တော်လှန်သူ

0
994

သူတစ်ခုခုစမ်းသပ် ထုတ်လုပ်တော့ မည်ဆိုလျှင် သူ့ဇနီး ဖြစ်သူက ခေါင်းကြီး (ကျိန်း)နေသည်။

လက်ရှိ ထမင်းဆိုင်လေးရောင်းချပြီး မိသားစု စားဝတ်နေရေးလုပ်နေရသည့် သူတို့ မိသားစုအဖို့ ခေါင်းကြီး(ကျိန်း)မည်ဆိုလည်း ကြီး(ကျိန်း)စရာ။ စမ်းသပ်မှုတစ်ခုလုပ်တိုင်း စက်ယန္တရားဖိုး ကုန်ကျသည့်ငွေက ကျပ်သိန်းလေးငါး ဆယ် မက။ လင်တော်မောင် ၀ါသနာပါသည့် စမ်းသပ်မှုများအတွက် စုစုပေါင်း သုံးခဲ့ရသည့် ငွေပမာဏက ခုဆိုလျှင် သိန်းနှစ်ရာခန့်ရှိနေပြီ ဖြစ်သည်။

သူ့နာမည်က ကိုသန်းဇော်ဦး။

အသက်က ၄၆ နှစ် ရှိပြီ။ လက်ရှိနေ တာက မြိတ်မြို့၊ ပလောက်စုရပ်ကွက်။ သို့သော် သူက မြိတ်သား မဟုတ်။ သူ့ဇာတိ က ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းတံတား အနီးက အုတ်ဖိုဆိုတဲ့ ရွာလေးတစ်ရွာ။

လွန်ခဲ့သည့် ဆယ်နှစ်လောက် ကတည်းက မြိတ်သူနဲ့ ရန်ကုန်မှာ ဖူးစာဆုံသည်။ယောက္ခမ ကျန်းမာရေးကြောင့် ဇနီးသည် ခေါ်သည့် မြိတ်မြို့လေးကို ရောက်လာခဲ့ပြီး ရန်ကုန်နဲ့ ဇာတိရပ်ဆီသို့တော်ရုံနဲ့ မပြန် ဖြစ်ခဲ့သူ။

ယောက်္ခမနှစ်ဦး ဆုံးပါးသွားသည့် နောက်ပိုင်း လက်ရှိ မိသားစု ၃ ယောက်၏ စားဝတ်နေရေးအလုပ်က ထမင်းဆိုင် ရောင်းသည့် အလုပ်။ သည်အလုပ်က သူတို့ မိသားစုအတွက်တော့ စီးပွားရေးက စားနိုင်သောက်နိုင်သည့်အတွက် အဆင် ပြေသည်။

သို့သော် အဆင်မပြေသည်က သူ့ ထမင်းဆိုင်မှ နေ့တိုင်းထွက်နေသည့် ရေသန့်ဘူး အခွံပြဿနာ။

တစ်နေ့လျှင် သူ့ထမင်းဆိုင်က အနည်းဆုံး ရေသန့်ဘူးတစ်လီတာဝင် အလုံး သုံးဆယ်ခန့် ထွက်သည်။ ထွက်သည့်ရေသန့် ဘူးကို ၀ယ်မည့်သူက မရှိ။ ရှိပြန်သော်လည်း ဈေးက မကောင်း။ ဆာလာအိတ် ဖြင့် တစ်အိတ်ဝင် ရေသန့်ဘူး အလုံးပေါင်း လေးဆယ်ကျော် (၁ ပိဿာ)ရောင်းမှ ရသည့်ငွေက ၃၀၀ ကျပ်။ တစ်လုံးလျှင် ရှစ်ကျပ်နှုန်းသာ ကျသင့်သည်။ ဈေးပို ရချင်၍ ကိုယ့်ကားနှင့်ကိုယ် သွားရောင်း ပြန်သော်လည်း ရောင်းရသည့်ငွေက ကားဆီဖိုးသာသာ။ မည်သို့မျှ မကိုက်။ ဈေးကွက်အတွင်း ရေသန့်ဘူးခွံက အံမ၀င်။

