ဆောက်လုပ်ရေးနှင့် စက်ပြင် အခမဲ့ သင်တန်းအတွက် သင်တန်းသား တစ်ရာကျော် ခေါ်ယူမည်

0
642

ထားဝယ် အစိုးရနည်းပညာ အထက်တန်းကျောင်းတွင်ပြုလုပ် သင်ကြားပေးမည့် အခြေခံဆောက်လုပ် ရေးနှင့် အခြေခံ စက်ပြင် အခမဲ့သင်တန်း အတွက် သင်တန်းသား တစ်ရာကျော် ခေါ်ယူမည်ဖြစ်ကြောင်း Acted Myanmar အဖွဲ့ ထံမှ သိရသည်။

ယင်းသင်တန်းကိုနှင့် တိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နေ သည့် ပြင်သစ်အခြေစိုက် အစိုးရ မဟုတ် သော နိုင်ငံတကာ အဖွဲ့အစည်း INGO တစ်ခုဖြစ်သည့် Acted Myanmar အဖွဲ့၏ ပံ့ပိုးမှုဖြင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ထားဝယ်) မှ ဆရာများ သင်ကြားပေးမည်ဖြစ်သည်။

ယင်းသင်တန်းတွင် အုတ်စီ၊ လက် သမား၊ အဆောက်အအုံဆိုင်ရာ ခန့်မှန်း တွက်ချက်မှုတွက်ချက်ခြင်း စသည့် အခြေခံ ဆောက်လုပ်ရေးလုပ်ငန်း နှင့် တစ်လုံးထိုး အခြေခံ စက်ပြုပြင်ခြင်း စသည့် သင်တန်းနှစ်ခုကို သင်ကြားမည် ဖြစ်ကြောင်း Acted Myanmar ဒေသ ညှိနှိုင်းရေးမှူး ဒေါ်ထွေးအိအိချောက ပြောသည်။

သင်တန်းကို စုစုပေါင်း သုံးကြိမ် ပြုလုပ်မည်ဖြစ်ပြီး အထက်ပါ သင်တန်း နှစ်ခုအတွက် တစ်ကြိမ်လျှင် ၂၀ ဦးစီ ခေါ်ယူမည်ဖြစ်သည်။

“စာတွေ့ နှစ်ဆယ်ရာခိုင်နှုန်းနဲ့ လက်တွေ့ ရှစ်ဆယ်ရာခိုင်နှုန်းပါမယ် ။ သင်တန်းတစ်ခုကို နှစ်လ။ ဒီနှစ်လပြီးရင် နောက်တစ်သုတ်ထပ်ဝင် အဲလိုပုံစံမျိုးပါ။ သင်တန်းကတော့  အခကြေးငွေ ဘာမှပေး စရာမလိုဘူး။ အကုန်လုံး အခမဲ့ပါ”ဟု ဒေါ်ထွေးအိအိချောက ဆိုသည်။

ယင်းအပြင် ထားဝယ်မြို့ပြင်ပမှ လာရောက်တက်ရောက်သူများအတွက် နေ၊ စား စရိတ်များကိုပါ စီစဉ်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပထမဆုံးပြုလုပ်မည့် သင်တန်းကို စက်တင်ဘာလ ၁ ရက်တွင် စတင်မည် ဖြစ်သည်။

လျှောက်လွှာများကို ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်ရှိ ပိန္နဲတောဈေးအနီး ဖွင့်လှစ်ထားသည့် Acted Myanmar ရုံးသို့ ဇူလိုင်လ နောက်ဆုံး ထား၍ လျှောက်ထားရမည်ဖြစ်ပြီး လိုအပ်ပါက အချိန်ထပ်တိုးပေးမည်ဖြစ်ကြောင်း  ယင်းရုံး ထံမှ သိရသည်။

ကျော်သူစိုး