ထန်းရည်ကို ယစ်မျိုးဥပဒေအတွင်း အကျုံးမ၀င်စေရေး ဥပဒေပြင်ပေးရန် လိုဟု ၀န်ကြီးချုပ် ပြော

0
1270

ထန်းရည်ကို ယစ်မျိုးဥပဒေအတွင်း အကျုံးမ၀င်စေရေး ဥပဒေပြင်ပေးရန်လို ကြောင်း တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။

ဒေသအတွင်း ဓလေ့တစ်ခုအနေဖြင့် သောက်သုံးနေကြသည့် ထန်းရည်မှာ တိုင်းဒေသကြီးလွှတ်တော်က ပြဋ္ဌာန်း လိုက်သည့် ယစ်မျိုးအခွန်ဥပဒေအတွင်း ပါသွားသည့်အတွက် အရေးယူဆောင် ရွက်နေရခြင်းဖြစ်ပြီး အဆိုပါဥပဒေကို ပြင်ဆင်ပေးရန်လိုကြောင်း ၎င်းက ဆိုသည်။

ဇူလိုင်လ ၂၂ ရက်က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ တတိယ (၁) နှစ် တာကာလ သတင်းစာရှင်းလင်းပွဲတွင် တနင်္သာရီအပတ်စဉ်၏ မေးမြန်းမှုအပေါ် ၀န်ကြီးချုပ်က အထက်ပါအတိုင်း ပြောဆို ခဲ့ခြင်းဖြစ်သည်။

လိုင်စင်လုပ်ခွင့်ရှိသော်လည်း အစိုးရ က ခွင့်မပြုခြင်း၊ အချိန်ကြန့်ကြာနေခြင်း တို့ကြောင့် လိုင်စင်မဲ့ဖြစ်နေသည့် ထန်း ရည်၊ အုတ်ဖုတ်လုပ်ငန်းအစရှိသည့် လုပ်ငန်းများကို မည်ကဲ့သို့ ကိုင်တွယ်ရန် ရှိကြောင်းကို တနင်္သာရီအပတ်စဉ်က မေးမြန်းခဲ့သည်။

 “အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ဖြစ်နိုင်မယ်ဆိုရင် လွှတ်တော်ဒုဥက္ကဋ္ဌ လည်းရှိနေတဲ့ အတွက် ဥပဒေကို နည်းနည်း လေး ပြန်ပြီးတော့ ပြင်ပေးလိုက်မယ်ဆို ရင်တော့ ဒါကအဆင်ပြေသွားနိုင်မယ် ပေါ့”ဟု ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်စိုးလည်း တက်ရောက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ယစ်မျိုးခွန် ဥပဒေတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ကြီးကြပ်လျက် မြို့နယ်အုပ်ချုပ်ရေးမှူး ပါဝင်သော လေလံရောင်းချရေးအဖွဲ့က သက်ဆိုင်ရာဒေသတွင် ဇယား(၂)ပါ ယစ်မျိုးလိုင်စင် အမျိုးအစားကို နှစ်စဉ် ဧပြီလတွင် လေလံတင်ရောင်းချရမည်ဟု ဖော်ပြထားသည်။

အဆိုပါ ယစ်မျိုးခွန်ဥပဒေ ဇယား(၂) တွင် ထန်းရည်၊ ဓနိရည်ကို ဆိုင်ဖွင့်၍ ဆိုင်ဥပစာအတွင်း သောက်သုံးရန်(သို့) ဥပစာပြင်ပသို့ ယူဆောင်ရန် လက်လီရောင်းချခွင့်လိုင်စင်(CFL-1)  အပါအ၀င် အခြားယစ်မျိုးလိုင်စင်အချို့ ပါဝင်သည်။

တိုင်းဒေသကြီးယစ်မျိုးခွန်ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် ထန်းရည် ရောင်းချခွင့် လေလံလိုင်စင်(CFL-1)ကို ထုတ်ပေးခဲ့ခြင်း မရှိပေ။

တိုင်းဒေသကြီးယစ်မျိုးခွန်ဥပဒေ ကြမ်းမှာ အခြေခံဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ  တိုင်း အစိုးရက ရေးဆွဲတင်သွင်းခွင့်ရှိသည့် ဥပဒေဖြစ်ပြီး ပုဒ်မအချို့ကို ပြင်ဆင်မည် ဆိုပါက အစိုးရဘက်မှ ပြင်ဆင်ရေးဆွဲပြီး တိုင်းလွှတ်တော်တွင် ဆွေးနွေးအတည်ပြု ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌဦးကြည်စိုးက ဆိုသည်။

တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေတွင် တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်အစိုးအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော အောက်ပါဥပဒေ ကြမ်းများကို လွှတ်တော်သို့ ပေးပို့၍ တင်သွင်းဆွေးနွေးဆုံးဖြတ်ရမည်ဟု ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းများစာရင်း တွင် တိုင်းဒေသကြီး အခွန်အကောက် ဆိုင်ရာဥပဒေကြမ်း(ယစ်မျိုးခွန်ဥပဒေ ကြမ်းအပါအ၀င်)၊ တိုင်းဒေသကြီး ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းနှင့် တိုင်းဒေသကြီး ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း တို့ ပါဝင်သည်။

ဥပဒေပါအချက်များကို လက်တွေ့ ကျင့်သုံးပြီး ပြည်သူများနှင့် ဌာနအတွက် အဆင်မပြေသည့် ပုဒ်မမျိုးကိုသာ ပြင် ဆင်သင့်ကြောင်း ဒုဥက္ကဋ္ဌဦးကြည်စိုးက ပြောသည်။

“ဒီလိုထန်းရည်ဆိုင်တွေကို အခွန် ရရှိဖို့အတွက် စနစ်တကျစီမံခန့်ခွဲသင့် တယ်။ ကျင့်သုံးမယ့်အပိုင်းကို ဦးစားပေး စေချင်တယ်”ဟု ဦးကြည်စိုးက ဆိုသည်။

ထန်းရည်ရောင်းချခွင့်အတွက် လေလံလိုင်စင်ပေးမည်ဆိုပါက လွတ်လပ် စွာရောင်းချခွင့်ရလာမည်ဖြစ်သည့်အ တွက် ထန်းရည်ရောင်းသူများအနေဖြင့် ပြုလုပ်ကြမည်သာဖြစ်ကြောင်း ထားဝယ် မြို့အ၀င်တစ်နေရာတွင် ထန်းရည်ရောင်းချ နေသည့် အသက် ၃၉ နှစ် အရွယ်အမျိုးသား တစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး ယစ်မျိုးခွန် ဥပဒေကို ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။

Dawei Watch