ဒီတော့ သူမရောင်းတော့။

နေ့စဉ်ထွက်သည့် ရေသန့်ဘူးများကို ဆာလာအိတ်ဖြင့်ထုပ်ကာ အိမ်တွင် သည်အတိုင်းထားခဲ့သည်။ တစ်နှစ်ခန့် အကြာမှာတော့ မရောင်းဘဲထားခဲ့သည့် ရေသန့်ဘူးများက သူ့အိမ်တစ်ဆောင်လုံး နေရာ၌ခြေချစရာနေရာ မရှိတော့။

ဒါတင်မကသေး အိမ်နံဘေးတစ်ဖက် တစ်ချက်တွင်လည်း ရေသန့်ဘူးထည့် ထားသည့် ဆာလာအိတ်တွေက ခွေးတိုး ရန်ပင် မပေါက်တော့။ တဖြည်းဖြည်းနဲ့ ရေသန့်ဘူး အန္တရာယ်က သူ့အိမ်တစ်ဆောင် လုံးကို ၀ါးမြိုတော့မည့် အခြေအနေက ဆိုက်ရောက်လာသည်။

ယင်းအခြေအနေကို သူအနေဖြင့် မည်သို့ ဖြေရှင်းရမည် မသိ။ တစ်နေ့တစ် ခြား သူ့အိမ်ပေါ်နေရာယူ ခြိမ်းခြောက် လာသည့် ရေသန့်ဘူး အရေးကို တွေးလျက် သူစိတ်လက် မချမ်းသာ။ မြစ်ထဲချောင်းထဲ သွားလွှင့်ပစ်လျှင်လည်း အရေးယူခံရမည်က ဗေဒင်မေးစရာ မလို။ ဒီတော့ သူ့အနေ ဖြင့် ဘာလုပ်ရမလဲ အချိန်ရတိုင်း တွေးကြည့် သည်။

“တစ်စတစ်စ ကြီးထွားလာတဲ့ ဒီ ပြဿနာကို ကျွန်တော်ရှင်းချင်တယ်။ ငါဘယ်လို လုပ်ရှင်းရမလဲပေါ့ ဆိုပြီးလည်း အချိန်တိုင်း တွေးနေမိတယ်”ဟု ကိုသန်းဇော်ဦးက ပြောသည်။

ပထမ သူ့အနေဖြင့် ရေသန့်ဘူးများကို နှစ်ပိုင်းဖြတ်ပြီး အပေါက်ကလေးများ ဖောက်ကာ ပန်းပင်လေးများကို စိုက်ရန် ရည်ရွယ်ခဲ့သော်လည်း ထားစရာ မြေက မရှိ။ ဟိုတုန်းက အပိုင်းပိုင်းခုတ်ထစ် ထားသည့် ရေသန့်ဘူးကော်စများ တရုတ် ပြည်က ၀ယ်ခဲ့သော်လည်း ယခုအချိန်တွင် မ၀ယ်တော့။ သည်တော့ ရေသန့်ဘူးခွံကို  ပြန်သုံးရမည့် နည်းလမ်းတစ်ခုတော့ ရှိလိမ့်မည် ဟူသည့် ယုံကြည်ချက်ဖြင့် သူကြိုးစား ရှာဖွေခဲ့သည်။

“လေ့လာရင်းနဲ့ ဒီဟာကို Recycle ပုံစံနဲ့ တံမြက်စည်းလုပ်တဲ့နည်း အိန္ဒိယမှာ လုပ်နေတာကို အွန်လိုင်းကနေ သွား တွေ့တယ်”ဟု သူက အားတက်သရော ဆိုသည်။

အိန်္ဒိယတွင် လုပ်သည့်နည်းပညာအား သူလေ့လာပြီး တံမြက်စည်း ထုတ်ရန် ကြံသည်။

သို့သော် အိန်္ဒိယနိုင်ငံတွင် ရေသန့်ဘူးက အ၀ိုင်းသာရှိပြီး မြန်မာပြည်မှာ ရေသန့်က လေးထောင့်ဘူးကိုသာ အများက သုံးစွဲကြသည့်အတွက် နန်းဆွဲရာတွင် အပိုင်းပိုင်းပြတ်ကာ အဆင်မပြေ။ ဒီတော့ သူ စဉ်းစားသည်။

