ကလေးများအား တောင်းရမ်းခိုင်းသူ ကို အရေးယူမည်

0
689

ကလေးငယ်များအား တောင်းရမ်းခိုင်းသူကို အရေးယူနိုင်ရန် သက်ဆိုင်ရာ ဌာနများကို ညွှန်ကြားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

ထားဝယ်မြို့ရှိ ဈေးများ၊ ရပ်ကွက်များတွင် လိုက်လံတောင်းရမ်းနေသည့် ကလေးများရှိနေပြီး နောက်ကွယ်တွင် တောင်းရမ်းစေသူများရှိနေကြောင်း ထားဝယ်မြို့ခံများအကြား ပြောဆိုမှုများ ရှိသည်။

ကလေးသူငယ်များအား တောင်းရမ်းစေမှုများ အမှန်တစ်ကယ်ရှိနေပါက ဖော်ထုတ်အရေးယူနိုင်ရန် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ပြီး ညွှန်ကြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရှိရိုးမှန်တယ်၊ သေလည်းသေချာမယ်ဆို သူ့ဥပဒေအတိုင်း အရေးယူဖို့ အတွက် ဆောင်ရွက်ရမှာပေါ့”ဟု ၀န်ကြီး ဦးဟိုပင်က ပြောသည်။

တောင်းရမ်းရန် စေခိုင်းသူကိုသာ အရေးယူမည်ဖြစ်ပြီး ကလေးများကိုမူ ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကလေးများကို တောင်းရမ်းစေခိုင်း မှုများရှိ/မရှိ စိစစ်မည်ဖြစ်ပြီး ရှိနေပါက ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ် ကြောင်း ထားဝယ်မြို့မရဲစခန်းမှူးဒုရဲမှူး အောင်နိုင်မိုးက ဆိုသည်။

ယခုနှစ် ဇူလိုင်လအတွင်းက အတည် ပြုပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေတွင် မိမိအကျိုး စီးပွားအတွက် ကလေးသူငယ်ကို တောင်းရမ်းစေခြင်း၊ တောင်းရမ်းရာတွင် ကလေးသူငယ်ကို နည်းလမ်းတစ်မျိုးမျိုးဖြင့် အသုံးချခြင်းများကို တားမြစ်ထားသည်။

အထက်ပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက ထောင်ဒဏ်အနည်းဆုံး ၆ လမှ အများဆုံး ၃ နှစ်အထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ၆ သိန်းမှ အများဆုံး ၁၂ သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် ဖြစ်သည်။

အထက်ပါဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားသည်။

ယမန်နှစ်ကလည်း လိုက်လံတောင်း ရမ်းနေသည့် ကလေးများရှိခဲ့ပြီး စည်ပင်သာယာဈေးကြီးနှင့် အနီးတစ်ဝိုက်တွင် အဓိက လိုက်လံတောင်းရမ်းခဲ့ကြသည်။

ယခုနှစ်တွင်မူ ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ကမ်းနားဈေး အစရှိသည့် နေရာများတွင် အဓိကထား တောင်းရမ်း နေကြသည်။

Dawei Watch