ရနောင်းတွင် အချုပ်ကျ မြန်မာများ သကြားဓာတ် လိုအပ်နေ

0
727

ထိုင်းနိုင်ငံ ရနောင်းမြို့တောမော(လူဝင်မှုကြီးကြပ်ရေး)အချုပ်ထဲ လချီ အချုပ်ခံထားရသည့် မြန်မာနိုင်ငံသား များတွင် သကြားဓာတ် လိုအပ်နေသဖြင့် သကြားဓာတ်ပါသည့် မုန့်နှင့် အစားအစာများ သွားရောက် လှူဒါန်းနေရကြောင်း မိတ္တသဟာရ နာရေးကူညီမှု အသင်း (ရနောင်းမြို့)ထံမှ သိရသည်။

မြန်မာအချုပ်သားများ သကြားဓာတ် လိုအပ်နေသဖြင့် အချိုဓာတ်ပါသည့် မုန့်ပဲ သွားရေစာများ လာရောက် လှူဒါန်းရန် ထိုင်းလ၀ကရုံးမှ ၀န်ထမ်းများက အသင်းသို့ လာရောက် အကြောင်းကြားခဲ့သဖြင့် သွားရောက်လှူဒါန်းနေသည်မှာ နှစ်ပတ် ရှိပြီဖြစ်ကြောင်း အထက်ပါအသင်း၏ ဥက္ကဋ္ဌ ကိုသားကျော်က ပြောသည်။

“တောမောကတော့ ပုံမှန် ထမင်းဟင်း ကျွေးပါတယ်။ ကျွေးတာလည်း မညံ့ပါ ဘူး။ ကောင်းပါတယ်။ ဒါပေမယ့် မြန်မာ အချုပ်သားတွေက အချိုဓာတ်လိုတာရယ်။ နေရောင် မခံရတာ ကြာလာတာ ရယ်ကြောင့် ဖြူဖတ်ဖြူရော် ဖြစ်လာကြ တာပါ”ဟု ကိုသားကျော်က ပြောသည်။

ယင်းကိစ္စအား ထိုင်းလ၀ကမှ မြန်မာဘက် တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ပြီး သံရုံးမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုခဲ့ပြီး ဖြစ်သော်လည်း လက်ရှိ အချိန်ထိ တစ်စုံတရာ ကူညီဆောင်ရွက်ခြင်း မရှိသေးဟု ထိုင်းလ၀က တာဝန်ရှိသူများက ပြောဆိုနေကြကြောင်း ကိုသားကျော်က ပြောသည်။

လက်ရှိအချိန်တွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေးအမှုဖြင့် ရနောင်းမြို့ တောမော(လ၀က)အချုပ်ထဲ မြန်မာနိုင်ငံ သား ၁၀၀ ခန့် အချုပ်ခံထားရပြီး ၎င်းတို့ အနက် တစ်ချို့မှာ ၄ လမှ ၇ လအထိ ကြာမြင့်နေပြီဖြစ်ကြောင်း ကိုသားကျော်က ပြောသည်။

“မြန်မာဘက်က လာရောက်ပူးပေါင်း လုပ်ဆောင်စေချင်ပါတယ်။ ထိုင်းဘက် ကလည်း ထိုင်း-မြန်မာ ပူးပေါင်းလုပ်ဆောင်ပေးစေလိုကြောင်း ပြောနေကြပါ တယ်”ဟု ကိုသားကျော်က ပြောသည်။

ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း (ကော့သောင်းမြို့နယ်အုပ်ချုပ် ရေးမှူး)ကမူ ယင်းကိစ္စကို မသိရှိသေးကြောင်းနှင့် စုံစမ်းမေးမြန်းကာ နယ်ခြားကော်မတီအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောသည်။

“နယ်ခြားကော်မတီအနေနဲ့ ပုံမှန် ဆွေးနွေးတာတော့ ရှိတယ်၊ အရင်ဦးဆုံး သေချာအောင် မေးကြည့်ပါဦးမယ်”ဟု ဦးဇော်လင်းထွန်းက ပြောသည်။

Dawei Watch