ထားဝယ်လျှပ်စစ်တင်ဒါ လျှောက်သူ မရှိသေး

0
1045

ထားဝယ်ခရိုင်၊ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တိုင်းအစိုးရ အဖွဲ့က တင်ဒါခေါ်ယူထားရာ လက်ရှိ အချိန်ထိ လာလျှောက်သူမရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက သြဂုတ်လ ၁ ရက်တွင် ပြောသည်။

အထက်ပါနေ့ရက်အထိ တင်ဒါ လျှောက်လွှာ ၂၆ စောင် ရောင်းချထားပြီး ပြန်လည်လျှောက်ထားသူ မရှိသေးကြောင်း ၎င်းက ဆိုသည်။

“(အချိန်) ကပ်ပြီးတော့မှ လာတင် ချင်လည်း တင်မှာပါ”ဟု ၀န်ကြီးဦးအောင်သူရ က ပြောသည်။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးတင်ဒါလျှောက်လွှာများကို ဇူလိုင်လ ၈ ရက်နေ့တွင် စတင်ရောင်းချ ခဲ့ပြီး သြဂုတ်လ  ၈ ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း တိုင်းအစိုးရက ကြေညာထားသည်။

သတ်မှတ်ရက်အတွင်း တင်ဒါပိတ်ပြီးပါက တင်ဒါဖွင့်မည့်ရက်နှင့် အမှတ်ပေးစည်းမျဉ်းများ သတ်မှတ်ရမည်ဖြစ် ကြောင်းဝန်ကြီး ဦးအောင်သူရက ဆိုသည်။

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါခေါ်ရာတွင် တစ်ယူနစ် ဈေးနှုန်းကို သုံးလတစ်ကြိမ် ပြင်ဆင် သတ်မှတ်နိုင်သည့် အချက်အပါအ၀င် တင်ဒါစည်းမျဉ်း ၃၆ ချက်ကို တနင်္သာရီ တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားသည်။

ကိုဇော်