ဒေသသင်ရိုး တကယ်အားကိုးပါရစေ

0
734
editorial

ပြီးခဲ့သည့် ရက်ပိုင်းက ကျွန်းစုမြို့နယ်က စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသူကျောင်းသားများ ဓနိဖက်ထိုးပြိုင်ကြသည့် ဓာတ်ပုံ လူမှုကွန်ရက်ပေါ် တွင် ပြန့်နှံ့လာသည်။

အသင်းလိုက် ပျော်ရွင် ရယ်မောစွာ ယှဉ်ပြိုင်နေကြသည်ကို တွေ့ရသည်မှာ ကြည့်သူကို အပျော်ကူးစက်စေသည်။

အဆိုပါ ပြိုင်ပွဲသည် ဒေသသင်ရိုး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု သိရသည်။

ဒေသသင်ရိုးတွင် သက်ဆိုင်ရာ ဒေသ၏ ပထ၀ီအနေအထား၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဒေသထုတ်ကုန်များနှင့် ပတ်သက်ပြီး သင်ကြားသည်ဟု ဆိုသည်။

သင်ရိုးကို သက်ဆိုင်ရာ ဒေသအလိုက် ကျောင်းအလိုက် သေချာ သင်ကြားမည် ဆိုပါက အတော်ပင် အကျိုးရှိမည်ဖြစ်သည်။

လက်ရှိကာလတွင် လူငယ်များအနေဖြင့် မိမိတို့၏ မိရိုးဖလာ အလုပ်များ၊ ဒေသထုတ်ကုန်များနှင့် ပတ်သက်ပြီး စိတ်ဝင်စားမှု အားနည်းနေသည့်အတွက် ဓနိဖက်ထိုးပြိုင်ပွဲကဲ့သို့သော သင်ကြားမှုများက အကျိုးဖြစ်ထွန်းမှု များစေမည် ဖြစ်သည်။

အခြားဒေသ ကျေးရွာများတွင်လည်း သူ့သက်ဆိုင်ရာ ဒေသအလိုက် အမျိုးမျိုး သင်ယူနိုင်မည်ဖြစ်သည်။

ကိုယ့်ဒေသ၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့များအကြောင်း နှံ့နှံ့စပ်စပ်သိလာ မည်။ ကိုယ့်ဒေသထုတ်ကုန်များနှင့် ပတ်သက်ပြီး ကျောင်းတွင် သင်ယူခွင့်ရမည်။

ကိုယ့်အနီးဝန်းကျင်တွင် ရှိသည့် အရာများ၏ တန်ဖိုးကိုသိပြီး တန်ဖိုးထား တတ်ရန် အင်မတန် အရေးကြီးပါသည်။

ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ဓနိဖက်တစ်ခုကို ဖန်တီးရပုံအပြင် ဓနိဖက်၏ တကယ့်တန်ဖိုးနှင့် အကျိုးကျေးဇူးပြုမှုစသည်များကို ယခုကဲ့သို့ သင်ကြားရသည့်အခါ ပိုမို တွေးတော ဆွေးနွေးခွင့်ရမည်ဟု မျှော်လင့်ပါသည်။

အယ်ဒီတာ (၂၇ ဇူလိုင် ၂၀၁၉)