လောင်းလုံးတွင် ခရုကြောင့် ပျက်စီး လယ်ဧက ပိုများလာ

0
1656

လောင်းလုံးမြို့နယ်၊ သာယာကုန်း ကျေးရွာရှိ ဆင်နင်းကွင်းတွင် ရွှေခရု ကျရောက်မှုကြောင့် ပျက်စီးရသည့် လယ်ဧကမှာ ယမန်နှစ်ကထက် ပိုများလာကြောင်း ဒေသခံလယ်သမားအချို့က ပြောသည်။

ထားဝယ်မြစ်ကမ်းဘေးရှိသည့် ယင်းလယ်ကွင်းတွင် ယမန်နှစ်က လယ်သမား သုံးဦးပိုင်ဆိုင်သည့် လယ် ဧက ၃၀ ၀န်းကျင်သာ ပျက်စီးခဲ့သော်လည်း ယခုနှစ်တွင် လယ်သမား တစ်ဆယ် ကျော်ပိုင်ဆိုင်သည့် လယ်ဧက ၇၀ ကျော် ပျက်စီးနေကြောင်း ၎င်းတို့ထံမှ သိရသည်။

ရွှေခရုများသည် ပျိုးပင်ပေါက် ၃ ရက်သားမှ ၁ လသားခန့်အထိ ကိုက်ဖြတ် စားသောက်ကြောင်း လယ်သမားများက ရှင်းပြသည်။

ရွှေခရုဖျက်ဆီးနေသည့် လယ်အား လုံးတွင် အနည်းဆုံး နှစ်ကြိမ်စီ ပျိုးကြဲခဲ့ ကြသော်လည်း အောင်မြင်ခြင်း မရှိဘဲ မျိုးစပါးစရိတ် ကုန်ကျငွေသာ ပိုများလာသည်ဟု လယ် ၁၃ ဧက ပျက်စီးခဲ့သည့် လယ်သမား ဦးစိုးသိန်းက ဆိုသည်။

“ဦးမှာဆိုရင် မျိုးစပါးပုံမှန်ဆိုရင် တင်း ၄၀ လောက်ပဲသုံးရမှာကို အခု နှစ်ဆ၊ နှစ်ဆနော် တင်း ၈၀ လောက်ရှိနေ ပြီ။ အောင်လားဆိုတော့ မအောင်ဘူး။ အခုတော့ ညလည်းအိပ်မပျော် ဒီအကြောင်း ပဲ စဉ်းစားနေတာ။ လယ်ထဲလည်း ဆင်းကြည့်ချင်စိတ် မရှိတော့ဘူး”ဟု ဦးစိုးသိန်းက ဆိုသည်။

၂၀၁၇ ခုနှစ်က မိုးသည်းထန်စွာရွာသွန်းခဲ့ချိန်တွင် ထားဝယ်မြစ်ရေ လျှံတက်မှုနှင့်အတူ ရွှေခရုများပါလာပြီး ယင်းမြစ်ဘေးရှိ လယ်များအတွင်း ကျရောက်လာခြင်း ဖြစ်သည်။

လယ်သမားတို့အဆိုအရ မိုးရာသီ စပါးစိုက်ပျိုးရန် ကုန်ကျစရိတ်သည် တစ်ဧကလျှင် ကျပ်တစ်သိန်းငါးသောင်း ခန့် ကုန်ကျသဖြင့် လက်ရှိ ဧက ခုနစ်ဆယ် ကျော်ဆိုပါက မိုးရာသီ စိုက်ပျိုးစရိတ် ဆုံးရှုံးမှု စုစုပေါင်း အနည်းဆုံး ငွေကျပ် သိန်းတစ်ရာ ကျော်ရှိနေပြီ ဖြစ်သည်။

“လယ်လုပ်ဖို့ သူရင်းငှား နှစ်ဦး ငှားထားတာ အပြင်မှာ စပါးဝယ်ပြီး ပေးရမှာဆိုတော့၊ ကုန်ငွေက ပိုများလာ ဖို့ပဲ ရှိတာပေါ့။ ဒီအတိုင်းပဲ ဆက်ဖြစ် နေရင် နောက်နှစ် လယ်တွေပစ်လိုက်ရ တော့မယ်” ဟု ရွှေခရုကြောင့် လယ်ဧက တစ်ဆယ်ကျော် ပျက်စီးသွားသည့် ဦးအုန်းရွှေက ဆိုသည်။

ယခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ  ရွှေခရုကျရောက်သည့် ကျေးရွာအချို့တွင် ရွှေခရုနှိမ်နှင်းနည်းကို လိုက်လံ သင်တန်း ပို့ချခဲ့သော်လည်း လယ်သမားတို့က ယင်းနည်းလမ်းများကို လက်တွေ့စမ်းသပ် ချိန်တွင် မအောင်မြင်ဟု ဆိုသည်။

ကျော်သူစိုး