တရားရုံးအမှုတွဲမိတ္တူကူးခ နှစ်ဆတက်

0
1240

တရားရုံးများတွင် အမှုတွဲမိတ္တူ ကူးခကို သြဂုတ်လ ၁ ရက်မှစတင်ကာ ယခင်က ကျသင့်ငွေထက် နှစ်ဆတိုးမြှင့် သတ်မှတ်လိုက်သည်။

မိတ်္တူကူးခနှုန်းထားများကို ယခင် မိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေအရ မိတ္တူကူးခကို စာမျက်နှာ တစ်မျက်နှာ လျှင် ၅၀ ကျပ်နှုန်း ကောက်ခံနေရာမှ ယခုပြဋ္ဌာန်းလိုက်သည့် နည်းဥပဒေအရ စာတစ်မျက်နှာလျှင် ၁၀၀ ကျပ်နှုန်း ကောက်ခံတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ တိုင်းတရားရေးဦးစီးမှူးက ဆိုသည်။

အမြန်မိတ္တူကူးမည်ဆိုပါက  ယခင် နည်းဥပအေရ သာမန်(ပုံမှန်) ကျသင့်ငွေ၏ သုံးဆကောက်ခံနေရာမှ နည်းဥပဒေ အသစ်အရ ပုံမှန်ကျသင့်ငွေ၏ ငါးဆကောက်ခံရန် သတ်မှတ်ပြဋ္ဌာန်းထားကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။

အမှုတွဲမိတ္တူကို အမှုအမျိုးအစား အပေါ်မူတည်ကာ သက်ဆိုင်သူများက မိတ္တူကူးယူခွင့်ရှိပြီး အထူးဥပဒေတစ်ရပ် ရပ်ဖြင့် သီးခြားပိတ်ပင်ထားသည်မှတစ်ပါး ပြစ်မှုဆိုင်ရာအမှုတွင်ဖြစ်စေ၊ တရားမ မှုတွင်ဖြစ်စေ စီရင်ချက်၊ ဒီဂရီနှင့် အမိန့် မိတ္တူများကို အမှုနှင့် မသက်ဆိုင်သူများက ရထိုက်ခွင့်ရှိသည်ဟု အမှုတွဲမိတ္တူကူး ခြင်းဆိုင်ရာ နည်းဥပဒေတွင် ဖော်ပြထားသည်။

အမှုတွဲမိတ္တူကူးရာတွင် ကြာမြင့် ချိန်ကို ယခင်က မိတ္တူကူးခပေးသွင်း သည့်ရက်မှ ရက်သတ္တပတ်နှစ်ပတ်ထက် မပိုစေရန် သတ်မှတ်ထားပြီး လက်ရှိတွင် ရက်သတ္တပတ် သုံးပတ်မပိုစေရန် သတ်မှတ်ထားကြောင်း ဒေါ်အေးအေးသန်းက ဆိုသည်။

မိတ္တူအမြန်လျှောက်ထားလာပါက ယခင်က မိတ္တူကူးခပေးသွင်းသည့်ရက်မှ ၄၈ နာရီထက်မကြာစေဘဲ ထုတ်ပေးရန် သတ်မှတ်ခဲ့ရာမှ လက်ရှိတွင် ၇၂ နာရီ ထက် နောက်မကျစေဘဲ ထုတ်ပေးရန် ပြင်ဆင်သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

အထက်ပါ ပြောင်းလဲလိုက်သည့် မိတ္တူကူးခနှုန်းထားများနှင့် ကြာမြင့်ချိန်တို့မှာ တိုင်းအတွင်းရှိ မြို့နယ်တရားရုံးများ၊ ခရိုင်တရားရုံးများလည်း အကျုံးဝင်သည်။

ကိုဇော်