မင်းရပ်-ကူးတို့လမ်းရှိ လယ်များ ဈေးကွက်မျက်နှာပန်းလှ

0
988

လောင်းလုံးမြို့နယ်၊ မင်းရပ်-ကူးတို့ လမ်းဘေးဝဲယာတစ်လျှောက်ရှိ လယ်မြေများကို ၀ယ်ယူရန် စိတ်ဝင်စားမှုမြင့်တက်နေကြောင်း ဒေသခံအချို့နှင့် အိမ်ခြံမြေ အကျိုးဆောင်အချို့ထံမှ သိရသည်။

ထားဝယ်မြစ်ကူးတံတားအသစ် တစ်စင်း ဆောက်လုပ်မည်ဆိုသည့် သတင်းကြောင့် ထားဝယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် အချို့က ယင်းနေရာတွင် မြေ၀ယ်ရန် စိတ်ဝင်စားကာ လာရောက်မေးမြန်းသူ များနေကြောင်း မင်းရပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းတင့်က ပြောသည်။

“အဓိကက (ထားဝယ်)မြစ်ကမ်း မြစ်နားတစ်ဝိုက်က လယ်မြေနေရာပဲ သူတို့က လိုချင်ကြတာ။ အခုရောင်းမယ်လို့ ပြောကြည့်ပါလား။ လာဝယ်မယ့်သူချည်းပဲ”ဟု ဦးသန်းတင့်က ဆိုသည်။

ထားဝယ်မြို့ရှိ စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက မင်းရပ်-ကူးတို့လမ်းရှိ လယ်များကို ရောင်းမည့်သူရှိက ဆက်သွယ်ပေးရန် ဖုန်းနံပါတ်ပေးထားခဲ့ကြောင်း ယင်းကျေးရွာသား ဦးထိပ်တင်က ပြောသည်။

လက်ရှိအချိန်ထိမူ လယ်ပိုင်ရှင် များက မည်သူမျှ မရောင်းကြသေးကြောင်း မင်းရပ်ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

ထားဝယ်အိမ်ခြံမြေ၀န်ဆောင်မှု အသင်းမှ အသင်းဝင်တစ်ဦးကမူ မင်းရပ်-ကူးတို့လမ်း(လောင်းလုံးမြို့နယ် ဘက်) တွင် အရောင်းအ၀ယ်အနည်းဆုံး နှစ်ကြိမ်ခန့် ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“သူတို့ရွာသားအချင်းချင်း ရောင်းဝယ် ဖြစ်နေတာလည်း ရှိတယ်။ ထားဝယ်မြို့ ပေါ်ကလည်း ၀ယ်ထားတာ နှစ်ယောက်လောက် ရှိနေပြီ”ဟု အထက်ပါ အသင်းဝင်က ဆိုသည်။

ထားဝယ်မြစ်ကူးတံတားသစ်ကို မင်းရပ်-ကူးတို့နေရာတွင် ဆောက်ရန် ဒေသခံအများစုက လိုလားနေကြသော် လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကမူ ကမြောကင်းတံတားအနီးဆောက် လုပ်ရန် သဘောထားမှတ်ချက် ပေးထားသည်။

Dawei Watch