ဂန့်ဂေါ်တောင်ဘူတာ အ၀င်တံတား ဆောက်ပေးရန် အစီအစဉ်မရှိသေး

0
421

ရေဖြူမြို့နယ်ရှိ ကံပေါက်ဒေသရှိ ဂန့်ဂေါ်တောင်ဘူတာ အ၀င်တံတားကို ယခုဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးဘဲ လူသွား ပလက်ဖောင်းနှင့် ဘူတာစင်္ကြန်ကို ယခုနှစ်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။

ဇွန်လပထမအပတ်က ကျင်းပသည့် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်းက ယင်း ဘူတာအ၀င်လမ်းရှိ ပျက်စီးနေသည့် တံတားကို ပြန်ပြင်ပေးရန်၊ လူသွား ပလက်ဖောင်းနှင့် စင်္ကြန် တည်ဆောက် ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း မေးမြန်းခဲ့သည်။

ယင်းမေးခွန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနက ဇူလိုင်တတိယအပတ်တွင် စာဖြင့် ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဂန့်ဂေါ်တောင်ဘူတာ အ၀င်လမ်း တံတား ဆောက်လုပ်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေ သန်းကိုးရာကျော်ကို ယခုဘဏ္ဍာနှစ်အတွင်း ထည့်သွင်း တွက်ချက် ထားခြင်းမရှိသေးသဖြင့် ဆောင်ရွက်ပေး နိုင်ခြင်းမရှိသေးကြောင်း ယင်းဝန်ကြီးဌာန၏ ဖြေကြား ချက်တွင်ပါရှိသည်။

လူသွားပလက်ဖောင်းနှင့် စင်္ကြန်ဆောက်လုပ်ရန် အတွက်မူ မြန်မာ့မီးရထား ငွေလုံး၊ ငွေရင်း ရန်ပုံငွေ မှ ကျပ် ၁၂ သန်းကျော် သတ်မှတ်ထားပြီး ဖြစ်သောကြောင့် ယခုနှစ် စက်တင်ဘာလအတွင်း အပြီးတည် ဆောက်ပေးမည်ဖြစ်ကြောင်း ဖြေကြားထားသည်။

“တံတားကိစ္စက အောက်ကနေပြီး ကုန်ကျငွေ တွက်ချက်ပြီး တင်ပြပေးထားတာ မရှိသေးဘူးဆို တော့ ဒီဘဏ္ဍာနှစ်မှာလုပ်ဖို့ မမီတော့ဘူးပေါ့။ ပလက်ဖောင်းကတော့ အခြားဘူတာတွေမှာလည်း လုပ်နေကျဆိုတော့ သူတို့မှာ ပုံစံရှိပြီး သားလေ”ဟု ဦးဟန်ဝင်းသိန်းက ဆိုသည်။

ယခုဘဏ္ဍာနှစ်တွင် ဆောက်ပေးရန် အစီအစဉ် မရှိသေးသည့် တံတားမှာ အလျား ၁၀ ပေ ခန့်ရှိပြီး ယင်းတံတားတစ်စီးတည်းသာရှိသည့်အတွက် ပျက်စီးနေသော်လည်း အသုံးပြုနေရဆဲဖြစ်ကြောင်း ဦးဟန်ဝင်းသိန်းက ဆိုသည်။

Dawei Watch