အစိုးရဘတ်ဂျက်ဖြင့်ဆောက်သည့် အဆောက်အအုံအများစု မသန်စွမ်းလမ်း ထည့်မဆောက်သေး

0
542

တနင်္သာရီတိုင်းတွင် အစိုးရဘတ် ဂျက်ဖြင့် ဆောက်လုပ်သည့် အများနှင့် ဆိုင်သော အဆောင်အအုံအများစုတွင် မသန်စွမ်းများ အသုံးပြုနိုင်မည့် လမ်း၊ အမှတ်အသားများ ထည့်သွင်းဆောက် လုပ်ခြင်းမရှိသေးကြောင်း သက်ဆိုင်ရာ ဌာနအချို့ထံမှ သိရသည်။

စာသင်ကျောင်း၊ လမ်း၊ အပန်းဖြေ နေရာ စသဖြင့် အများနှင့်သက်ဆိုင်သော နေရာများတွင်  မသန်စွမ်းများ အသုံးပြု နိုင်သည့် လမ်းနှင့် အမှတ်အသားများ ထည့်သွင်းတည်ဆောက်ရန် တိုင်းအစိုးရ က ၂၀၁၈ ခုနှစ် အောက်တိုဘာလက ညွှန်ကြားထားသည်။

စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦး စီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ မြို့ပြ နှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနတို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစပြီး အထက်ပါ အတိုင်း ဆောက်လုပ်ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

တိုင်းအစိုးရမှ ယင်းသို့ညွှန်ကြားပြီး တစ်နှစ်နီးပါးအကြာ ဇူလိုင်လ ၂၅ ရက် က တိုင်းပညာရေးမှူးရုံး၊ အဆောက်အဦ ဦးစီးဌာနနှင့် တိုင်းလူငယ်ရေးရာ ကော်မတီ ကို ယင်းကိစ်္စမေးမြန်းခဲ့ရာ အများစုမှာ မသန်စွမ်းများ အသုံးပြုနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်နိုင်ခြင်း မရှိသေးကြောင်း ဖြေဆိုကြသည်။

အဆောက်အဦ ဦးစီးဌာနမှ တာဝန် ယူဆောက်လုပ်သည့် အဆောက်အအုံ များတွင် ဆေးရုံအဆောက် အအုံများကို သာမသန်စွမ်းများ အသုံးပြုနိုင်သည့် အဆောက်အအုံအဖြစ် ဆောက်လုပ် နေပြီး ကျန်အဆောက်အအုံများတွင်မူ ထည့်သွင်း ဆောက်လုပ်ခြင်း မရှိသေးကြောင်း ယင်း ဌာနဦးစီးအရာရှိ ဦးမြင့်ဦးက ပြောသည်။

စာသင်ကျောင်းများတွင်လည်း မသန်စွမ်းများ အသုံးပြုနိုင်သည့် အဆောက်အအုံဆောက်ရန် အခြေခံ ပညာ ဦးစီးဌာနမှ ရန်ပုံငွေနှင့် PB/BQ(အဆောက်အအုံဒီဇိုင်းနှင့် တွက် ချက်မှု) များ ပေးပို့ခြင်းမရှိသေးသော ကြောင့် ယခုဘဏ္ဍာနှစ်တွင် ယင်းအဆောက် အအုံများ ဆောက်လုပ်နိုင်ခြင်း မရှိသေး ကြောင်း ယင်းဌာန လက်ထောက်ညွှန်ကြား ရေးမှူး (ငွေစာရင်း) ဒေါ်စန်းစန်းက ပြောသည်။

စည်ပင်သာယာရေးအဖွဲ့တွင်လည်း ယင်းအဆောက်အအုံများ ဆောက်လုပ်မှု အားနည်းနေသေးသည်ကို လေ့လာသိရှိ ရကြောင်း မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီတွဲဖက်အတွင်းရေးမှူး ကိုဟိန်းထက်က ပြောသည်။

“အားလုံးကိုတော့ မသန်စွမ်းများ ပါအသုံးပြုနိုင်တဲ့ အဆောက်အအုံတွေ ဖြစ်စေချင်တယ်ပေါ့။ ဒါပေမယ့် အဆောက် အအုံ အားလုံးနဲ့ နေရာ အားလုံးမှာ အခုချိန်မှာတော့ မဖြစ်နိုင်သေးဘူးဆိုတဲ့ အနေအထား တစ်ခုကိုတော့ ချွင်းချက် အနေနဲ့ပေါ့။ ဒီထက်ပိုပြီးတော့ ကြိုးစား ရဦးမှာပေါ့” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း အစိုးရဌာနဆိုင်ရာ အချို့သည် အဆောက်အအုံများတွင် မသန်စွမ်းများပါ အသုံးပြုနိုင်ရန် ဆောင်ရွက်ရ မည်ဆိုသည့် အချက်ကို ယခင်ကထက် ထည့်သွင်းစဉ်းစားမှုမျိုး ရှိလာပြီဖြစ် ကြောင်း ကိုဟိန်းထက်က ပြောသည်။

တိုင်းအတွင်း မသန်စွမ်းများပါ အသုံးပြုနိုင်သည့် အဆောက်အအုံ ဆောက်လုပ်မှုကို စောင့်ကြည့်မည့် ပေါင်း စပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့နိုင်ရန် တိုင်းအစိုးရ က စီစဉ်နေသော်လည်း လက်ရှိတွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

ကျော်သူစိုး