လမိုင်း လေလံစုမဲကိစ္စ ဖမ်းဆီးခံထားရသူများအရေး ဖြေရှင်းပေးရန် လွှတ်တော်ထံ တိုင်ကြား

0
669

မွန်ပြည်နယ်၊ လမိုင်းမြို့တွင် ဖြစ်ပွား ခဲ့သည့် အွန်လိုင်းငွေစု လေလံမဲကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီး တရားစွဲခံထားရ သူများ အမှုကြန့်ကြာနေသည့်အပေါ် ကူညီ ဖြေရှင်းပေးရန် စုမဲထည့်သူတို့က ဇူလိုင် လ ၂၂ ရက်က မွန်ပြည်နယ်လွှတ်တော်ထံ တိုင်ကြားခဲ့သည်။

လမိုင်းမြို့တွင် မေလ ၂၁ ရက်က ငွေစုလေလံမဲလုပ်ကိုင်သူတစ်ဦးဖြစ်သည့် မခိုင်ယဉ်မွန်မှ ငွေထုတ်ပေးရမည်ကို ထုတ်မပေးနိုင်သည်မှစပြီး လူစုလူဝေး ဖြစ်လာကာ မေလ ၂၂ ရက်တွင် ငွေစု လုပ်ကိုင်သူ မခိုင်ယဉ်မွန်တို့ လင်မယား နှစ်ဦးကို ၀ိုင်းဝန်း ရိုက်နှက်ကြသည့် အပြင် အိမ်ကို ၀င်ရောက်လုယက်ဖျက်ဆီး သည်အထိ လုပ်ဆောင်လာသည့်အတွက် ရဲတပ်ဖွဲ့ကပါ လုံခြုံရေးယူခဲ့ရသည်။

ယင်းနောက် စုမဲလုပ်သူ မခိုင်ယဉ်မွန် တို့ လင်မယားကို စုမဲထည့်အစုအဖွဲ့တို့က အမှုဖွင့်ခဲ့ကြသကဲ့သို့ မခိုင်ယဉ်မွန်ကလည်း ၎င်း၏နေအိမ်နှင့် မိဘဆွေမျိုးများ နေအိမ်အား ဖျက်စီးသူ ပစ္စည်းလုယက်သူ များကိုလည်း အမှုဖွင့်ထားခဲ့သည်။

လက်ရှိတွင် နေအိမ်ဖျက်ဆီးလုယက် ရာတွင် ပါဝင်သူများဟုဆိုကာ ၁၃ ဦးကို ဖမ်းဆီး တရားစွဲဆိုထားသည်။

စုမဲထည့်သူများအနေနှင့် ငွေကြေးများ ဆုံးရှုံးခံနေရသည့်အပြင် ပုဒ်မတပ်ပြီး စုမဲထည့်သူများကို ဖမ်းဆီးချုပ်နှောင် တရားစွဲနေသည်ကိုလည်း ကြောက်ရွံ့နေ ရကြောင်း တိုင်ကြားသူတချို့က ပြောသည်။

“ကျွန်မတို့ ပြည်သူတွေကို ဓားပြမှုနဲ့ ဖမ်းထားတယ်။ ဒါကို ဘယ်လိုဖြေရှင်းမလဲ အကူအညီတောင်းချင်တယ်”ဟု တိုင်ကြား သူတစ်ဦးဖြစ်သည့် မညိုမီဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများ အမှုလျှော့ပေါ့ ပေးမည်ဟုဆိုကာ သက်ဆိုင်ရာရဲတပ်ဖွဲ့ တို့က ငွေကြေးတောင်းခံမှုလည်း ရှိနေ သည်ဟု ဖမ်းဆီးခံရသည့် မိသားစုဝင်တို့က ပြောသည်။

“အမှုလျှော့ပေါ့အောင်ဆိုပြီး ရဲတပ်သား တွေကနေ ငွေ ၂ သိန်း ၃ သိန်း ရှာခိုင်း တယ်။ ကျွန်မတို့က တစ်နေ့လုပ်တစ် နေ့စားဆိုတော့ ပေးဖို့မရှိလို့ မပေးခဲ့ဘူး”ဟု အသက် ၁၅ နှစ်အရွယ်သားနှင့် ခင်ပွန်း ဖြစ်သူ ဖမ်းဆီးခံထားရသည့် ဒေါ်အေးအေး နွယ်က ပြောသည်။

ဖမ်းဆီး တရားစွဲဆိုထားရသည့် လူ ၁၃ ဦးသည် ယခုဆိုလျှင် ရက်ပေါင်း ၅၀ ကျော်ရှိလာပြီး ဖြစ်သော်လည်း ရုံးချိန်းသာချိန်းပြီး အမှုစစ်ဆေးခြင်းမရှိ ကြောင်း ဖမ်းခံထားရသူတို့၏ မိသားစုဝင် အချို့က ဆိုသည်။

ယင်းကြောင့် အမှုမှန် အမြန်ပေါ် ပေါက်အောင် ကူညီစေလိုကြောင်း ဖမ်းဆီး ခံရသူတို့၏ မိသားစုဝင်တို့က ပြောသည်။

တိုင်ကြားသူတို့၏ ပြောကြားချက် အရ ဖမ်းဆီးခံထားရသူများထဲတွင် တချို့က အမှုနှင့် မသက်ဆိုင်သူများပါရှိနေပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့တို့မှ ငွေကြေးတောင်း ခံမှုများလည်းရှိနေသည်ဟု မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ များ လေ့လာသုံးသပ်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။

“တိုင်ကြားစာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်မှာ အုပ်ချုပ် ရေးပိုင်းဆိုင်ရာ၊ တရားစီရင်ပိုင်းဆိုင်ရာ ၀င်ရောက်စွက်ဖက်ခွင့် မရှိဘူး။ ဒါပေမယ့် ပေါင်းစပ်ညိနှိုင်းပြီး အဖြေရှာတဲ့အပိုင်း မျိုးတော့ရှိမယ်။ ဒါကြောင့် လွှတ်တော် ဥက္ကဋ္ဌကတစ်ဆင့် သက်ဆိုင်ရာ ပြည်နယ် အဆင့်တို့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်” ဟု ဦးအောင်ကျော်သူက ပြောသည်။

ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ညို ကမူ ရဲတပ်ဖွဲ့အနေဖြင့် ငွေကြေးတစ်စုံ တစ်ရာတောင်းခံခြင်းမရှိဘဲ လုပ်ထုံး လုပ်နည်းများအတိုင်းသာ လုပ်ဆောင် နေကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

ယဉ်စနိုင်း