အရုဏ်ဆွမ်း ဘုံအလှူ

0
1385
ဓာတ်ပုံ - ဝေယံစိုး

လူအများစု အနားယူအိပ်စက်နေသည့် ညနက်သန်းခေါင်တွင် ချွေးတလုံးလုံးဖြင့် ချက်ပြုတ်ကြော် လှော်နေသူတို့ကို မြို့လမ်းဘေး နေရာအချို့တွင် တွေ့မြင်ဖူးပါလိမ့်မည်။

ရပ်ကွက်အချို့၏ လမ်းမဘေးတစ်နေရာတွင် ယာယီမဏ္ဍပ်ထိုးကာ အပတ်စဉ် ချက်ပြုတ်နေသူ တို့ကို တွေ့ရပါမည်။

ထိုယာယီမဏ္ဍပ်၏ လူမြင်သာသည့်နေရာတွင် ဆိုင်းဘုတ်ကြီးများ ရေးထားပါလိမ့်မည်။

“တနင်္ဂနွေနေ့တိုင်း ဆွမ်းခံကြွပါဘုရား”

“အင်္ဂါနေ့တိုင်း ဆွမ်းခံကြွပါဘုရား”

ယခုကဲ့သို့သော ၀ါတွင်းကာလတွင်မူ ထိုသို့ စုဖွဲ့ချက်ပြုနေသည့်အဖွဲ့များ ပိုများလာသည်။

“ဥပုသ်နေ့တိုင်း ဆွမ်းခံကြွပါဘုရား”

သူတို့သည် အရုဏ်ဆွမ်းလောင်းလှူရေး အဖွဲ့ဝင်များ ဖြစ်ကြပါသည်။

သူ့တို့အဖွဲ့ဝင်များသည် တစ်ညလုံး တပျော်တပါး ချက်ကြပြုတ်ကြရင်း၊ အိပ်မငိုက်စေရန် နောက်ပြောင်ကြည်စယ်ကြရင်း နံနက်အရုဏ် မတက်မီ ဆွမ်းနှင့် ဆွမ်းဟင်း ကျက်စေရပါသည်။

အရုဏ်ချိန်တွင် ကြွလာသည့် သံဃာတော်များ၏ သပိတ်ထဲသို့ ဆွမ်းလောင်းလှူခြင်း၊ ဆွမ်းဟင်း ချိုင့်ထဲသို့ ဆွမ်းဟင်းများ ထည့်ကာ သံဃာတော်များကို ဆက်ကပ်ခြင်းတို့ ပြုရသည့်အချိန်က အရုဏ်ဆွမ်းအဖွဲ့တို့ ပီတိဖြစ်ရဆုံးအချိန် ဖြစ်ပါသည်။

ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်ရှိ စနေအရုဏ် ဆွမ်းအလှူရှင်အသင်းကတော့ အပတ်စဉ် စနေနေ့ အရုဏ်တိုင်း ဆွမ်းနှင့် ဆွမ်းဟင်း မပျက်မကွက် ချက်ပြုတ် လောင်းလှူခဲ့သည်မှာ ၁၂ နှစ်ခန့်(၅၅၉ ကြိမ်) ရှိပြီ ဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်သီသီအေးက ပြောသည်။

“ရဟန်း သံဃာဆိုတာက ဆွမ်း၊ ကွမ်း ပစ္စည်းလေးပါး ပြည့်စုံနေဖို့ လိုတယ်လေ။ သာသနာတော် တည်တံ့နေဖို့အတွက် အလှူငွေ နည်းနည်းစီစုပြီး ပစ္စည်းလေးပါးထဲက ဆွမ်းလှူဖြစ်တာ”ဟု ဒေါ်သီသီအေး က ပြောသည်။

အပတ်စဉ် ဆွမ်း၊ အသားဟင်းတစ်မျိုး၊ အသီးရွက်ကြော်တစ်မျိုးတို့ကို တစ်ပတ်ပြီး တစ်ပတ် မထပ် ရအောင် ချက်ပြုတ်ကာ  ထားဝယ်မြို့တွင်း ဘုန်းကြီး ကျောင်း အကုန်လုံးအပြင် ဘိုးဘွားရိပ်သာ၊ သီလရှင် စာသင်တိုက်၊ ရှင်မုတ္ထီးရွာအလွန်က ရွှေဂူကျောင်းအထိ၊ လောင်းလုံးမြို့ မင်းရပ်ရွာအထိ၊ တောမိုးတောင် အလယ်စခန်းသီလရှင်ကျောင်းအထိ စုစုပေါင်း ၁၅၉ ကျောင်း လိုက်လံလှူဒါန်းနေကြောင်း ဒေါ်သီသီအေးက ပြောသည်။