“လေးထောင့်ဘူးကို နန်းဆွဲဖို့အတွက် တစ်လလောက် နည်းအမျိုးမျိုးနဲ့ ကြိုးစား လိုက်ရတယ်။ နောက်ဆုံးတော့ အောင်မြင် သွားတယ်”ဟု ကိုသန်းဇော်ဦးက ပြောသည်။

မိမိပတ်ဝန်းကျင်၌ ရေသန့်လေး ထောင့်ဘူးသာ ရှိသည့်အတွက် ယင်း လေးထောင့်ဘူးအား နန်းဆွဲ၍ရမှ ကိုယ် ဖြစ်ချင်သည့် လမ်းကြောင်း သွားနိုင်မည် ဖြစ်သည့်အတွက် မရရအောင် ကြိုးစားခဲ့ ရသည်။ နန်းဆွဲပြီးမှ ဒရိုင်ယာဖြင့် အပူပေးပြီး ကိုယ်လိုသည့် ပုံစံထုတ်လုပ်ရကြောင်း ၎င်းက ပြောပြသည်။

တံမြက်စည်းတစ်ချောင်းအတွက် တစ်လီတာဝင် ရေသန့်ဘူး ၂၅ ဘူးကို နန်းဆွဲရပြီး သစ်သားအရိုးတပ်ကာ ပြန်ရောင်း သည့် ဈေးနှုန်းက တစ်ချောင်းလျှင် ကျပ် ၁၅၀၀ ကျသင့်ပြီး အိမ်၌နေ့စဉ် လှဲမည်ဆိုလျှင် အနည်းဆုံး တစ်နှစ်ကျော် နှစ်နှစ်နီးပါး ခံနိုင်သည်ဟု ၎င်းက ပြောဆိုသည်။

လူတစ်ယောက် တစ်နေ့လုပ်ရင် တံမြက်စည်းအနည်းဆုံး ၁၀ ချောင်းပြီးတယ်

လက်ရှိ ဈေးကွက်အတွင်း ရောင်းချ နေသည့် အုန်းလက်တံမြက်စည်းသည် လည်း တစ်ချောင်းလျှင် ကျပ် ၁၅၀၀ ကျသင့်ကြောင်း ဈေးကွက်မှ သိရသည်။

လက်ရှိအချိန်တွင် တံမြက်စည်း အရိုးများကို ဒီရေတောမှရသည့် သစ်လုံး များဖြင့် လတ်တလော လုပ်နေရပြီး ယင်းနေရာတွင် ရော်ဘာပင် သစ်သား အား ပွတ်လုံးလုပ်ကာ အစားထိုးသွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ဖွင့်ဟသည်။

“ကုန်ကြမ်းရဖို့နဲ့ ပွတ်လုံးအရိုး လုပ်ရတာကလည်း အခက်အခဲတော့ မရှိဘူး”ဟု ကိုသန်းဇော်ဦးက ပြောသည်။

သူလုပ်သည့်အလုပ်က ရေသန့်ဘူးမှ တံမြက်စည်းထုတ်တာ တစ်ခုတည်း မဟုတ်။ တံမြက်စည်းမလုပ်ခင် ကွမ်းသီး ပင်မှ ဘုတ်ဖက်များဖြင့် တစ်ခါသုံး ပန်းကန်ခွက်များ ထုတ်လုပ်ခဲ့သည်။ လက်ရှိအချိန်တွင်လည်း ယင်းလုပ်ငန်းမှာ အောင်မြင်စပြုနေပြီး လက်ရှိ ဘုတ်ဖက်မှ ပန်းကန်ခွက်ယောက် ခုနစ်မျိုးအား စမ်းသပ်ထုတ်လုပ်မှု အောင်မြင်နေပြီ ဖြစ်ကြောင်း သူက ပြောပြသည်။

