ပြင်စဘုကျွန်းတွင် ပုလဲမွေးမြူရေး စမ်းသပ်ကာလပြီးဆုံးသဖြင့် ဆက်မွေးရန် ပြင်ဆင်

0
767

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ပြင်စဘု ကျွန်းတွင် ပုလဲမွေးမြူရေးစမ်းသပ်ကာလ ပြီးဆုံးပြီဖြစ်၍ ဆက်လက်မွေးမြူရန် ပြင်ဆင်နေကြောင်း ပြည်ဖြိုးထွန်း အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် ထံမှသိရသည်။

ပြည်ဖြိုးထွန်းကုမ္ပဏီသည် ၂၀၁၇ အောက်တိုဘာလမှ စတင်၍ ပြင်စဘု ကျွန်းတွင် မုတ်ကောင်များကို စမ်းသပ် မွေးမြူခဲ့ပြီး လက်ရှိတွင် စမ်းသပ်ကာလ ပြီးဆုံးနေပြီဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ပြင်စဘုကျွန်းပုလဲမွေးမြူရေးတာဝန်ခံ ဦးတင်မြစိုးက ပြောသည်။

လုပ်ငန်းဆက်လက်လုပ်ဆောင်ရန် အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်း အခမ်း အနားကို ဇူလိုင်လ ၂၈ ရက်က ကျွန်းစု မြို့နယ် ပထက်ကမ်းကျေးရွာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ပုလဲမွေးမြူရေးလုပ်ရန် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရရှိထားပြီး စာချုပ်တွင် စီမံကိန်းကာလ ၁၅ နှစ်သက် တမ်းအထိ ခွင့်ပြုထားကြောင်း ဦးတင်မြစိုးက ပြောသည်။

တနင်္သာရီတိုင်းအတွင်း နိုင်ငံပိုင် ပုလဲမွေးမြူရေး ၁ ခု၊ ပြည်ပဖက်စပ်ပုလဲ မွေးမြူရေး ၄ ခုနှင့် ပြည်တွင်းဖက်စပ် ပုလဲမွေးမြူရေး ၇ ခု စုစုပေါင်း ပုလဲမွေး မြူရေးစခန်း ၁၂ ခုရှိကြောင်း မြန်မာ့ ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း(မြိတ်)ရုံးမှ သိရသည်။

ကိုဆန်း