ရေဖြူတွင် ရထားလမ်းသိမ်းဆည်းမြေ လျော်ကြေးပေးမည်

0
1041
ဓာတ်ပုံ - ဝေယံစိုး

ရေး-ထားဝယ် မီးရထားလမ်း ဖောက်လုပ်စဉ်က ရေဖြူမြို့နယ်တွင် သိမ်းဆည်းခံခဲ့ရသည့် မြေယာအတွက် လျော်ကြေးငွေပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

ရေဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်ဦး၏ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရထားလမ်းဖောက်စဉ်က သိမ်းဆည်းခံရသည့် တောင်သူစာရင်း၊ မြေဧက၊ မြေယာလျော်ကြေးတန်ဖိုးများကို အတည်ပြုချက် ရရှိပါက မြန်မာ့မီးရထား အနေဖြင့် နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာ ငွေတင်ပြတောင်းခံပြီး လျော်ကြေးပေး ချေခြင်း လုပ်ငန်းစဉ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည် ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဖြေဆိုထားသည်။

ရေး-ထားဝယ် မီးရထားလမ်း ဖောက်စဉ်က ရေဖြူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု ၁၀ ခုမှ တောင်သူ ၂၉၉ ဦး၏ လယ်မြေနှင့် ဥယျာဉ်ခြံမြေ စုစုပေါင်း ၅၁၀ ဒသမ ၅၅ ဧက သိမ်း ဆည်းခံရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်ဦး၏ ကြယ်ပွင့်မပြ မေးမြန်းချက်တွင် ပါဝင်သည်။

အဆိုပါ မြေဧရိယာအတွက် တောင်သူ များကို မြေယာလျော်ကြေးနှင့် သီးနှံလျော် ကြေးပေးနိုင်ရန်အတွက် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီထံ သဘောထားတောင်းခံခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၏ ဖြေကြားစာတွင် ဖော်ပြသည်။

ဗဟိုကော်မတီက  တနင်္သာရီတိုင်း ဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီနှင့် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ရန် သဘောထားပြန်ကြားခဲ့ကြောင်း ဦးသန့်စင်မောင်က ဖြေကြားထားသည်။

ထိုကြောင့် မြန်မာ့မီးရထားအနေ ဖြင့် လျော်ကြေးငွေပေးနိုင်ရန် သိမ်းဆည်း ရာတွင် ပါဝင်ခဲ့သည့် တောင်သူစာရင်း၊ မြေဧကနှင့် မြေယာလျော်ကြေးတန်ဖိုး များကို ရေဖြူမြို့နယ် မြေစာရင်းဌာနနှင့် ပူးပေါင်း၍ ကွင်းဆင်းတိုင်းတာကာ စိစစ်ဆောင်ရွက်မည် ဖြစ်ကြောင်း ၀န်ကြီး ဦးသန့်စင်မောင်၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။

ကွင်းဆင်းစိစစ်မှုရလဒ်များကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ အဆင့်ဆင့်၏ အတည်ပြုချက်ရရှိပါက နီးစပ်ရာ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာ ငွေတောင်း ခံပြီး လျော်ကြေးငွေပေးချေခြင်း  လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဦးသန့်စင်မောင်က ဖြေဆို သည်။

“ကျွန်တော်ကတော့ မရမချင်း မေးခွန်းအပေါ်မှာ အခြေခံပြီး ပြန်နှိုးဆော် နေမှာပဲ”ဟု ကြယ်ပွင့်မပြမေးခွန်း မေးမြန်း ခဲ့သည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက ပြောသည်။

ရေး-ထားဝယ် မီးရထားလမ်းဖောက် လုပ်စဉ်က မြေယာသိမ်းဆည်းခံရသည့် ပြည်သူများ၏ နစ်နာဆုံးရှုံးနေမှုအပေါ် အခြေခံကာ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခြင်းဖြစ်ကြောင်း ဦးသက်နိုင်ဦးက ဆိုသည်။

ယင်းမေးခွန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလခန့်က မေးမြန်းခဲ့ခြင်းဖြစ် ပြီး ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လ ၂၃ ရက်မှ ပြန်လည်ဖြေကြားခဲ့ကြောင်း ဦးသက်နိုင်ဦးထံမှ သိရသည်။

မီးရထားလမ်းဖောက်ရန်အတွက် မြေယာသိမ်းဆည်းချိန်က မြေယာအချက် အလက်များရှိနေနိုင်ပြီး လက်ရှိတွင် အဆိုပါအချက်အလက်များကို မှန်/မမှန် ပြန်စိစစ်ရန်သာလိုသည်ဟု ထင်ကြောင်း ဦးသက်နိုင်ဦးက ပြောသည်။

ကြယ်ပွင့်မပြမေးခွန်းတွင် အဆိုပါ မီးရထားလမ်း ဖောက်လုပ်ရာတွင် ရထားလမ်းကြောင်းအတွင်းပါဝင်သည့် ဥယျာဉ်ခြံနှင့် လယ်မြေများသိမ်းဆည်း ခံရပြီး လျော်ကြေးပေးခြင်း၊ အစားထိုးနေရာပေးခြင်းမရှိခဲ့ကြောင်း ဦးသက်နိုင်ဦးက ထည့်သွင်းဖော်ပြထားသည်။

လက်ရှိအစိုးရက ပြီးခဲ့သည့်စီမံ ကိန်းများအပေါ် အခြေခံပြီး ပြည်သူလူထု နစ်နာဆုံးရှုံးများကို ပြန်လည်ဖြည့်ဆည်း ပေးလျက်ရှိရာ ဒေသခံတောင်သူများက သီးနှံလျော်ကြေးနှင့် မြေယာလျော်ကြေး ရရှိရန် မျှော်လင့်လျက်ရှိကြောင်း ၎င်းက မေးမြန်းထားသည်။

ထားဝယ်- သရက်ချောင်းလမ်းပိုင်းအတွက် သိမ်းဆည်းခံရလယ်ယာမြေများကိုမူ မြေယာလျော်ကြေးငွေ ပေးမည်ဖြစ် ပြီး သရက်ချောင်း-သမုတ်လမ်းပိုင်း အတွက်မူ မြေပြန်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုး က ယခုနှစ်ဆန်းပိုင်းတွင် ပြောဆိုခဲ့ဖူး သည်။

ကိုဇော်