“ထုတ်လုပ်မှုအပိုင်းက အောင်မြင် နေပြီ။ စားသုံးသူအပိုင်းက လိုသေးတယ် ပေါ့”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ လူဦးရေနှင့် အချိုးချလျှင် လူတစ်ယောက်တစ်နေ့လျှင် ကြွပ်ကြွပ် အိတ်အနည်းဆုံး ၄ လုံးခန့် အသုံးပြုနေ ပြီး ယင်းပလတ်စတစ်အိတ်များသည် လည်း မြေကြီးအတွင်း နှစ်ပေါင်းရာချီ အထိ ဆွေးမြည့်ခြင်းမရှိသည်ကို သူ့အနေဖြင့် သိရှိရသဖြင့် ပလတ်စတစ်များကို အစားထိုးနိုင်ရန် အချိန်ရှိသရွေ့ စဉ်းစား ခဲ့ကြောင်း သူက ပြောပြသည်။

“စွန့်ပစ်ပလတ်စတစ်ရဲ့ ဘေးထွက် ဆိုးကျိုးတွေကို ခုချိန်မှာ လူတွေ မသိသေးဘူး။ ခလုတ်ထိမှ အမိတရင်တော့ တော်တော့ကို နောက်ကျသွားပြီ”ဟု ကိုသန်းဇော်ဦးက ဆိုသည်။

လူအများနေ့စဉ် သုံးစွဲနေသည့် ပလတ်စတစ်နှင့်ပတ်သက်ပြီး နောင်ဖြစ်လာမည့် အန္တရာယ်ကို သူအနေဖြင့် တစ်နိုင်တစ်ပိုင် တွန်းလှန်ရန် သူဆုံးဖြတ် ချက်ချခဲ့ပြီး ယုံကြည်ချက်ဖြင့် သူလုပ်ခဲ့သည်။

“ကြွပ်ကြွပ်အိတ် လျှော့ချရေးနဲ့ ပတ်သက်ပြီးတော့လည်း သူ့နေရာမှာ အစားထိုးဖို့ စက္ကူအိတ်လေးတွေ စမ်းပြီး လုပ်ထားပါတယ်”ဟု သူက ပြောရင်း စက္ကူအိတ်လေးများကိုပါ ထုတ်ပြသည်။

ဂျာနယ်သတင်းစာကို ကော်ကပ်ပြီး ကြိုးနေရာတွင် အုန်းဆံကြိုး တပ်ထားသည့် စက္ကူအိတ်လေးက အမြင်ထူးပြီး တစ်မျိုးချစ်စရာ ကောင်းသည်။ တစ်အိတ်လျှင် ဈေးကွက်အရောက် ၁၂၀ ကျပ် ကျသင့်မည်ဟု ၎င်းက ဆိုသည်။

“ကြွပ်ကြွပ်အိတ်နဲ့စာရင် ဈေးက တစ်ဝက်လောက် ပိုသွားတယ်။ ဈေးပိုတာကို မကြည့်ဘဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မြင်တဲ့ လူကတော့ ဒါကို အားပေးသွား မယ်လို့ ယုံကြည်တယ်”ဟု ကိုသန်းဇော်ဦး က ပြောသည်။

လက်ရှိအချိန်၌ သူရင်းနှီးမြှုပ်နှံထားရသည့် ငွေပမာဏက မပေါ်သေး။

ယင်းအပေါ်သူက စိတ်မပျက်။

ရေသန့်ဘူးမှ တံမြက်စည်းတွေ ထုတ်လုပ်ပြီး မြိတ်ခရိုင်အတွင်းရှိ စည်ပင်သာယာရေးဌာနများသို့ လှူရန်လည်း သူက ကမ်းလှမ်းထားသည်။

ဘုတ်ဖက်မှ ပန်းကန်ခွက်ယောက် ထုတ်လုပ်ခြင်း၊ ရေသန့်ဘူးမှ တံမြက်စည်း ထုတ်လုပ်ခြင်း၊ တစ်ခါသုံး ပလတ်စတစ် အိတ်အစားထိုး စက္ကူအိတ်များ ထုတ်လုပ်ခြင်း စသည့် နည်းပညာများကို စိတ်ဝင် စားသူရှိလျှင် သူ့ထံ၌ လာရောက် လေ့လာနိုင်ပြီး ကုန်ချောထုတ်ကာ ဈေးကွက် ရောက်သည်အထိ အကူအညီပေးမည် ဖြစ်ကြောင်း ကိုသန်းဇော်ဦးက ဆိုသည်။

