မြိတ်တွင် လေပြင်းကြောင့် နေအိမ်တစ်ဆယ်ကျော် ပျက်စီး

0
1234
ဓာတ်ပုံ - ဝင်းစိုး(ပဲ့တိုင်)

မြိတ်ခရိုင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေးရက်အတွင်း နေအိမ် နှစ်ဆယ်နီးပါးပျက်စီးခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ  ၃ ရက်အထိ လေးရက်အတွင်း ကျေးရွာခုနစ်ရွာမှာ နေအိမ် ၁၈ လုံး ပျက်စီးခဲ့ ကြောင်း အထက်ပါဌာနထံမှ သိရသည်။

ဇူလိုင်လ ၃၁ ရက်က မြိတ်မြို့နယ် ချောင်းဝပြင်ရွာနှင့် ကျွန်းစုမြို့နယ် ပဲတိုင် ရွာတို့တွင် နေအိမ် ၁၁ လုံး ပျက်စီးခဲ့ပြီး သြဂုတ်လ ၂ ရက်တွင်မူ ပုလောမြို့နယ် ကျောက္ကာရွာနှင့် ရာဇဂြိုလ်ရွာတို့တွင် နေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း အထက်ပါ ရုံးမှ တာဝန်ရှိသူက ပြောသည်။

သြဂုတ်လ ၃ ရက်တွင်လည်း ပုလောမြို့နယ် တောင်ယာကမ်းရွာတွင် နေအိမ် ၄ လုံး နှင့် တနင်္သာရီမြို့တို့တွင် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း ၎င်းက ပြောသည်။

ပျက်စီးခဲ့သည့် နေအိမ် ၁၈ လုံးအနက် ၉ လုံးမှာ လုံးဝပြိုကျပျက်စီးခဲ့ပြီး ၉ လုံး မှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း  မြိတ်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

“လူတွေထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ပျက်စီးခဲ့သည့် နေအိမ်အားလုံး အတွက် ထောက်ပံ့ကြေးများနှင့် ထောက်ပံ့ပစ္စည်း ၁၅ မျိုးအား ပေးအပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ကျွန်းစုမြို့နယ် စခန်းသစ်ရွာတွင်လည်း လေပြင်းကြောင့် နေအိမ်တစ်ချို့ပျက်စီးခဲ့ပြီး လက်ရှိအချိန်တွင် ရာသီဥတုဆိုးရွား နေသည့်အတွက် မသွားရောက်နိုင်သေးကြောင်း ၎င်းက ပြောသည်။

နေအိမ်ပြိုကျပျက်စီးခဲ့သည့် မိသားစုများမှာ လက်ရှိအချိန်တွင် နီးစပ်ရာဆွေမျိုး အိမ်များတွင် တည်းခိုနေထိုင်နေကြကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

ယခုနှစ် မတ်လကလည်း လေပြင်းကြောင့် မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ် အတွင်း အိမ်ခြေ ငါးဆယ်ကျော် ပြိုကျ ပျက်စီးခဲ့ဖူးသည်။

ကိုဆန်း