ယင်းသို့ လှူဒါန်းနိုင်ရန်အတွက် အဖွဲ့ငယ် ၂၀ ဖွဲ့ခွဲကာ ထားဝယ်မြို့နေ မိတ်ဆွေများထံ အပတ်စဉ် အလှူခံကြပြီး ရန်ပုံငွေ ထူထောင်ထားသည်ဟု ဆိုပါသည်။

စနေ့နေ့ အရုဏ်အမီ ဆွမ်းလောင်းနိုင်ရန် ကြာသပတေးနေ့ခန့်ကတည်းက လုပ်ငန်း စကြရသည် ဆိုသည်။

ကြိုအခွံနွာရမည့် ကြက်သွန်၊ သင်ရမည့် ချဉ်ပေါင်ရွက် စသည်တို့ကို ရပ်ကွက်တွင်းရှိ အိမ်များသို့ ကြိုတင်ဝေငှပေးထားရာ ရပ်ကွက်သူ/ သားများကလည်း အားတက်သရော ပါဝင်ကြသည် ချည်း။

“ရပ်ကွက်ထဲကလည်း သူ့အိမ်လာပေးထားပါ။ ငါ့အိမ်လာပေးထားပါပဲ။ ချက်ပြုတ်မယ့်နေ့ကျမှ တွန်းလှည်းလေးနဲ့ လိုက်စုလိုက်တယ်”ဟု ဒေါ်သီသီအေးက ပြောသည်။

ပုံမှန်အားဖြင့် သောကြာနေ့ နံနက် ကမ်းနားဈေးတွင် ဈေးဝယ်၊ မနက် ၁၀ နာရီခန့်တွင် ချက် ပြုတ်ရန် လှီးခုတ်၊ ညနေ ၅ နာရီခန့်တွင် ချက် ပြုတ်ရန် အားလုံးအသင့်ဖြစ်နေပြီ။

ဆွမ်းချိုင့်တွေကိုက သုံးဘီးလေးစီးဖြင့် ဆိုင်ကယ် ရှစ်စီးက ညနေသုံးနာရီလောက်ကတည်းက ဘုန်းကြီး ကျောင်းတွေမှာ လိုက်ယူထားပြီးသား။

ည ၈ နာရီခန့်တွင် စချက်ကြ။ ချက်ပြုတ်သူများ ကို မုန့်ဟင်းခါး၊ လက်ဖက်ထမင်း လုပ်ကျွေးသူက လုပ်ကျွေး။ (ထိုအကျွေးအမွေးအတွက် ရန်ပုံငွေ သီးသန့်ရှိသည်ဟူ၏)။

“အားလုံးက သဒ္ဓါတရားနဲ့ ၀ိုင်းလုပ်ကြတာ ဆိုတော့ အခက်အခဲတော့ ဘာမှမရှိဘူး။ ဘယ်သူက ဘာလုပ်ဆိုတာမျိုး ခွဲထားတာမရှိဘူး။ အားလုံးက ပျော်ပျော်ရွှင်ရွင် မိသားစု စိတ်ဓာတ်အပြည့်နဲ့လုပ်ကြ တာ။ ဒီကိုရောက်လာပြီဆိုရင် ဆင်းရဲ၊ ချမ်းသာ မခွဲတော့ဘူး”ဟု ဒေါ်သီသီအေးက ပြောသည်။

ဒေါ်သီသီအေးတို့ အသင်းက ဆွမ်းသာလျှင် မဏ္ဍပ်တွင် လောင်းလှူပြီး ဆွမ်းဟင်းများကို ချိုင့်ဖြင့် ထည့်ကာ ကျောင်းအရောက် ပို့ဆောင်ပေးကြသည်။

မနက် ၄ နာရီခန့်မှစ သုံးဘီးဆိုင်ကယ်များ၊ ဆိုင်ကယ်များဖြင့် ဆွမ်းချိုင့် လိုက်ပို့ကြသည်။ ကျန်သူတို့က ဆွမ်းခံကြွလာသည့် သံဃာတို့ကို ဆွမ်းလောင်းဖို့နေကျန်ခဲ့ကြသည်။

“ဆွမ်းလောင်းရင်လည်း ကြိုက်တဲ့သူ လာလောင်း ကြပဲ။ လှူတန်းပြီး အိုးခွက်သိမ်းတာနဲ့ဆို ၁၀ နာရီ လောက်မှပြီးတာ၊ အဲအချိန်ကျမှ နားကြရတယ်”ဟု ဒေါ်သီသီအေးက ပြောသည်။