“အမှိုက်တွေ အားလုံး ကျွန်တော် မကောက်နိုင်ဘူး။ ဒီတော့ ကျွန်တော် တတ်နိုင်တဲ့ဘက်က လုပ်ပေးမယ်”

ခုတော့ သူ့ဆိုင်က ထွက်သည့် ရေသန့်ဘူးများတင်မက တစ်ခြားဆိုင်မှ နေ့စဉ်ထွက်ရှိနေသည့် ရေသန့်ဘူးများကို သူပိုင် ဟိုက်ဂျက်ကားလေးနဲ့ လိုက်သိမ်းနေပြီ။

“ရေမြောင်းတွေထဲ မြေကြီးတွေထဲ မရောက်ရင် တော်ပြီ။ ပလတ်စတစ် အမှိုက်ကင်းစင်ရေး ကိုယ့်မြို့လေးမှာပဲ နိုင်အောင်အရ ငါလုပ်မယ်။ ပြီးမှ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ စဉ်းစားမယ်”ဟု ၎င်းက ပြောသည်။

ဒါတင်မကသေး။ တံမြက်စည်း လုပ်ငန်းမှ ထွက်လာသည့် ပလတ်စတစ် အတိုအစလေးများကိုလည်း သူက ဒီအတိုင်း မပစ်ချချင်။ ယင်းအတိုအစ လေးများဖြင့် ဒီဇယ်ချက်လုပ်ရန် လေ့လာ ထားပြီးပြီဟု သူက ပြောပြသည်။

“ပေပါထဲ ထည့်ပြီး အောက်က မီးရှို့လိုက်ရင် ဒီဇယ်ထွက်လာတယ်၊ အင်ဂျင်မောင်းလို့ ရတယ်”ဟု ၎င်းက ပြောသည်။

ယင်းလုပ်ငန်းကိုတော့ လူနေပတ်ဝန်းကျင်နှင့် ဝေးသည့်နေရာတွင်လုပ်ရန် စဉ်းစားထားကြောင်း ကိုသန်းဇော်ဦး ရှင်းပြသည်။

တစ်ခါသုံးကြွပ်ကြွပ်အိတ် နေရာ၌ ငှက်ပျောရွက်၊ အင်ဖက်၊ စက္ကူအိတ်များ အစားထိုးပြုလုပ်မည့်သူများ အဆင်သင့် ရှိနေသော်လည်း လူအများအနေဖြင့် လိုလိုလားလား အသုံးပြုရန်သာလို ကြောင်း ၎င်းက ဆိုသည်။

“အဲလိုမျိုးသုံးရမှာ ရှက်သလိုလို ကြောင်သလိုလို ဖြစ်နေတဲ့ ကိုယ့်စိတ်ကိုက  ပြဿနာ”ဟု ၎င်းက မှတ်ချက် ပြုသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုနီးပါးမှ စတင်ဖြစ်ပေါ်လာပြီး ယနေ့အချိန် လူ့အဖွဲ့အစည်းနှင့် ကမ္ဘာမြေကြီးအပေါ် တစ်နေ့တစ်ခြား ခြိမ်းခြောက်လာသည့် တစ်ခါသုံးပလတ်စတစ် ယဉ်ကျေးမှု နှင့်ပတ်သက်ပြီး ကိုသန်းဇော်ဦးက သက်ပြင်းချရင်း မှတ်ချက်ပေးသည်။

“တစ်ခါသုံး ပလတ်စတစ်တော်လှန်ရေးက သူများနိုင်ငံမှာ မြန်မယ်။ ကျွန်တော် တို့နိုင်ငံမှာတော့ အားတက်သရော လုပ်ရင်တောင် နှစ်ဆယ်ချီပြီး အချိန်ပေး ရလိမ့်မယ်”

ကိုဆန်း