ကျွန်းနှင့်ကမ်းခြေ အမှိုက်ကိစ္စ နည်းအမျိုးမျိုးဖြင့် ဖြေရှင်းနေဟုဆို

0
757

ခရီးသွား ဧည့်သည်များ သွားရောက်လည်ပတ်နေသည့် တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများနှင့် ကမ်းခြေများရှိ အမှိုက်ကိစ္စကို နည်းလမ်းအမျိုးမျိုး ဖြင့် ကိုင်တွယ်ဖြေရှင်းနေကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောသည်။

စည်ပင်သာယာရေးဧရိယာပြင်ပ နေရာများရှိ ကမ်းခြေများကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာလူထုကို အသိပညာပေး စည်းရုံး ပြီး ရွာအစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်း ၀န်ကြီးက ပြောသည်။

“နေရာအနှံ့တော့ မဟုတ်သေးဘူးပေါ့၊ တစ်ရွာပြီးတစ်ရွာ စည်းရုံး ဆောင်ရွက်နေတာ ရှိတယ်”ဟု ၎င်းက ပြောသည်။

စည်ပင်သာယာရေးဧရိယာအတွင်း ကျရောက်နေသည့် ကမ်းခြေများကို စည်ပင်နှင့် ယင်းကမ်းခြေရှိ ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်းဖြေရှင်းနေကြောင်း ၀န်ကြီးက ပြောသည်။

ကုမ်္ပဏီများအား ခရီးသွားလုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့် ပေးထားသည့် ကျွန်းများကိုမူ ကုမ္ပဏီကို သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှု အစီရင်ခံစာ ရေးဆွဲစေပြီး ၎င်းအစီရင်ခံစာကို လိုက်နာလုပ် ဆောင်စေခြင်းဖြင့် အမှိုက်ပြဿနာနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်း သက်သာစေမည်ဖြစ်ကြောင်း ၀န်ကြီး ဦးလှထွေးက ပြောသည်။

“လုပ်/မလုပ်ကတော့ အခါအား လျော်စွာ စိစစ်ပြီး ကြပ်မတ်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

လူမနေဘဲ ခရီးသွားများ သွားရောက် လည်ပတ်နေသည့် ကျွန်းများကိုမူ ခရီးသည် ပို့ဆောင်သည့် ရေယာဉ်များပေါ်တွင် အမှိုက်ပုံးထားရှိစေပြီး ခရီးသည်များစွန့် ပစ်အမှိုက်များကို ကျွန်းပေါ် မချန်ခဲ့ဘဲ ရေယာဉ်ဖြင့် ပြန်လည်ယူလာစေခြင်း ဖြင့်အမှိုက်ကိစ္စ ထိန်းသိမ်းကြရန် ခရီးသွားလုပ်ငန်းရှင်များအား မှာကြားထားကြောင်း ၀န်ကြီးက ပြောသည်။

ခရီးသည်များကိုပို့ဆောင်နေသည့် ရေယာဉ်အားလုံးသည် ရေယာဉ်ပေါ် အမှိုက်ပုံများ တင်ဆောင်ထားရှိပြီးဖြစ် ကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်း များအသင်း ဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ပြောသည်။

“ကျွန်းပေါ် သီးသန့် အမှိုက်သွား ကောက်တာမျိုး မရှိသေးပေမဲ့ ကျွန်းပေါ်က အမှိုက်တွေ အိတ်နဲ့ထည့်ပြီး နိုင်သလောက် သယ်လာတာမျိုး၊ ကိုယ့်ခရီးသည်အမှိုက်ကို မချန်ခဲ့တာမျိုးကတော့ လုပ်ဆောင်နေ ကြပါတယ်”ဟု ဒေါ်မိုးမိုးသူက ပြောသည်။

ဒေသခံအချို့နှင့် ခရီးသွားအချို့က ကမ်းခြေအမှိုက်ကိစ်္စကို အစိုးရမှ ထိရောက်စွာ ကိုင်တွယ်စေလိုနေကြသည်။

မောင်းမကန်ကမ်းခြေ သန့်ရှင်းသာ ယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးလေးဝင်းကမူ ကမ်းခြေ ဆိုင်ခန်းများက အပတ်စဉ် ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းနေကြသည့် မောင်း မကန်ကမ်းခြေသည် စည်ပင်ဧရိယာ အတွင်း ကျရောက်နေသော်လည်း အမှိုက်သိမ်းကား တစ်စီးပေးထားပြီး အမှိုက်ကန်ကို အနည်းငယ်ပြင်ပေးရုံ မှအပ  မည်သည့်အထောက်အပံ့မျှ မရရှိသေးဟု  ဆိုသည်။

ယင်းအမှိုက်ကားကို ဆီထည့်ခြင်း၊ မောင်းသူငှားရမ်းခြင်း၊ ပြင်ဆင်ခြင်း စသည်တို့ကို ကိုယ်ထူကိုယ်ထ  လုပ်ဆောင်နေရပြီး ယခုအချိန်ထိ အမှိုက်ပုံး တစ်လုံးမျှ ထောက်ပံ့ပေးခြင်း မရှိဟု ဦးလေးဝင်းက ပြောသည်။

“အရေးပေါ်လိုအပ်နေတာတော့ အမှိုက်ပုံးပဲ”ဟု ဦးလေးဝင်းက ဆိုသည်။

Dawei Watch