ထိုရပ်ကွက်အနီး ဒေါင်းငူတံငါရပ်ကွက်တွင် လည်း အင်္ဂါဆွမ်းလောင်းအသင်းရှိပြီး အပတ်စဉ် ဆွမ်းလောင်းခဲ့သည်မှာ ၈ နှစ်ခန့် ရှိပြီဟု ဦးဆောင် သူတစ်ဦးဖြစ်သည့် ဒေါ်ခင်ဌေးက ပြောသည်။

ဆွမ်းစလောင်းစဉ်က ဘုန်းကြီးကျောင်း တစ်ရာ ခန့် ပင့်ဖိတ်ခဲ့သော်လည်း ယခုအချိန်တွင် ရန်ပုံ ငွေအခက်အခဲအရ ကျောင်းငါးဆယ်ကျော်သာ ကျန်တော့ကြောင်း ဒေါ်ခင်ဌေးက ဆိုသည်။

လက်ရှိလှူဒါန်းနေသည်မှာ ဆွမ်း၊ ဟင်းချို တစ်မျိုး၊ အသားဟင်းတစ်မျိုး၊ အသီးရွက်ကြော်တစ်မျိုး။

“အဒေါ်ကတော့ ဒီအစဉ်အလာကိုတော့ အပျက် မခံဘူး။ ဆွမ်းအမာမလှူရရင် အပြုတ်(ဆန်ပြုတ်)လှူမယ်လို့ ဆုံးဖြတ်ထားတယ်”ဟု ဒေါ်ခင်ဌေးက ဆိုသည်။

ထားဝယ်မြို့တွင် ထိုသို့ အပတ်စဉ် ဆွမ်းလောင်း အသင်းများအပြင် ၀ါတွင်းကာလ ဆွမ်းလောင်း အသင်းများလည်း ရှိပါသည်။

တစ်ချို့မှာ သူငယ်ချင်းများစုပြီး အပတ်စဉ် ဆွမ်းလောင်းကြသည်လည်း ရှိသည်။

ဆန်းချီရပ် စေတနာလမ်းတွင်လည်း မအေးအေးသွယ်၊ ဒေါ်သန်းသန်းဆင့်၊ ဒေါ်စိုးစိုး စသည့် သူငယ်ချင်း ၃၀ ခန့်က ၀ါတွင်းကာလအတွင်း အခြားရပ်ကွက်များ၊ အခြားလမ်းများနှင့် ချိတ်ဆက်ကာ အလှည့်ကျ ဆွမ်းစုလှူကြသည်။

“အလှူငွေက ကန့်သတ်ထားတာ မရှိဘူး၊ သဒ္ဓါရှိသလောက် ၀ိုင်းထည့်ကြ၊ ၀ိုင်းစုချက်ကြပေါ့”ဟု ဒေါ်စိုးစိုးက ပြော သည်။

ကော့သောင်းတွင်မူ ၀ါတွင်းကာလ တွင် ရပ်ကွက်အလိုက် အပတ်စဉ် တစ်ရပ်ကွက် တစ်ရက် အလှည့်ကျ အရုဏ်ဆွမ်း လောင်းနေကြကြောင်း ရွှေဇင်ယော်ရပ်ကွက် ဆွမ်းလောင်းအဖွဲ့ ၀င် ဦးမျိုးဝင်းက ပြောသည်။

“ဓလေ့ကို ထိန်းရာလည်းရောက်၊ အကျိုးကုသိုလ်လည်းရတော့ အကျိုးရှိ တာပေါ့”ဟု ဦးမျိုးဝင်းက ပြောသည်။

ရပ်ကွက်သူ ရပ်ကွက်သားတို့က အလျဉ်းသင့်သလို ၀ိုင်းကူချက်ကြပြီး အရုဏ်ချိန်တွင် ရပ်ကွက်အတွင်းနေထိုင် သူများနှင့် ရပ်ကွက်ရုံးရှေ့တွင် စုပေါင်း လောင်းလှူကြကြောင်း ၎င်းက ပြောသည်။

“မနက်စောစောဆို ရပ်ကွက်နိဗ္ဗာန်ဆော်က မိုက်နဲ့လိုက်အော်ရင် ကိုယ်တိုင် လှူချင်သူက ရပ်ကွက်ရုံးရှေ့လာလှူတာပေါ့။ အိမ်ကယူလာတာရော စုပေါင်း ချက်တာရောလှူကြတယ်”ဟု ဦးမျိုးဝင်း က ဆိုသည်။

