ပုဂ္ဂလိကကျောင်းနှင့် ဘော်ဒါများ ချစ်ကြည်ရေး ဘောလုံးကန်မည်

0
474

ထားဝယ်မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ကျောင်းများနှင့် ဘော်ဒါများ ချစ်ကြည်ရေး ဘောလုံးပွဲကို သြဂုတ်လ ၁၀ ရက်မှစတင် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ် မြောက်ရေးကော်မတီထံမှ သိရသည်။

ယင်းပြိုင်ပွဲကို ပညာဥယျာဉ် ကိုယ်ပိုင်ကျောင်းရှိ ဘောလုံးကွင်း၌ ကျောင်းပိတ်ရက်များတွင် ကျင်းပမည် ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

ပုဂ္ဂလိကကျောင်းနှင့် ဘော်ဒါဆောင် ပညာရေးမိသားစုများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရစေရန်နှင့် ကျောင်း သူကျောင်းသားများကို ကိုယ်လက် လှုပ်ရှားကျန်းမာရေးအတွက် အားကစား ပွဲများပြုလုပ်ပေးခြင်းဖြင့် ကျောင်းစာ လုပ်ရာတွင် ပိုမိုစိတ်ပါ ၀င်စားလာစေရန် အတွက် ရည်ရွယ်ကျင်းပသည်ဟု ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ဦးဇော်ညွန့်က ပြောသည်။

“ကျွန်တော်တို့က သူတို့တွေကို စိတ်ထွက်ပေါက်အနေနဲ့ လုပ်ပေးချင် တယ်ပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ ကျန်းမာသန်စွမ်းပြီးတော့ သူတို့စာတွေ ဘာတွေမှာ ပိုပြီး တက်တက်ကြွကြွနဲ့ လုပ်နိုင်အောင် ရည်ရွယ်ချက်ပေါ့”ဟု ဦးဇော်ညွန့်က ပြောသည်။

လက်ရှိ စာရင်းအရ ပြိုင်ပွဲဝင်မည့် အမျိုးသမီးအသင်း ၃ သင်းနှင့် အမျိုးသား အသင်း ၁၅ သင်းခန့်ရှိနေပြီး ကျန်ရှိနေသည့် ကျောင်းများသို့ ဆက်သွယ်ဖိတ် ခေါ်ပါက အသင်းထပ်တိုး လာနိုင်ကြောင်း ဦးဇော်ညွန့်က ပြောသည်။

အဆိုပါပြိုင်ပွဲကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ထားဝယ်မြို့ပေါ်ရှိ ဘော်ဒါဆောင် ၁၂ ဆောင်နှင့် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတို့မှ အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင် ခဲ့သည်။

မိုးမြင့်