ထားဝယ်အဝေးပြေးကွင်း အသစ်ဆောက်ရန် မြေနေရာ မရှိ

0
1221
ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်မြို့တွင် အဝေးပြေးယာဉ် ရပ်နားစခန်းအသစ်ဆောက်ရန် မြေနေရာ မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသ ကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

အဝေးပြေးယာဉ်ရပ်နားစခန်း အသစ်အတွက် မြေနေရာရရှိပြီးမှသာ ဆောက်လုပ်မည်ဖြစ်ပြီး လက်ရှိတွင် ဆောက်လုပ်ရန် အစီအစဉ်မရှိသေးကြောင်း ၎င်းက ဖြေဆိုသည်။

အမျိုးသားလွှတ်တော်၏ မဲဆန္ဒနယ် အမှတ် ၁  လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း၏ ကြယ်ပွင့်မပြ(စာဖြင့်) မေးမြန်းချက်အပေါ် ၀န်ကြီးဦးဟိုပင်က စာဖြင့်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း မေးမြန်းသည့် ထားဝယ်မြို့တွင် အဝေး ပြေးယာဉ်ရပ်နားစခန်းအသစ်တစ်ခု ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိ ဆိုသည့်မေး ခွန်းအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားမှုအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှတစ်ဆင့် ဇူလိုင်လအစောပိုင်းက ပေးပို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိကားဝင်းထက် ပိုကျယ်သည့် အဝေးပြေးယာဉ်ရပ်နားစခန်းအသစ် တစ်ခု ဖွင့်လှစ်ပေးနိုင်မည်ဆိုက ခရီးသွားလုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး မြေနေရာ ရရှိပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၀န်ကြီးဦးဟိုပင်က ဖြေဆိုထားသည်။

အဝေးပြေးယာဉ်ရပ်နားစခန်းကို အစိုးရအနေဖြင့် မြေနေရာမရှိခြင်းကြောင့်  ပုဂ်္ဂလိကလုပ်ငန်းရှင်များ လုပ်ဆောင် မည်ဆိုပါက မည်ကဲ့သို့ ကူညီပေးနိုင်မည် ဆိုသည်ကို တိုင်းအစိုးရအား မေးမြန်း ရန်ရှိကြောင်း  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆိုသည်။

“အစိုးရအဖွဲ့အနေနဲ့ လုပ်ပေးလို့ မနိုင်ဘူးဆိုရင် ပုဂ္ဂလိကအနေနဲ့ လုပ်မယ် ဆိုရင် ခွင့်ပြုချက်ပေးနိုင်မလား။ ဘယ် နှဧက ပေးနိုင်မလဲ စသည်အားဖြင့် ထပ်မေးဖို့ အစီအစဉ်ရှိတယ်”ဟု ဦးအောင်ဝင်းက ပြောသည်။

ထားဝယ်အဝေးပြေးယာဉ်ရပ်နားစခန်းလုပ်ရန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဇော်ဘိုခန့်နှင့် အခြား လုပ်ငန်းရှင် တစ်ဦးက သီးခြားစီလုပ် ဆောင်နေကြောင်း ၎င်းက ဆိုသည်။

လက်ရှိထားဝယ်အဝေးပြေးကွင်းမှာ ကုန်တင်ကားများရပ်နားရန် နေရာကျဉ်း မြောင်းလွန်းသဖြင့် အဝေးပြေးကားကွင်း အသစ်တစ်ခု အမြန်လိုအပ်နေပြီဟုယူဆကြောင်း ကုန်တင်ယာဉ်မောင်းတစ်ဦး ဖြစ်သူ ဦးမင်းဇော်က ပြောသည်။

“ပုဂ္ဂလိကလုပ်တာထက် အစိုးရကိုယ်တိုင်လုပ်မှ အဆင်ပြေမှာ”ဟု ဦးမင်းဇော်က ဆိုသည်။

လက်ရှိထားဝယ်အဝေးပြေးကွင်း ၏ ဧရိယာအကျယ်မှာ ၆ ဧကရှိပြီး ယာဉ်လိုင်းပေါင်း ၇၃ လိုင်းနှင့် ယာဉ် အစီးရေ ၇၇၀ ခန့် သွားလာရပ်နားလျက် ရှိကြောင်း တိုင်းအစိုးရအဖွဲ့၏ ဖြေဆိုချက်တွင် ပါရှိသည်။

ကိုဇော်