင် ငါးဈေးတန်းကို နေရာချထားခြင်းဖြစ်ပြီး ငါးဆိုင်တန်း ပြောင်းရွှေ့ရန် နေရာအခက်အခဲရှိကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိက ဆိုသည်။

“ရည်ရွယ်ထားတာကလည်း ဒီနေရာမှာပဲ သင်္ဘောဆိပ်ချောင်းနဲ့ ကပ်လျက်ပေါ့၊ ဒီနေရာမှာပဲ ချဖို့ရည်ရွယ်ထားတယ်”ဟု အမှုဆောင်အရာရှိက ပြောသည်။

ယခင်ငါးဈေးတန်းတွင် ငါးဒိုင် ၁၁ ခု နှင့်  ငါးရောင်းချသူ ၁၀၀ ကျော်ရှိကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှသိရသည်။

Dawei Watch