မြိတ်မြို့ ဇေယျာသီရိ ၄ ရပ်ကွက်တွင် မူ အသင်းသား ၄၀ ဦးရှိ သံဃိကဒါန ဆွမ်းလောင်းအသင်းကို ပြီးခဲ့သည့်နှစ်က စတင်ဖွဲ့စည်းကာ ၀ါတွင်းသုံးလအတွင်း ဘုန်းကြီးကျောင်းများသို့ ဆွမ်းများကို ချက်၍ အပတ်စဉ် ပို့ဆောင်ပေးနေ ကြောင်း ယင်းအသင်း၏ အတွင်းရေးမှူးဖြစ်သူ ကိုကျော်မိုးသူက ပြောသည်။

“သီတင်းကျွတ်ပြီးမှပဲ ရပ်ကွက်ထဲ မှာ တစ်လတစ်ကြိမ် ဆွမ်းလောင်းပါ တယ်”ဟု ကိုကျော်မိုးသူက ပြောသည်။

မြိတ်မြို့တွင် လစဉ်ဆွမ်းလောင်း သည့် အသင်း ၅ သင်းခန့်သာရှိပြီး နည်းပါးနေသေးကြောင်း ၎င်းက ပြော သည်။

ထားဝယ်မြို့ ဓမ်္မစကြာကျောင်း တိုက်ကျောင်းနေသံဃာ ဦးကောဝိဒက အရုဏ်ဆွမ်းလောင်းအသင်းများသည် ဘုန်းတော်ကြီးကျောင်းတို့အတွက် အမှန်ပင် လိုအပ်နေသည့်အသင်းများ ဖြစ်နေကြောင်း မိန့်ကြားသည်။

“ဆွမ်းလောင်းအသင်းတွေရှိတော့ တစ်ချို့ကျောင်းတွေမှာ အသက်ကြီး နေလို့ ဆွမ်းခံမကြွနိုင်တဲ့ သံဃာတွေ အတွက် အဆင်ပြေတာပေါ့။ သူ့ကျောင်း နဲ့သူတော့ တကာတွေရှိကြတယ်ဆို ပေမယ့် တချို့ကျောင်း တွေဆိုလည်း ဆွမ်းရေး၊ ကွမ်းရေး ခက်ခဲတဲ့ ကျောင်းတွေလည်း ရှိချင်ရှိမယ်လေ”ဟု ဦးကောဝိဒက မိန့်သည်။

ထားဝယ်မြို့ ကရပ်ပြင်(မြောက်) သောကြာဆွမ်းလောင်းအသင်းတစ်ခုကို ဦးစီး ကမကထပြုနေသည့် ဆရာတော် အရှင်ဦးကုသလကမူ မြို့နေသံဃာတော် များ အရုဏ်ဆွမ်းခံ ကြွရာတွင် ဆွမ်းရရန် ခက်ခဲပြီး ဆွမ်းဟင်းရရန်မှာ ပို၍ပင်ခက်ခဲကြောင်း မိန့်ကြားသည်။

“အရုဏ်ဆွမ်းရမှ တရားအားထုတ် နိုင်မယ်၊ စာသင်သားတွေလည်းအဲဒီလို ပဲ။ အရုဏ်ဆွမ်းမှာ လိုအပ်တဲ့ဆွမ်းကို မဘုန်းရဘဲနေရင် စာသင်ရာမှာအခက်ခဲ ရှိတယ်”ဟု အရှင်ဦးကုသလက မိန့်ဆို သည်။

အရှင်ဦးကုသလ၏ သောကြာ အရုဏ်ဆွမ်းတွင် ပင်တိုင်ချက်ပြုတ်နေသူ မချစ်စုဝင်းကတော့ ဆွမ်းထမချက် ရ မနေနိုင်တော့။

“တစ်ခါတစ်လေဆိုလည်း မိုးသောက်ထ အစောကြီးထရတော့ ပျင်းတော့ ပျင်းတယ်၊ လူဆိုတော့လေ၊ ဒါပေမယ့်လည်း ကိုယ့်မှာ ကုသိုလ်ဆိုတာ အဲဒါပဲ ရှိတယ်လေဆိုပြီး သွားလုပ်ဖြစ်တယ်၊ တဖြည်းဖြည်းနဲ့ အကျင့်ရလာတယ်၊ နောက်ပိုင်းဆိုရင် မလုပ်ရရင်တောင် မနေနိုင်ဖြစ်လာတယ်”ဟု ၎င်းက ဆိုသည်။

တနင်္သာရီသတင်းအဖွဲ့