တနင်္သာရီတိုင်းအတွင်း လေပြင်း ဆက်လက်တိုက်ခတ်နိုင်

0
1427

တောင်တရုတ်ပင်လယ် တုံကင်ပင် လယ်ကွေ့တွင်ဖြစ်ပေါ်နေသည့် အပူပိုင်း မုန်တိုင်း ၀ီဖာကြောင့် တနင်္သာရီတိုင်း အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယင်းမုန်တိုင်းသည် သြဂုတ်လ ၃ ရက်က ဗီယက်နမ် နိုင်ငံကို ဖြတ်ကျော် ၀င်ရောက်သွားပြီဖြစ်သောကြောင့် အားပျော့ သွားပြီဖြစ်သော်လည်း တိုင်းအတွင်း သြဂုတ်လ ၆ ရက်အထိ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဆက်လက် ဖြစ်ပေါ်နိုင်သေးကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင်က ပြောသည်။

“မုန်တိုင်းဝင်သွားပြီး နောက်သုံး ရက်လောက်အထိ လေပြင်းတိုက်တာ တွေ၊ မိုးကြီးတာတွေ ဆက်ဖြစ်နိုင်သေးတယ်”ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းသည် ဘင်္ဂလားပင် လယ်အော်နှင့် တောင်တရုတ်ပင်လယ် ပြင်အကြားတွင် တည်ရှိနေသဖြင့် ယင်း ပင်လယ်နှစ်ခုတွင် မုန်တိုင်းဖြစ်ပေါ်တိုင်း တနင်္သာရီတိုင်းတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဖြစ်ပေါ်ကြောင်း ၎င်းက ပြောသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်ပေါ်ပါက ဘင်္ဂလာပင်လယ် အော်မှ လေသည် တနင်္သာရီတိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီး အလားတူ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ဖြစ်ပါက တောင်တရုတ်ပင်လယ်ပြင်မှ လေသည် တနင်္သာရီတိုင်းကို ဖြတ်ကျော် ၀င်ရောက်သဖြင့် လေပြင်တိုက်ခတ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပင်လယ်တစ်ခုမှာ မုန်တိုင်းဖြစ်ရင် အခြားပင်လယ်က လေကို စုပ်ယူတာ”ဟု ၎င်းက ပြောသည်။

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလာပင်လယ်အော်နှစ်ခုတပြိုင်တည်း မုန်တိုင်းတိုက်လေ့မရှိကြောင်း ၎င်းက ရှင်းပြသည်။

လေပြင်းတိုက်ခတ်ခြင်းကြောင့် တိုင်းအတွင်း လူနေအိမ်များနှင့် အခြား အဆောက်အအုံများ ပျက်စီးခြင်း၊ လူအချို့ ထိခိုက်ဒဏ်ရာရှိခြင်းတို့ ဖြစ်ပေါ်လျက် ရှိသည်။

Dawei Watch