ထားဝယ်မြို့ရှိ မီးပွိုင့်အချို့ အဆင့်မြှင့်မည်

0
572

ထားဝယ်မြို့အတွင်းရှိ မီးပွိုင့်အချို့ကို ယခုဘဏ္ဍာရေးနှစ်အတွင်း အဆင့်မြှင့်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့တွင် မီးပွိုင့် ၁၁ ခု ရှိသည့်အနက် အုန်းတောလမ်းဆုံ၊ မြိတ်တန်းလမ်းဆုံ၊ လမ်းဆုံကြီးနှင့် ရုံးကြီးလမ်းဆုံတို့ရှိ မီးပွိုင့်များကို ဒီဂျင် တယ်မီးပွိုင့်အသစ်များ အစားထိုးတပ် ဆင်မည်ဖြစ်ပြီး တိုင်များကိုလည်း လဲလှယ်မည်ဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ဥတံ္တတားကြီးလမ်းဆုံနှင့် ကရပ်ပြင် လမ်းဆုံရှိမီးပွိုင့်များကိုမူ မီးပွိုင့်တပ်ထားသည့် တိုင်များကိုသာ လဲလှယ်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။

အထက်ပါမီးပွိုင့် ၇ ခုတွင် တပ်ဆင်ထားသည့် တိုင်အမြင့်မှာ ၁၅ ပေ သာရှိ သည့်အတွက် ၁၉ ပေခွဲ မြင့်သည့် တိုင်များ အစားထိုးလဲလှယ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ယခင်ရှိနေပြီးတဲ့ မီးပွိုင့်တွေက အခုလက်ရှိမှာ နိမ့်နေတာပေါ့နော်၊ ကားကြီးတွေ သွားမယ်လာမယ်ဆို မလွတ်ဘူး”ဟု အမှုဆောင်အရာရှိက ပြောသည်။

လက်ရှိမီးပွိုင့်များက အရောင်မှိန် နေခြင်း၊ မီးပွိုင့်တိုင်များ နိမ့်နေခြင်းတို့ ကြောင့် အသစ်လဲလှယ်တပ်ဆင်ခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။

လက်ရှိမီးပွိုင့်အများစုက နိမ့်နေသည့် အတွက် ကားကြီးတစ်စီး မီးပွိုင့်တွင် စောင့်နေပါက အနောက်က ယာဉ်များက မီးပွိုင့်ကို မမြင်ရတော့ကြောင်း ထားဝယ် မြို့ခံတစ်ဦးဖြစ်သူ ဦးဇော်ဝင်းက ပြောသည်။

“မြင့်မြင့်မှာတပ်နိုင်ရင် ပိုကောင်းတယ်၊ ကားတွေနဲ့လွတ်ပြီး အဝေးကနေ လှမ်းမြင်နိုင်တာပေါ့”ဟု ဦးဇော်ဝင်းက ပြောသည်။

သို့ရာတွင် မှာယူတပ်ဆင်မည့် မီးပွိုင့်များ၏ အရည်အသွေးကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင်က တပ်ဆင်ခဲ့သည့် ဒီဂျင်တယ် မီးပွိုင့်အချို့က တပ်ဆင်ပြီး မကြာမီမှာပင် ချို့ယွင်းမှုများရှိခဲ့ဖူးသည်။

မီးပွိုင့်များ ပြုပြင် အစားထိုးခြင်း လုပ်ငန်းများကို  ကျပ်သိန်း ၃၆၀ ဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး တရုတ်နိုင်ငံထုတ် ပစ္စည်းများမှာယူထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့တွင် မီးပွိုင့် ၁၁ ခုရှိသည့် အနက် ၄ ခုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

Dawei Watch